Holy Ignorant and Holy wise

 ၂၅ ဇန် ၂၀၂၆


ဘုန်းကြီးတွေဟာ ဥပဒေ နားမလည်သင့်ဘူး၊ ဝိနည်းပဲ နားလည်သင့်တယ်ဆိုတဲ့ ဒကာ, ဒကာမတွေက အခိုင်အမာ ရှိတယ်။ 

ဘာလို့ အဲဒီလို ကန့်သတ်ချင်ရတာလဲဆိုရင် ရှေ့နေနဲ့ တရားသူကြီးတွေကို မုန်းတီးလို့ ဖြစ်လာတဲ့ ပြဿနာရယ်လို့ ယူဆရတာပဲ။ 

သို့သော်- အဲဒါကို နည်းနည်းလောက် သုံးသပ်။ 

===

ဟိုးအရင်က နယ်မြို့တမြို့မှာ စာပေကျွမ်းကျင် နှံ့စပ်တဲ့ ဆရာတော်တစ်ပါး ရှိတယ်။ တောဘက်ကို ဆိုင်ကယ်လေးနဲ့ သွား။ နေ့ခင်း ပြန်ခါနီးတော့ ဆိုင်ကယ်ပေါ် တက်တယ်။ 

ကပ္ပိယကို ပြော။ 

"ကဲ... ကျောင်းသားရေ, ငါတို့မှာ နာရီဝက်ပဲ အချိန်ရမယ်၊ မင်း မြို့ကို (၁၅) မိနစ်နဲ့ ရောက်အောင် အမြန်ဆုံး မောင်းကွာ"

ကပ္ပိယက အမြန်ဆုံး မောင်းတယ်။​

ဒီနေရာမှာ ဆရာတော်ရဲ့ အမိန့်အောက်မှာ ရူပဗေဒ (Physics) သဘောတရားတွေထဲက Laws of Motion တွေက သဘာဝကျကျ ဖြစ်ထွန်းလာတယ်။ 

အရှိန်မြန်လေလေ, လေတိုးအား များလေလေ။

ကိုယ်မှာ ရစ်ပတ်ထားတဲ့ သင်္ကန်းစက လျော့ရဲပြီး ဖရိုဖရဲ လွင့်ထွက်ဖို့ များလေလေ။ 

ဆိုင်ကယ်ပေါ်ကို တက်တုန်းက သင်္ကန်းကို သပ်သပ်ရပ်ရပ် ဝတ်ခဲ့ပေမယ့် ဇောနဲ့ တက်လိုက်တဲ့အခါ သင်္ကန်းကို ပြန်မသိမ်းမိဘူး။ 

အမြန်နှုန်းနဲ့ ပေါင်းလိုက်တဲ့အခါ သင်္ကန်းစဟာ တလွင့်လွင့် ဖြစ်လာတယ်။

အမြန်မောင်းပါလို့ ပြောလိုက်တဲ့အခါ ဆိုင်ကယ်ရဲ့ ဘီးကလည်း ပိုပြီး မြန်လာတယ်။ 

ဒီနေရာမှာ လွင့်နေတဲ့ သင်္ကန်းစကလည်း ဘီးကြားကို ညပ်သွားတယ်။ ဘီးကြားမှာ ညပ်တဲ့ သင်္ကန်းစဟာ အလိုအလျောက် ဝန်ချီစက်လို ဖြစ်သွားတယ်။ 

သင်္ကန်းစ တဖက်စွန်းမှာ ရှိတဲ့ ဆရာတော်ကလည်း ဝန်ချီစက်နဲ့ ပိုင်ပိုင်နိုင်နိုင် ကိုင်ထားတဲ့ ပစ္စည်းတစ်ခုလို ဖြစ်သွားတယ်။ 

လူတစ်ဦးက ဆင်ခြင်ဉာဏ်အသိနဲ့ ဆရာတော်ကို ညင်ညင်သာသာ ကိုင်တွယ်တာ မဟုတ်ဘူး။ 

ဆရာတော်ကိုယ်တိုင် ဖန်တီးထားတဲ့ အရှိန်ပါတဲ့ အားကောင်းမောင်းသန် လှုပ်ရှားမှုတစ်ခုက ဆွဲတင်လိုက်တာ။ 

