ဥရောပပြဿနာသည် ကမ္ဘာ့ပြဿနာ မဟုတ်ပါ (အိန္ဒိယ)

၆ ဖေ ၂၀၂၆


အိန္ဒိယအကြောင်း စပ်မိစပ်ရာပေါ့။


ယူကရိန်းကို ရပ်ရှားက ဝင်တိုက်လိုက်တော့ ရပ်ရှားကို ဆန်ရှင်ချဖို့ အိန္ဒိယကိုလည်း တိုက်တွန်းကြတယ်။ 


အိန္ဒိယက နားမထောင်ဘူး။ ရပ်ရှားဆီက ရေနံဝယ်တယ်။ 

အိန္ဒိယကို “ဒီမိုကရေစီနိုင်ငံကြီး ဖြစ်ပါလျက်နဲ့” ဘာညာ ပြောကြတာပေါ့။ 


အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိက်ရှန်ကာ-က ပြောတယ်။ သူ့စကားက ကမ္ဘာကျော်သွားတယ်။


“ကမ္ဘာ့ပြဿနာတွေကျတော့ ဥရောပပြဿနာမဟုတ်ဘူးရယ်လို့ ယူဆပြီး မဆိုင်သလို နေကြတယ်၊ ဥရောပရဲ့ ပြဿနာကျမှ ကမ္ဘာ့ပြဿနာဖြစ်စေချင်ကြတာ၊ ဒီအတွေးအခေါ်ကနေ ကျွန်တော်တို့ ရုန်းထွက်ရပါမယ်”


ဥရောပသားတွေကို ပက်,တာ။ ဟုတ်သလိုလိုလည်း ဖြစ်နေတော့ ဇွတ်ပြောဖို့ ခက်သွားတာပေါ့။ 


“ကျွန်တော်တို့မှာ လူဦးရေ သန်း ၁၄၀၀ အတွက် စားဝတ်နေရေး ပြဿနာ ရှိနေတယ်၊ ယူကရိန်းအတွက် ငဲ့ပြီး ရပ်ရှားဆီက ရေနံမဝယ်လိုက်ရင် ဈေးကြီးတဲ့ ရေနံတွေကို ဝယ်သုံးရမယ်၊ ကုန်ဈေးနှုန်းတက်ပြီး ပြည်သူတွေတင်မက ကျွန်တော်တို့ပါ ဒုက္ခရောက်လိမ့်မယ်”


အိန္ဒိယသားတွေကလည်း စကားတတ်တယ်။ 

အပြစ်မလွတ်အောင်လည်း ပြောသေးတယ်။ 


“စစ်ပွဲအတွက် မဟုတ်ဘူး၊ ငြိမ်းချမ်းရေးအတွက်ဆိုရင်တော့ ကျွန်တော်တို့ ဝိုင်းကြိုးစားမှာပါ”


ကတိအတိုင်းပဲ မိုဒီက ပူတင်နဲ့တွေ့တဲ့အခါ စစ်ပွဲရပ်ဖို့ ပြောင်ပြောင်တင်းတင်း ပြောတယ်။ 


ဒီတော့ အောင်အောင်မြင်မြင်နဲ့ ခွ,ပြီး ပေါင်းနိုင်နေတာပေါ့။ 


===


အိန္ဒိယဟာ တရုတ်နဲ့ မတူဘူး။ 


တရုတ်ပြည်ဟာ တစ်အိမ်ထောင် ကလေးတစ်ယောက် စီမံကိန်းရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် - ယောက်ျားလေးဦးရေက မိန်းကလေးဦးရေက ပိုနည်းနေခဲ့တယ်။ (မိသားစု အတော်များများက သားသမီးကိို ယောက်ျားလေးပဲ လိုချင်ကြ)


အချိန်တခု ရောက်လာတဲ့အခါ (အခု) တရုတ်ပြည်မှာ ယောက်ျားလေး ဦးရေက မိန်းကလေး ဦးရေထက် သန်း (၃၀) လောက် ပိုများနေတယ်။ လူပျိုကြီးလုပ်ရကိန်း များတဲ့ အရေအတွက်။ 


ကလေးမွေး, ပျိုးထောင်စရိတ်က ကြီးလွန်းတဲဲ့အခါ တစ်ယောက်လောက်ကိုတောင် လူငယ်မောင်နှံအနေနဲ့ သေလုအောင် မွေးယူရတယ်။


ပြီးတော့ ကလေးပေါက်စလေး တစ်ယောက်ကို ဝိုင်းပြီး ပြုစုကြတာက ၄-၂-၁။ 

ဖိုးဖွား ၄, မိဘ ၂။ ပေါင်း ၆-ယောက်က ကလေးတစ်ယောက်ကို ဝိုင်းပြုစုကြတယ်။


အပြန်အလှန်အနေနဲ့ ကလေးကလည်း အရွယ်ရောက် အလုပ်ရလာတဲ့အခါ ၁-၂-၄ ကို ပြန်ပြီီး ပြုစုရမလို ဖြစ်လာတယ်။ 


