ဆင်းရဲသားတို့အပျော်

 ၁၆ မတ် ၂၀၂၆


လီယို တော်စ်တွိုင်းရဲ့ စစ်နဲ့ ငြိမ်းချမ်းရေး ဝတ္ထုကြီးထဲမှာ။ 


အန်ဒရေနဲ့ ပီယာ-တို့ ငြင်းကြတဲ့ အခန်းဟာ စိတ်ဝင်စားစရာ ကောင်းတယ်။ 


(မြသန်းတင့်ဘာသာပြန် အခန်း ၅ အပိုင်း ၁၁)


===


ပီယာက ပြောတယ်။ 


အရင်တုန်းက သူဟာ ကိုယ်တွက်ချည်းပဲ လုပ်ပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စားခဲ့ဖူးတယ်တဲ့။ 


အဲဒီတုန်းက ပျော်ရွှင်မှုဆိုတာကို မရခဲ့ဖူးဘူးတဲ့။ 


အခု အများအကျိုးတွေကို ဆောင်ရွက်တော့မှပဲ တကယ့်ပျော်ရွှင်မှုအစစ်ကို ရတော့တယ်တဲ့။ 


အန်ဒရေက အဲဒါကို ငြင်းတယ်။ 


သူကတော့ အဲဒါကို လက်မခံဘူးတဲ့၊ အများအကျိုး ဆောင်ရွက်သူတွေဟာ ဂုဏ်ကြီးမှု, ဘုန်းကံကြီးမှုကို မက်မောလို့ လုပ်ကြတာ များတယ်တဲ့၊ သူလည်း တခါတုန်းက မျက်စိလည် လမ်းမှားပြီး အများအကျိုးတွေကို လျှောက်လုပ်ဖူးတယ်တဲ့၊ ပျက်စီးခြင်းမလှ ပျက်စီးပြီး စိတ်ဆင်းရဲခဲ့ရတာပဲတဲ့၊ အခု ကိုယ့်တွက်ကိုယ်ပဲ လုပ်ပြီး စိတ်ချမ်းသာရာ အစစ်အမှန်ကို ခုမှ ရတော့တယ်တဲ့။ 


ပီယာက ထပ်ငြင်းတယ်။ 

ခင်ဗျားမိသားစုအတွက်ကျတော့ မလုပ်တော့ဘူးလားတဲ့။ 


အန်ဒရေက ပြော။

ကျွန်တော့်မိသားစုကလည်း ကျွန်တော်ပဲလေ၊ တခြားသူမှ မဟုတ်တာ။ မိသားစုအတွက် လုပ်တာက အမှားမဟုတ်ဘူး၊ ခင်ဗျားနဲ့ ကျွန်တော့်အမ မေရီတို့ လုပ်ကြတဲ့ အိမ်နီးချင်းတို့, အများတို့ ပါလာပြီဆိုရင် အဲဒါ အမှားတကာတို့ရဲ့ ရေသောက်မြစ်ပဲ-တဲ့။ 

ခင်ဗျားက အဲဒီအမှားတွေကို ကျူးလွန်ပြီး တောင်သူလယ်သမားဆိုတဲ့သူတွေကို ဇိကုပ်ပြီး နတ်ပြည်တင်နေချင်သေးတယ်တဲ့။ 


ပီယာက ထပ်ပြော။ 

သူတို့ဟာ ကုသိုလ်နည်းလို့ မွဲတေ, ပညာမဲ့ပြီး လူဖြစ်လာရတာ၊ သူတို့ကို ကူညီပြီး ကျွန်ဘဝ လွတ်အောင်, ပညာတတ်အောင်, ဘာသာတရားကို နားလည်အောင် လုပ်ပေးတာက မှားသလား-တဲ့။ 


အန်ဒရေက ပြော။ 

ခင်ဗျားက ကျောင်းတွေဖွင့်ပေးချင်တယ်, လူတွေကို ပညာတတ်အောင် လုပ်ရမယ်လို့ ပြောတယ်၊ ခင်ဗျားက သူတို့ရဲ့ လက်ရှိ အဟိတ်တိရစ္ဆာန်အသိဉာဏ်ကို မြှင့်တင်ပေးချင်နေတာပဲ၊ ဒါပေမယ့် မကောင်းဘူးဗျ။


အခု လယ်သမားတွေဟာ တိရစ္ဆာန်လိုမျိုး ရောင့်ရဲစွာ ပျော်ရွှင်နေကြတယ်ဆိုရင် တိရစ္ဆာန်လောက်ပဲ ရှိတဲ့ အသိဉာဏ်ကြောင့် ရိုးရိုးရှင်းရှင်း ပျော်ရွှင်နေနိုင်ကြတယ်ဗျ၊ ခင်ဗျားတို့,ကျွန်တော်တို့လို ပညာတတ်သွားပြီဆိုရင် အဲဒီလူတွေဟာ တိရစ္ဆာန်လို ရိုးရှင်းတဲ့ ပျော်ရွှင်မှုကို ဆုံးရှုံးလိုက်ရတော့မှာ။ 


ကျွန်တော်ကတော့ သူတို့လို အဟိတ်တိရစ္ဆာန် အသိဉာဏ်မဲ့ လွတ်လပ်တဲ့ အပျော်မျိုးကို သဘောကျတယ်၊ ဒါပေမယ့် ကျွန်တော်တတ်ထားတဲ့ ပညာက ခွင့်မပြုဘူးဗျ၊ ကျွန်တော်ဆိုရင် ည ၂-နာရီမှ အိပ်ပျော်တယ်၊ တောင်စဉ်းစား မြောက်စဉ်းစား စဉ်းစားတယ်။


