ဗင်နီဇွဲလားနှင့် အိမ်နီးချင်းများ
၅ ဇန် ၂၀၂၆
မာဒူရိုကိစ္စကို ကုလသမဂ္ဂက စိုးရိမ်တဲ့ အကြောင်းတွေ။
အာဏာရှင်မရှိတော့ရင် မင်းမဲ့တိုင်းပြည် ဖြစ်သွားနိုင်လို့တဲ့။
အဲဒါမျိုး မဖြစ်စေချင်လို့-တဲ့။
နောက်တစ်ခုက အတုခိုးကြမှာ စိုးတာတဲ့။
“အမေရိကန်တောင် လုပ်သေးတာပဲကွာ”ဆိုပြီး တရုတ်တို့, ရပ်ရှားတို့ကလည်း သူတို့မကြိုက်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဝင်ဖမ်းတဲ့ လုပ်ငန်းတွေကို လုပ်ကြမှာ စိုးတယ်တဲ့။
အမေရိကန်ဆိုရင် ကျူးကျော်လို့ရတယ်ဆိုပြီး ဓလေ့ကြီး ဖြစ်သွားမှာလည်း စိုးတယ်တဲ့။
===
ပနားမားမှာ ဖြစ်ဖူးတယ်။
၁၉၈၉-ခု သမ္မတ ဂျော့ချ် အိတ်ချ် ဒဗလျူ ဘုရှ် လက်ထက်မှာ ပနားမားကို အမေရိကန်က တပ်သား (၂၇,၀၀၀) နဲ့ ဝင်တိုက်တယ်။ ပနားမား သမ္မတ မန်နူရယ် နိုရီဂါကို ဖမ်းတယ်။ အမေရိကန်မှာ ထောင်ချတယ်။
ကုလသမဂ္ဂက မဲခွဲတယ်။ (၇၅) မဲ (၂၀) မဲနဲ့ ရှုံ့ချခံရတယ်။
အမေရိကန်ကို အရေးယူမယ်လုပ်တော့ ဗီတိုနဲ့ ပယ်ချတယ်။
ကုလသမဂ္ဂက ဘာမှ ဆက်လုပ်လို့မရတော့ဘူး။
နောက်တော့ အမေရိကန်က ပနားမားစစ်တပ်ကို လုံးဝ ဖျက်ပစ်လိုက်တယ်။ ရဲပဲ ထားတယ်။ ရွေးကောက်ခံ ဒီမိုကရေစီစနစ်နဲ့ သွားတယ်။ ဒေါ်လာကိုင်တယ်။
နိုင်ငံက တိုးတက်သွားတယ်။ အမေရိကန်ရဲ့ အနောက်ပိုင်း စင်ကာပူနိုင်ငံလို့ ဆိုရမှာပေါ့။
အမေရိကန် လုပ်တာတွေ မှန်သမျှ အကုန်လုပ်တယ်။
အမေရိကန် လုပ်တဲ့အတိုင်း မလုပ်တာ (သူလုပ်ချင်တာ လုပ်တာ) ဆိုလို့ ငွေကြေး ခဝါချမှုပဲ။ ငွေကြေးခဝါချမှုကို အကြီးအကျယ် လုပ်တယ်။
အဲဒီနားက မူးယစ်ဆေးဝါးဂိုဏ်းမှန်သမျှ ပနားမားမှာ ခဝါချလို့ ရတယ်။
“ခဝါချတယ်”ဆိုတာက (၁၉၃၀) ဝန်းကျင် အမေရိကန်မှာ လူဆိုးကြီး အယ်လ်ကပုန်း (ဦးနုရဲ့ မိတ္တဗလဋီကာစာအုပ်ထဲမှာ ပါတဲ့ လူဆိုးကြီး အယ်လ်ကပုန်း) တို့ကာလတွေတုန်းက တရားမဝင် စီးပွါးရှာတဲ့ ငွေကြေးတွေ ရလာတယ်ဆိုရင် လုပ်တဲဲ့ နည်းလမ်း။
လမ်းဘေး အဝတ်လျှော်ဆိုင်တွေ ဖွင့်တယ်။
