ငါးမြှားချိတ်
၁၇ ဇန် ၂၀၂၆
“လာဘသက္ကာရသိလောကဟာ “ငါးစာတပ်ထားတဲ့ ငါးမြှားချိတ်ရဲ့ နာမည်ဖြစ်တယ် ချစ်သားတို့”
(သံယုတ္တနိကာယ်၊ နိဒါနဝဂ္ဂသံယုတ်ပါဠိ၊ လာဘသက္ကာရသံယုတ်၊ ဗဠိသသုတ္တံ။)
==
လာဘ - ဆိုတာက လာဘ်။
သက္ကာရ - ဆိုတာက အထူးဦးစားပေး ပူဇော်မှု။
သိလောက - ဆိုတာက နာမည်ကျော်ကြားတာ။
လာဘ်, ဦးစားပေခံရမှု, ကျော်ကြားမှု-တို့ဟာ ယစ်မူးစရာပါပဲတဲ့။
သို့သော်- “နှောင်တွဲမှု ကုန်ခမ်းရာ”ကို ရဖို့အတွက်ဆိုရင်တော့ ခက်ထန်, ခါးသီး, ကြမ်းတမ်းတဲ့ အန္တရာယ်တွေ ဖြစ်သွားပါသတဲ့။
ဥပမာပြောရရင် မြှားချိတ်တံငါသည် (ဗာဠိိသိက) တစ်ဦးဟာ ငါးမြှားချိတ်မှာ အစာတပ်ပြီး ရေကန်ထဲမှာ ချမြှားလိုက်တယ်၊ ငါးစာမက်မောတဲဲ့ ငါးတစ်ကောင်ဟာ မက်မက်မောမောနဲဲ့ ဟပ်ပြီး အစာရော, မြှားချိတ်ကိုပါ မျိုချလိုက်တယ်။
အဲဒီငါးရဲ့ ပါးစပ်ထဲမှာ မြှားချိတ်ရောက်သွားပြီဆိုရင် ငါးက သူ့ကိုယ်သူ မပိုင်တော့ဘူးတဲ့။ ငါးဖမ်းသမားရဲ့ လိုတိုင်းပြုလို့ ရနိုင်တဲ့အနေအထား (ယထာကာမကရဏီယ)ကို ရောက်ပြီး ပျက်စီးရတော့တာပဲ-တဲ့။
ငါးဖမ်းသမားကို မာရ်နတ်လို့ ခေါ်ရမှာဖြစ်ပီး ငါးစာပါတဲ့ မြှားချိတ်ကို လာဘသက္ကာရသိလောကလို့ ခေါ်ရပါမယ်တဲ့။
ဘုရားရှင်က မိန့်တော်မူပါတယ်။
လာဘသက္ကာရသံယုတ်, ဗဠိသသုတ္တံမှာ မိန့်တော်မူတာပါ။
===
ကနေ့ခေတ်မှာ မြှားချိတ် ရှောင်နိုင်ကြတဲ့ ဆရာတော်တွေ ရှိကြပါတယ်။
ကြည်ညိုစရာကောင်းတယ်။ အနေအထိုင် ကောင်းတယ်။ မေတ္တာ, ကရုဏာကြီးမားတယ်။
ပြဿနာက “လာဘသက္ကာရသိလောက”ကို ပယ်လိုက်ပြီးတဲ့နောက် သိလောက (ခေါ်) ကျော်ကြားမှုနဲဲ့အတူ သက္ကာရ (လူအထင်ကြီးခံရမှု”ကိုပါ စွန့်ပယ်လိုက်ကြတာ။
ခေတ်ရဲ့ သတ်မှတ်ပုံ, အချို့သော ဒကာ, ဒကာမတွေရဲ့ သတ်မှတ်ပုံကလည်း
ဘုန်းကြီးမှ (လာဘ်ပေါမှ) တန်ခိုးကြီးတယ်။
အထူးဆည်းကပ်သူပေါမှ တန်ခိုးကြီးတယ်။
နာမည်ကျော်မှ တန်ခိုးကြီးတယ်လို့ ဒီလို ဖြစ်နေတယ်။
ဒီ့ထက် လွန်လာတဲဲ့အခါကျတော့-
ဘုန်းကံကြီးမှ, အထူးဆည်းကပ်သူပေါမှ, နာမည်ကျော်မှ သူတော်ကောင်းပဲ။
ဘုန်းကံမကြီး, အထူးဆည်းကပ်သူ မပေါများ, နာမည်မကျော်တဲ့ ဘုန်းကြီးတွေက အလေလိုက်နေတဲ့ ဘုန်းကြီးတွေက အလေလိုက်နေတဲ့ ဘုန်းကြီးတွေလို့ ထင်ကြတယ်။
သင်္ဂဇာဆရာတော်လား? ဗန်းမော်ဆရာတော်လား? ပုံပြင်ထဲကလို-