မိဘ ၂, ဖိုးဖွား ၄။ ၁-ကနေ ၆-ကို ပြုစုရတာကျတော့ အတော်လေး ကြောက်စရာကောင်းတဲ့ တာဝန် ဖြစ်လာတယ်။ 


ဒီကြားထဲမှာ အလုပ်ရဖို့က အပြိုင်အဆိုင် ကြိုးစားရတယ်။  တက္ကသိုလ်ဘွဲ့တွေ, ဘွဲ့လွန်တွေတင်မက ပြင်ပ သင်တန်းတွေကိုပါ တက်ပြီး အသေအလဲ ကြိုးစားရတယ်။


ကောင်လေး,ကောင်မလေးက အလုပ်အကိုင် မတည်ငြိမ်ခင်မှာ မိဘတွေက ပင်စင်ယူသွားကြပြီ။ 


အစိုးရကို လာထိတာက အဲဒီအပိုင်း။ 

ကျွမ်းကျင်လုပ်သားတွေက အမျိုးသမီး ၅၅, အမျိုးသား ၆၀-မှာ ပင်စင်ယူတယ်။ အသက်ရှည်ရင် ရှည်သလောက် ပင်စင်ပေးရတယ်။ 


ပင်စင်ယူသွားတဲ့ လူကြီးတွေနေရာမှာ အစားဝင်လာတာက လုပ်ငန်း မကျွမ်းကျင်သေးတဲဲ့ လူငယ်လေးတစ်ဦး။


ဒီတော့ အစိုးရမှာ လာပြီး ခေါင်းကိုက်ရတယ်။ ကျွမ်းကျင်လုပ်သားတွေက ပင်စင်ယူပြီး အေးဆေး စားသောက်နေကြချိန်မှာ အစိုးရက မကျွမ်းကျင်သေးတဲ့ လူငယ်လေးတွေနဲ့ ပြဿနာတက်နေတာ။ 


အစိုးရက လူကြီးတွေ ပင်စင်ယူချိန်ကို ၅-နှစ် နောက်ဆုတ်ချင်တယ်။ ၆၀, ၆၅။ 


ဒီတော့ လူငယ်ထုက မကျေမနပ် ဖြစ်ကြပြန်တယ်။ လူကြီးတွေက ပင်စင်မယူလို့ သူတို့တွေ အလုပ်ရှားနေရတာလို့ ယူဆပြန်တာကိုး။


တရုတ်အစိုးရဟာ မကြာမီအနာဂတ်ကာလမှာ လူငယ်ရှားမယ့် အရိပ်အယောင်တွေကို မြင်လာတယ်။ ရှိတဲ့လူငယ်တွေကိုလည်း အလုပ်င,အောင် ပေးဖို့ ခက်တယ်။ အလုပ်ပေးတဲ့အခါမှာလည်း လခ,လုံလောက်အောင် ဖန်တီးဖို့ ခက်တယ်။ 


လူငယ်ရှားမှာကို ပူပင်လို့ တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒကို ဖြေလျှော့ပြီး ၂-ယောက်ယူခွင့် ပြုတယ်။ လူငယ်တွေက မောကုန်ကြပြီ။ ကလေးဝန်ထုပ်ကို ကြောက်လို့ သိပ်မယူကြဘူး။ 


နောက်တော့ ၃-ယောက် ခွင့်ပြုတယ်။ အဲဒီခွင့်ပြုချက်ကလည်း လေထဲမှာပဲ လွင့်ပျံသွားသလိုဖြစ်နေတယ်။ 


အိမ်ထောင်မပြုတဲ့ လူဦးရေဟာ သန်း ၂၄၀-လောက်တောင် ရှိလာပြီလို့ ဆိုပါတယ်။ 


===


ဒီအချိန်မှာ အိန္ဒိယက ၂၅-နှစ်လောက် လူငယ်တွေ အများကြီး ဖြစ်နေတယ်။ 

အလုပ်လက်မဲ့တွေလည်း များနေတယ်။


အလုပ်လက်မဲ့တွေ များတာကို ခေါင်းကိုက်ရပေမယ့် Apple, Samsung တို့လို ကုမ္ပဏီကြီးတွေအနေနဲ့ အိန္ဒိယလူငယ်ထုကြီးက မက်မောစရာ ဖြစ်လာတယ်။ 