တစ်နေ့ကို (၁) ထည်ပဲ လျှော်ရတယ်ဆိုရင် “အထည် (၁၀၀) လျှော်ရ”ဆိုပြီး ပိုက်ဆံတွေကို ပိုသွင်းတယ်။ ပိုသွင်းတဲ့ ပိုက်ဆံတွေက မူးယစ်ပိုက်ဆံမျိုး တရားမဝင် ပိုက်ဆံတွေ။ ငွေဖြူဖြစ်သွားမယ့် ပိုက်ဆံတွေ။
ပနားမားမှာ လုပ်တဲ့ ငွေကြေးခဝါချပုံတွေက အလွန်ရှုပ်ထွေးတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက မူးယစ်ခေါင်းဆောင်တွေ, အမေရိကန် ဒဏ်ခတ်ထားတဲ့ အီရန်နဲ့ ဆူဒန်လို နိုင်ငံမျိုးတွေက ငွေကြေးတွေကို ခဝါချပေးတယ်။
(၂၀၁၂) တုန်းက ပနားမားရဲ့ HSBC ဘဏ်ကြီးက ငွေကြေးခဝါချရာမှာ အကြီးအကျယ် ကူညီတာကို အမေရိကန်က “မိ”တယ်။
မိတော့ ဒီဘဏ်ကို အမေရိကန် တရားရေးဌာနက (၁.၉) ဘီလျံ ဒဏ်ရိုက်တယ်။ ဘဏ်ထဲက ကြီး/ငယ် ဝန်ထမ်း တစ်ယောက်ကိုမှ ထောင်မချဘူး။
၁.၉ - ဘီလျံ-ဆိုတာက ဘဏ်ရဲ့ တစ်လစာ ဝင်ငွေပဲ ရှိပါတယ်တဲ့။
အမေရိကန် တရားရေးဌာန စဉ်းစားတာက ဒီဘဏ်ကို ဖျက်သိမ်းလိုက်ရင် ကမ္ဘာ့စီးပွါးရေးစနစ်ကြီးပါ ပြိုလဲသွားနိုင်တယ်တဲ့။ ဒါ့ကြောင့်ပါ-တဲ့။
“တရား”ဆိုတာ “မျှတတယ်”ဆိုတာကို အံ့ဩကြရတဲ့ ဖြစ်စဉ်တွေထဲက တစ်ခုဆိုပါစို့။
၂၀၁၆-မှာတော့ Suddeutsche Zeitung ဆိုတဲ့ ဂျာမန်သတင်းစာတိုက်ကို စာရွက်စာတမ်းပေါင်း (၁၁) သန်းခွဲကို ပို့ပေးလိုက်တယ်။
ပနားမားမှာ ခဝါချထားတဲ့ ငွေကြေးပိုင်ရှင်တွေစာရင်းတွေ။ တစ်ကမ္ဘာလုံး တုန်လှုပ်သွားတယ်။ အိုက်စလန်ဝန်ကြီးချုပ်ကလည်း စာရင်းထဲမှာ ပါနေလို့ လူထုက စိတ်ဆိုးပြီး ဆန္ဒပြပွဲတွေ ဖြစ်တယ်။ နှုတ်ထွက်ပေးလိုက်ရတယ်။
အခြားအခြားတွေလည်း နာမည်ပျက််မှုတွေ အသီးအသီး ရှိခဲ့ပေမယ့် အရေပြားထူရင်း ဆက်သွားခဲ့ကြတယ်ဆိုပါစို့။
===
မာဒူရိုလက်ထက် ဗင်နီဇွဲလားမှာ တရုတ်, ရပ်ရှား, တူရကီ, အီရန်တို့က အကျိုးအမြတ်တွေ ရနေခဲ့တယ်။
ကိုလံဘီယာလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်တဲ့ ELN နဲ့ FARC တို့ကို မာဒူရရိုက ဗင်နီဇွဲလားမှာ နေရာပေးထားတယ်။ ကိုလံဘီယာအစိုးရက သူတို့ကို လိုက်တိုက်ရင် ဗင်နီဇွဲလားထဲ ဝင်ပြေးတယ်။ ဒီလက်နက်ကိုင်တွေက မာဒူရို မရှိရင် သူတို့ဘာသာ ဒေသခွဲထွက်မလား မပြောတတ်သေးဘူး။