ပြီးတော့ မြေကြီးပေါ်ကို ဆွဲကိုင်ရိုက်လိုက်တယ်။ 

ဆရာတော်ဟာ ဝိနည်းတတ်ပါတယ်။ 

သို့သော် "ရူပဗေဒ"ငရဲကို ရောက်သွားတယ်။​

အရှိန်ရဲ့ နိယာမ (Laws of Motion) ဟာ ဆရာတော်ရဲ့ သီလ, သမာဓိ, ပညာကို နားမလည်ခဲ့ဘူး။ (နောက်လည်း နားလည်မှာ မဟုတ်ဘူး) 

ဒီတော့ အရှိန်နှုန်းဟာ ဆရာတော်ရဲ့ သီလ, သမာဓိ, ပညာပြည့်စုံနေသည့်တိုင် ရူပဗေဒနိယာမတွေကို လိုက်နာပြီး ရူပဗေဒငရဲကို ပို့လိုက်ပါတယ်။ 

ဆရာတော်ရဲ့ မျက်နှာက ထိခိုက်တယ်။ အရေပြားတွေ စုတ်သွားတယ်။ နှာခေါင်းရိုး ကျိုးတယ်။ ညှပ်ရိုးကြိုးတယ်။ နံရိုးက ဘယ်နှစ်ချောင်းလဲမသိ ကျိုးတယ်။ 

ပြန်လည်ပြီး ကုစားလို့ ရလိုက်ပါတယ်။ ဒါပေမယ့် အတော်လေး လန့်သွားတယ်။ 

နောက်ဆို ဖြေးဖြေးပဲ မောင်းခိုင်းပါတော့မယ်လို့ ဖြစ်သွားတယ်။ 

ရူပဗေဒကိုယ်တိုင် ဥပဒေဖြစ်ပြီး အဲဒီဥပဒေကို နားမလည်ရင် ရူပဗေဒ ငရဲကို ရောက်တတ်ပါတယ်။​

===

ဆရာတော်တစ်ပါးကျတော့ အမြန်လမ်းမှာ အခြားမြို့တစ်ခုမှာ နီးကပ်နေပြီဖြစ်တဲ့ ပွဲတစ်ခုကို မီဖို့ ယာဉ််မောင်းကို အပြင်းမောင်းခိုင်းတယ်။ 

ဆရာတော်က ရူပဗေဒနိယာမတွေကို အသုံးပြုပြီး အရှိန်တွေကို အမြန်ဆုံး အတင်ခိုင်းလိုက်တယ်ပေါ့။ 

ကားသမားရဲ့ အပြောအရ- အမြန်လမ်းရဲ့ ကွေ့ယောင်ယောင် နေရာလေးတစ်ခုမှာ ဒက်ရှ်ဘုတ်က ပစ္စည်းတစ်ခုကို လှမ်းယူတယ်လို့ ဆိုတယ်။ မမီလို့ ခါးပတ်ကို ဖြုတ်လိုက်ပါသေးသတဲ့။ လှမ်းယူတဲ့အချိန် ယာဉ်မောင်းတဲ့ ကပ္ပိယက လမ်းကို မကြည့်ဘဲ ပစ္စည်းကို ကြည့်ပြီး ယူပေးလိုက်ပါသတဲ့။ 

အဲဒီအချိန်လေးမှာပဲ အမြန်ဆုံး ဖြစ်ပျက်သွားတာ။ 

အမြန်ဆုံး ဖြစ်ပျက်နေတဲ့ ရူပဗေဒ နိယာမတွေအရ ကွေ့ရမယ့်နေရာကို မကွေ့လိုက်နိုင်တဲ့ခါ အရှိန်နဲ့ ကွေ့လိုက်ရတယ်။ မမီဘဲ တောင်ပူစာလေးရဲ့ နံရံကို ပွတ်သွားတယ်။ အဲဒီကနေ လဲပြိုပြီး ကားက တစောင်းဖြစ်သွားတယ်။ ဆရာတော်ရဲ့ ဘက်ခြမ်းက အောက်မှာ ရောက်ပြီး အပြင်းထန်ဆုံး ထိခိုက်တယ်။ 

ဆရာတော်ကလည်း ပျံတော်မူသွားတယ်။ 

အဲဒါကိုလည်း အမည်တပ်။ 

"ရူပဗေဒငရဲ" ဖြစ်ပါတယ်။​

ရူပဗေဒ ဥပဒေတွေကို မလိုက်နာရင် ကျရတဲ့ လက်တွေ့ငရဲတစ်ခုလို့ ဆိုပါစို့။ 

===

မော်တော်ယာဉ် ဥပဒေဆိုတာကလည်း ရူပဗေဒငရဲကို မရောက်ရအောင် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေလို့ ဆိုနိုင်တယ်။ 