ခင်ဗျား ကျောင်းတွေ ဖွင့်ပေးမယ်ဆိုတာက သူတို့ကို အဟိတ်တိရစ္ဆာန်လို ပျော်ရွှင်မှုမျိုးကို လက်လွတ်သွားအောင် ဒုက္ခတွင်းထဲ တွန်းပို့ချင်တာပဲ။ 


ပြီးတော့ ဆေးခန်းဖွင့်ပေးချင်သေးတယ်။ 

သေမယ့်သူက သေကို သေမှာဗျ၊ နာတာရှည် ဒုက္ခသည်ကို ခင်ဗျားက မရရအောင် ၁၀-နှစ်လောက် ဆွဲဆန့်ထားရင် သူ့ခမျာ ၁၀-နှစ်လောက် ဒုက္ခခံနေရမှာ၊ မြန်မြန် သေသွားရင် သူ့အတွက် အေးတာပဲ မဟုတ်ဘူးလား။


ပီယာက ပြော။ 

ခင်ဗျား အယူအဆတွေက ကြောက်စရာ ကောင်းနေပြီ။ ကျွန်တော်တုန်းက အဲဒီလို အယူအဆတွေ ပေါ်လာပြီဆိုရင် စိတ်ရှုပ်ပြီး ကိုယ်လက်သန့်စင်တောင် မလုပ်ချင်တော့ဘူး။ 


အန်ဒရေ။​

ကိုယ်လက်သန့်စင်တော့ လုပ်ရမှာပေါ့ဗျာ၊ သူများအတွက် မလုပ်ရဘူးလို့ပဲ ပြောတာ၊ လူဆိုတာ ကိုယ့်အတွက် ကိုယ် သာယာအောင် နေရမယ်ဗျာ၊ ကျွန်တော် လူဖြစ်လာတယ်ဆိုတာ ကျွန်တော့်အပြစ်မှ မဟုတ်ဘဲ၊ သူ့အကြောင်းတရားနဲ့သူ ဖြစ်လာတဲ့ဥစ္စာ၊ သူတပါးကို မထိခိုက်ဘဲ ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် အပျော်ဆုံးဖြစ်အောင် နေထိုင်သွားမယ်။ 


===


ပီယာ။

"ဒီအယူအဆကြီး ခင်ဗျားခေါင်းထဲ ဝင်နေရင် ဘယ်ရည်ရွယ်ချက်နဲ့ အသက်ဆက်ရှင်နေရဦးမလဲ၊ လူ့တာဝန်တွေကို ထမ်းဆောင်လိုခြင်းလည်း မရှိ၊ တက်ကြွခြင်းလည်း မရှိ"


အန်ဒရေ။

"ခက်တယ်ဗျာ၊ လူ့ဘဝကြီးက တော်တော်ရှုပ်တယ်၊ ကျွန်တော်လည်း ငြိမ်းငြိမ်းချမ်းချမ်း နေချင်တာပဲ၊ ကျွန်တော်သာ ဘာမှ မလုပ်ရရင် ဝမ်းသာမှာပဲ၊ ဒီနယ်မှာ ရှိတဲ့ နယ်စား, မြို့စားတွေက ကျွန်တော့်ကို နာယက တင်မြှောက်ကြပြန်ပြီ၊ ဟိုအဖွဲ့ထဲမှာ ခေါင်းဆောင် ဆွဲထည့်ကြပြန်ပြီ၊ တခါတလေ အရွဲ့တိုက်ပစ်လိုက်မှပဲ ဒီလိုပြဿနာတွေ အေးတော့တယ်။

သူတို့တွေက ကျုပ်မှာ စိတ်နှလုံးကောင်း, ဟိတ်ဟန်များ, ဆင်ခြင်တုံနည်း, ကိုယ်ပိုင်ဉာဏ်မဲ့-စတဲ့ နာယကဂုဏ်တွေ မရှိမှန်း မသိကြဘူးဗျာ။


အေးအေးနေချင်တော့လည်း မနေရသေးဘူး၊ အေးအေးနေလို့ရအောင် အိမ်ဆောက်ရသေးတယ်ဗျာ၊ လူ့ဘဝကြီးဟာ မငြိမ်းချမ်းမှုကို ပြနေတာပဲ"


===


အန်ဒရေက စာသင်ပေး, ပညာသင်ပေး, လောကကျိုးပြု-ဆိုတဲ့သူတွေကို အလွန်မျက်မုန်းကျိုးတယ်လို့ ဆိုကြပါစို့။ 


ပညာဆိုတာ ရိုးရှင်းသော အပျော်ကို အဆိပ်ခတ်တာ ဖြစ်သတဲ့။ 


မွေးဖွားလာတက ကိုယ့်အပြစ် မဟုတ်သလို သေသွားတာကလည်း သဘာဝပဲတဲ့။ 


သေမယ့် ဒုက္ခိတ နာတာရှည်ကို ဆေးကုပြီး ဆွဲဆန့်မထားသင့်ဘူးတဲ့။ 


===


ဒီနေရာမှာ "ပညာနဲ့ အပျော်"မှာ ဘယ်ဒင်းက ပိုပြီး အရေးပါတယ်ဆိုတာကို ငြင်းကြတဲ့ ပညာရှင်တွေလည်း ရှိကြပြန်သေးသပေါ့။ 


အန်ဒရေက လူတွေကို တိရစ္ဆာန်လို ပျော်စေချင်လို့ ပညာမတတ်စေချင်တာ။


ကိုယ်တို့ ဆက်ဆွေးနွေးသင့်တဲ့ ပြဿနာ။ 

ပညာမတတ်တာက အပျော်ကို အာမခံချက် ပေးနိုင်ရဲ့လား-ဆိုတာ။ 



Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်