ကုမ္ပဏီတွေ ရွှေ့ကြတယ်။ အိန္ဒိယအတွက် အခွင့်အလမ်းလည်း ဖြစ်နေတယ်။ 


ဒါပေမယ့် ပို့ကုန်, သွင်းကုန်တွေကို ချိန်ကြည့်လိုက်ပြန်တော့ အဓိကသွင်းကုန်တွေက

  • ရေနံစိမ်း (သုံးတဲ့ပမာဏရဲ့ ၈၀-ရာခိုင်နှုန်းလောက်။ ပြည်တွင်းမှာ ရေနံစက်ရုံတွေ ရှိတယ်၊ ချက်ပြီး သုံးတယ်။ပြန်လည်း ရောင်းတယ်)
  • ရွှေ (ရွှေကို သိပ်ကြိုက်ကြတယ်။ အဝယ်များလွန်းလို့ အစိုးရက မကြိုက်ဘူး။ အခွန်နဲ့ ကြပ်ရတယ်။ မှောင်ခို သွင်းကြတာလည်း ရှိတယ်) 
  • ဖုန်း, ကွန်ပျူတာပစ္စည်းတွေ (တရုတ်ဆီကနေ အတွင်းအစိတ်အပိုင်းတွေကို သွင်းရတယ်။ ကိုယ်ပိုင် မထုတ်နိုင်လို့) 
  • ကျောက်မီးသွေးနဲဲ့ လောင်စာတွေ (ပြည်တွင်းမှာ တွင်းတွေ ရှိပေမယ့် အရည်အသွေး မမီလို့ အင်ဒိုနဲ့ ဩဇီကနေ သွင်းရတယ်)
  • စိန်ရိုင်းနဲ့ ကျောက်မျက်ရိုင်းတွေ (ပြည်ပက တင်သွင်းတယ်။ သွေးပြီး ပြန်ရောင်းတယ်)

မြန်မာပြည်က ပဲကိုလည်း ဝယ်တယ်။ 


ပို့ကုန်တွေက 

  • သန့်စင်ပြီး ရေနံ (အဓိကအကျဆုံးပို့ကုန်)
  • ဆေးဝါးများ (အိန္ဒိယက ဆေးဝါးမှာ ကမ္ဘာ့ဆေးပေးခန်းလို့တောင် တင်စားရ)
  • ဆော့ဖ်ဝဲနဲ့ အိုင်တီ (အကြမ်းထည် မဟုတ်၊ အနုထည်တွေ) 
  • လယ်ယာထွက်ကုန်တွေ (အဓိကအားဖြင့် ဆန်)
  • သွေးပြီးသား, အချောကိုင်ပြီးသား ရတနာတွေ။ 


  • ပို့ကုန်က ဘီလျံ ၄၅၀ ကနေ ၄၈၀ လောက် ရှိတယ်။ 
  • သွင်းကုန်က ၆၇၀ ဘီလျံကနေ ၇၀၀ ဘီလျံလောက် ရှိတယ်။ 

ဘီလျံ ၂၀၀-လောက် လိုငွေ ပြတယ်။


ရေနံစိမ်းတစ်ခုတည်းအတွက်တောင်မှ ဘီလျံ ၁၅၀-ဖိုးလောက် သွင်းရတာ။


ဒါ့ကြောင့်ပဲ ရပ်ရှားဆီကို ဈေးချိုချိုနဲ့ မဖြစ်မနေ ဝယ်ချင်နေတာ။


===


ရပ်ရှားက ဆန်ရှင်ချထားလိုက်တော့ ငွေရှင်းတာကို ဒဲ့ရှင်းကြဖို့ ညှိတယ်။

နှစ်နိုင်ငံလုံး ရူဘီ, ရူပီး သုံးကြမယ်ပေါ့။


အိန္ဒိယက ကြိုက်တယ်။ ဆီကို ရူပီးနဲ့ ဝယ်တယ်။ ရပ်ရှားကလက်ထဲကို ရူပီးတွေ ဘီလျံနဲဲ့ချီပြီး ရောက်လာတော့ ဘယ်နား သွားသုံးရမယ် မသိဘူး။ အိန္ဒိယက ပြန်ဝယ်ရအောင်ကလည်း အိန္ဒိယထုတ်ကုန်က ဝယ်လောက်စရာ ဟုတ်တိပတ်တိ ရှိမနေဘူး။ 


ဒီလိုနဲ့ “ရူပီး မပေးပါနဲ့တော့”လို့ မေတ္တာရပ်ခံရတယ်။


“ဘာနဲ့ ပေးရမှာလဲ”ဆိုတော့ အင်တင်တင်နဲ့ “ယွမ်နဲ့ ပေးချင်ပေး”လို့ ပြောတယ်။ 

အိန္ဒိယကလည်း အင်တင်တင်နဲ့ ယွမ်ဝယ်ပြီး ရေနံဖိုး ချေရတယ်။ 

ရပ်ရှားကလည်း အင်တင်တင်နဲ့ ယွမ်လက်ခံပြီး ရေနံရောင်းတယ်။ 


တရုတ်ယွမ်က ကြားထဲကနေ အမြတ်ထွက်သွားတာပေါ့။


===


စပ်မိစပ်ရာ အိမ်နီးချင်းတို့အကြောင်းပါ။ 

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်