“မြို့ပေါ်က ရွှေဘုရားတွေကို ဖူးပြီးတဲဲ့နောက် ရွာက ထုံးဘုရားကို တယ်ပြီး ဦးမချချင်တော့ဘူး”ဆိုတာမျိုးပေါ့။
ထုံးဘုရားကဲ့သို့သော လာဘ်, ပူဇော်, ကျော်ကြားမှုကို ငြင်းဆန်ကြတဲ့ ဘုန်းကြီးတွေဟာ “တယ်ပြီး ဦးမချချင်တဲ့” စာရင်းထဲကို ရောက်ကုန်ကြတယ်။
ဒီီလိုနဲ့ လာဘ်ပေါ, ပူဇော်, ကျော်ကြားသော ဘုန်းကြီးတွေရဲ့ နောက်ကို မျိုးဆက်သစ်တွေကရော, ဒကာ, ဒကာမတွေကပါ ဇွတ်လိုက်ပြီး “မြှားချိတ်ဘေးမှာ ငါးများစွာ ပွက်ထ” ဖြစ်ကုန်ကြတဲ့ သဘော။
===
ကြည်ညိုစရာကောင်းတဲ့ ဘုန်းကြီးတွေမှာလည်း လာဘ, သက္ကာရ, သိလောကတွေ ရှိတတ်ကြပါတယ်။
အားလုံးဟာ နွမ်းပါးတွေချည်းပဲ မဟုတ်ကြပါဘူး။
သို့သော် ငါးမြှားချိတ်ကို မဟပ်မိကြဘူး။
မလိုအပ်ရင်, မအပ်စပ်ရင် ငြင်းတယ်။
ပိုရင် စွန့်တယ်။
“မရှာဘဲနဲ့ ရလာတယ်၊ မတွယ်ငြိဘူး”လို့ ဆိုပါစို့။
“ငြင်းဆန်နိုင်မှု”ကြောင့်လည်း လွတ်လပ်တာပါ။
ဘယ်လိုပဲဖြစ်ဖြစ်-
ခေတ်ရဲ့ သတ်မှတ်ပုံက ဒီလိုဖြစ်လာတဲ့အခါ “ရာခိုင်နှုန်းဒဏ်”ကို ငြင်းဆန်မရဘဲ ခံရမယ့်သဘော ဖြစ်လာတယ်။
ရာခိုင်နှုန်းဒဏ်ဆိုတာ ဘာလဲ?
===
အဆို။
“ဘုန်းကြီးတွေက ဂုဏ်မက်, အပူဇော်မက်, ကျော်ကြားမှု မက်ကြတယ်”
ငြင်း။
“ဟေ့… တို့ဘုန်းကြီး မပါဘူးကွ”
အဆို။
“အေး… မင်းတို့ဘုန်းကြီး မပါဘူးဆိုတာတော့ လက်ခံတယ်၊ မင်းတို့ဘုန်းကြီးက လွဲဲရင် ကျန်တဲ့ဘုန်းကြီးတွေက လောဘသမားတွေချည်းပဲကွာ”
ငြင်း။
“မဟုတ်သေးပါဘူးကွာ၊ ငါတို့ရွာရဲ့ မြောက်ဘက် (၄) ရွာကျော်က ဘုန်းကြီးကလည်း လောဘ မကြီးပါဘူးကွ”
အဆို။
“အေး… အဲဒီဘုန်းကြီးကိုလည်း မပြောဘူးကွာ၊ ကျန်တဲ့ဘုန်းကြီးတွေက လောဘကြီးတယ်”
ငြင်း။
“မဟုတ်သေးဘူးကွ၊ လောဘမကြီးတဲ့ ဘုန်းကြီးတွေ ကျန်လောက်သေးတယ်”
အဆို။
“ဟေ့ကောင်၊ မင်း ရာခိုင်နှုန်းနဲဲ့ ချိုးကြည့်ကွာ၊ ဂေါစရဂါမ်တစ်ခုမှာ ရွာပေါင်း (၂၀) ရှိတယ်ထား၊ မင်းရော, ငါပါ ကြည်ညိုတဲဲ့ လောဘမကြီးတဲ့ ဘုန်းကြီးက ဘယ်နှစ်ပါးရှိတုန်း၊ ဒါပဲ ပြော”
မငြင်းနိုင်တော့ဘူး။
ငြိမ်ကျသွားရတယ်။
===
ငြင်းဆန်နိုင်စွမ်းဆိုတာက
“အ”တာ မဟုတ်ရပါဘူး။
“မြှားချိတ်ကို ရှောင်နိုင်စွမ်းပါ”ဆိုတဲ့ သဘောကို
လာဘသက္ကာရသံယုတ်, ဗဠိသသုတ္တံက ဆိုပါတယ်။
ကိုယ်တို့တွေက စိတ်သတ္တိအားဖြင့် လွတ်လပ်နေကြဖို့ပါ။
Comments
Post a Comment