မာဒူရိုပြီးရင် အာဏာအရှိဆုံးဖြစ်တဲ့ ဒီယိုစ်ဒါဒို ကာဘယ်လိုက စစ်တပ်ကို ကိုင်ထားပြီး ကိုလံဘီယာ လက်နက်ကိုင်တွေ ထုတ်လုပ်တဲ့ မူးယစ်ဆေးတွေကို ဟွန်ဒူးရပ်စ်ကနေ မက္ကဆီကို, အဲဒီကမှ အမေရိကန်ကို အကြီးအကျယ် တင်ပို့နေတယ်။ အမေရိကန်က သူ့ကိုလည်း ဒေါ်လာ (၁၀) သန်း ဆုကြေးထုတ်ထားတယ်။
တရုတ်ပြည်ဟာ ရေနံကို အလကားမတ်တင်းဈေးနဲ့ ရထားပြီး ဒေါ်လာ ဘီလျံ (၆၀) အကြွေးရှင်လည်း ဖြစ်နေတယ်လို့ ဆိုတယ်။
ဒါတင်မက နောက်ဆုံးပေါ် အပြင်းဆုံးမူးယစ်ဆေးဖြစ်တဲ့ ဖင်တာနိုင်း (Fentanyl) အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို တရုတ်ပြည်ထဲကနေ ရရှိိနေတယ်လို့လည်း စွပ်စွဲမှုတွေ ရှိနေတယ်။
အမေရိကန် လူငယ်ပေါင်း သိန်းဂဏန်းလောက်ကို နှစ်စဉ်သတ်နေတဲ့ ဒီမူးယစ်ဆေးကို တရုတ်ပြည်က (၁၉-ရာစု ဘိန်းစစ်ပွဲတွေအတွက် လက်စားချေတဲ့ အနေနဲ့) ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ-လို့ စွပ်စွဲမှုတွေလည်း ရှိနေတယ်။
မာဒူရိုရဲ့ မိန်းမက စီလီယာ ဖလောရက်စ်တဲ့။
သူ့တူ နှစ်ယောက်ကလည်း မူးယစ်ကုန်သည်တွေပဲ။ (၂၀၁၅) လောက်မှာ VIP လမ်းကြောင်းနဲ့ ကိုကင်းတွေ တင်တယ်။ အမေရိကန်ကို ပို့တယ်။ ကြားထဲက DEA နဲ့ တွေ့ပြီး လေယာဉ်က အမေရိကန်ကို ရောက်သွားပြီး ကွိခနဲ ဖမ်းလိုက်တယ်။
မာဒူရိုကလည်း သူ့ပြည်တွင်းက အမေရိကန် ရေနံ အင်ဂျင်နီယာ ပညာရှင် (၇) ယောက်ကို ဖမ်းပြီး အကြပ်ကိုင်တယ်။ အမေရိကန်က ပညာရှင် (၇) ဦးကို တူ (၂) ယောက်နဲ့ လဲလိုက်တယ်။
ဒီတော့ကား- အဲဒီလောက် ရှုပ်တဲ့ ဇာတ်လမ်းကို “မာဒူရို မရှိရင် ဘာဖြစ်လာမှာလဲ”-လို့ ဟောဖို့ ပြောဖို့ဆိုတာ ဗေဒင်ဆရာပဲ တတ်နိုင်ပါလိမ့်မယ်။
ဒါတောင် ဗေဒင်ဆရာကလည်း အပြောရဲတာပဲ ရှိမယ်။
မှန်ပါမယ် - အာမခံနိုင်မှာ မဟုတ်…
Comments
Post a Comment