ပြစ်ဒဏ်သတ်မှတ်တဲ့အခါ ရူပဗေဒငရဲထက် မလွန်တဲ့ ပြစ်မှုတွေကိုပဲ သတ်မှတ်ရမြဲ ဖြစ်တယ်။ 

ရူပဗေဒ ငရဲက အလွန်ဆုံးမှ ဆူးခက် ခြစ်မိရုံလောက်ပဲ ဖြစ်လောက်မယ့် အနေအထားမှာ ဥပဒေပြစ်ဒဏ်က "သေဒဏ်" မျိုး သွားလုပ်လို့ မရဘူး။ 

တကယ်သင့်ရောက်မယ့် ဘေးဒဏ်က နည်းနည်းပဲ ဖြစ်မယ့်အနေအထားမှာ ပြစ်မှု, ပြစ်ဒဏ်ကလည်း ပိုပြီး နည်းရတဲ့ သဘောပဲ။ 

ရူပဗေဒ သက်ရောက်နိုင်ခြေက ဆူးခက် ခြစ်မိရုံမှာ ပြစ်မှု ပြစ်ဒဏ်က "သေဒဏ်"ဆိုရင် မတရားဥပဒေလို့ ဆိုရတယ်။​

မတရားတဲ့ ဥပဒေတွအကြောင်းကိုလည်း နားလည်သင့်တာပဲ။

ဘာလို့လဲ-ဆိုရင် လူလုပ်ဝဋ်ကြွေးတွေကို ဖန်တီးတတ်တာမို့လို့။ 

===

ပြန်ကောက်ကြစို့။

ဒကာ, ဒကာမတို့ဟာ ရှေ့နေ, တရားသူကြီးတို့ကို စက်ဆုတ်လို့ ဘုန်းကြီးတွေဆီက ဥပဒေစကားသံ မကြားချင်ဘူး။ 

ဝိနည်းကို လေးစားစွာ လိုက်နာတဲ့ ဆရာတော်တွေအဖြစ် ရိုသေစွာ ဦးခိုက်ချင်ကြတယ်။ 

သို့သော်- ခင်ဗျားတို့နဲ့ ခင်ဗျားတို့ဆရာတော်တွေကသာ ဝိနည်း သုတ္တံ အဘိဓမ္မာကို နားလည်မယ်။ လေးစားရမှန်း သိမယ်။ 

ရူပဗေဒ သဘောတရားတွေကတော့ အဲဒါတွေကို နားမလည်ဘူး။ 

ဆရာတော်ကြီးက အရှိန်တင်သလား? 

ရူပဗေဒစည်းမျဉ်းတွေကို မှားယွင်းစွာ သုံးသလား? 

"ဪ... ဆရာတော်ကြီးဟာ စေတနာနဲ့ အမြန်နှုန်း တင်ပြီး မောင်းခိုင်းခဲ့ရှာတာပါလေ"ရယ်လို့ ခွင့်လွှတ်ရမှန်း သိမှာ မဟုတ်ဘူး။ 

လွန်လွန်းရင်-

"အုန်း"

"ဒိုင်း"

"အင့်"ပဲ သက်ရောက်ပေးမှာ ဖြစ်ပါတယ်။ 

====

ကဲ...

ချုပ်။ 

ဝိနည်းပဲလား? 

ဝီနည်းလောက်ဆို ရပြီလား? 

ဆွေးနွေးဖို့ပါ။ 

ထောက်ထားပြီး ဆွေးနွေးဖို့ အချက်တစ်ခု။

၂၀၂၀ ခုနှစ်မှာ အသစ်ပြဋ္ဌာန်းခဲ့တဲ့ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၇၅ (ဍ)  "ခါးပတ်ပတ်ပါ"ဆိုတဲ့ သိက္ခာပုဒ်ဟာ ဝိနည်းပိဋက, ဘယ်ကျမ်းမှာ ပါပါသလဲ?

===

ငရဲက စေတနာကောင်းကို အသိအမှတ် ပြုပြီး သက်ညှာပါတယ်။ စေတနာကောင်းဟာ အမြဲတမ်း အရေးကြီးတယ်။ 

ရူပဗေဒ ငရဲကျတော့ စေတနာကောင်းကို စိတ်မဝင်စားပါ။​ 

တခါတလေ ဥပဒေ နားမလည်တာက ဘေးထွက်ဆိုးကျိုးတွေကို အများကြီး ဖြစ်စေတတ်တယ်လို့ ဆိုချင်ပါရဲ့။ 

Holy ignorance ကို အားမပေး,

Holy Wise ကိုသာ အားပေးကြဖို့ပါ။

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်