ဘင်္ဂလားဒေ့ရှ် ဘင်္ဂါလီဘာသာစကား တိုက်ပွဲ

 ၃ မတ် ၂၀၂၆


“မွတ်စလင်တွေက အချင်းချင်း မညီညွတ်ဘူး”


ဒါမျိုး တချို့က ယူဆတယ်။


အမျိုးသားရေးဝါဒ မပေါ်ခင်တုန်းက အစ္စလာမ်ကြောင့် မွတ်စလင်တွေ ညီညွတ်ဖူးတယ်။ 


အမျိုးသားရေးဝါဒ ပေါ်လာပြီးတော့ မွတ်စလင်ပင် ဖြစ်သော်ငြား ကိုယ့်လူမျိုးကိုလည်း ချစ်ခွင့် ရှိတယ်လို့ ဖြစ်ကုန်တာ။


တူရကီတို့ရဲ့ ဘာသာရေးအခြေပြု အော့တိုမန်အင်ပါယာကြီးဟာ နယ်ချဲ့ဝါဒအပြင် အမျိုးသားရေးကြောင့်ပဲ ပြိုလဲသွားခဲဲ့တာ ဖြစ်ပါတယ်။ 


===


အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်တို့ဟာလည်း ၁၉၄၇-မှာ လွတ်လပ်ရေး အတူတူ ယူခဲဲ့ကြတာပဲ။ အရှေ့အနောက် ကီလိုမီတာ (၁၀၀၀) ကျော် ဝေးပေပေမယ့် တစ်နိုင်ငံတည်းအနေနဲ့ အုပ်ချုပ်လိုက်ကြသေးတယ်။ 


၁၉၄၇-ကနေ ၁၉၇၁-အထိ အနောက်ပါကစ္စတန်+အရှေ့ပါကစ္စတန်အနေနဲ့ ကွဲနေခဲ့တယ်။ 


၁၉၇၁-မှာကျတော့ ကွဲထွက်သွားတယ်။ 

ဘာလို့ ကွဲတာလဲဆိုတော့ “ဘာသာစကားကြောင့်”လို့ ပြောနိုင်ပါတယ်။


အမျိုးသားရေးဝါဒရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲဲ့ ဘင်္ဂါလီဘာသာစကားဟာလည်း ဘင်္ဂလားသားတွေအတွက် အစ္စလာမ်လိုပဲ အရေးကြီးတယ်ဆိုပါစို့။


ဒီအကြောင်းကို ပြန်ပြောရရင် လွတ်လပ်ရေးကာလက စ,ပြီး သမိုင်းလှန်ရမယ် ထင်တယ်။ 


===


အိန္ဒိယကနေ ခွဲပြီး လွတ်လပ်ရေးယူခဲ့တဲ့ နိုင်ံငံ့ခေါင်းဆောင်ကြီီး မိုဟာမက် အလီဂျင်းနားတို့ဟာ ပါကစ္စတန်နိုင်ငံ နှစ်ခုကို အုပ်ချုပ်ရာမှာ အခက်အခဲ ရှိိတယ်။ 


ပြဿနာက “ဖွဲဲ့စည်းပုံအခြေခံဥပဒေ” ရှိိမနေတာ။ 

ဒီတော့ တိုင်းပြုပြည်ပြု ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ရေးကြတယ်။​


မပြီးဘူး။ အချိန်အကြာကြီးပဲ။

ငြင်းကြ, ခုန်ကြ, ကိုက်ကြ, ခဲကြ။


ဖွဲ့စည်းပုံမဲ့ ကာလမှာ ပါကစ္စတန်ကို အုပ်ချုပ်ဖို့ အင်္ဂလိပ်တွေရဲ့ ၁၉၃၅-ခု အိန္ဒိယအစိုးရ အက်ဥပဒေနဲ့ ၁၉၄၇-ခု ပါကစ္စတန်လွတ်လပ်ရေး အက်ဥပဒေတို့ကို ပေါင်းပြီး အသုံးပြုတယ်။


ဒီကာလကို ဒိုမီနီယံကာလလို့ ခေါ်တယ်။ ၁၉၅၆-ခုနှစ်ကျမှ ပါကစ္စတန်သားတွေ ရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံသစ် ထွက်လာတယ်။ အဲဒီကာလနောက်ပိုင်းမှ ဒိုမီနီယံပျက်ပြယ်သွားတာ။


ဒိုမီနီယံကာလမှာ ဗြိတိန်ဘုရင်မက ပါကစ္စတန်ရဲ့ အကြီးအကဲ။ သူ့အောက်မှာ မိုဟာမက်အလီဂျင်းနားက ဘုရင်ခံချုပ်အနေနဲ့ ရှိိနေတယ်။


ပြဿနာက Section 92A တို့လို အထူးပုဒ်မတွေဟာ ဘုရင်ခံချုပ်ကို အာဏာအကြီးကြီးတွေ ပေးထားတယ်။

  • ဝန်ကြီးချုပ်ကို ဖြုတ်နိုင်တယ်
  • လွှတ်တော်ကို ဖျက်သိမ်းနိုင်တယ်
  • အရေးပေါ်ကာလ ကြေငြာပြီး ပြည်နယ်အစိုးရတွေကို ဖျက်သိမ်း, ဘုရင်ခံက တိုက်ရိုက် အုပ်ချုပ်နိုင်တယ်။
  • စစ်တပ်အပေါ် ဩဇာညောင်းမှုကိုလည်း ထည့်သွင်းထားတယ်။


ဘုရင်ခံချုပ်ဖြစ်တဲ့ မိုဟာမက် အလီဂျင်းနားဟာ လွတ်လပ်ရေးဖခင်ကြီးလည်း ဖြစ်တဲ့အတွက် ဘုရင်ခံချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး အငြင်းပွါးရဲတဲ့သူ သိပ်မရှိဘူး။


နိုင်ငံကို စ,တင်အုပ်ချုပ်တယ်။ ဖွဲ့စည်းပုံရေးတဲ့သူတွေက ငြင်းကြခုန်ကြတုန်းပဲ။


===


၁၉၄၈-မှာ မိုဟာမက်အလီဂျင်းနားဟာ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်)ကို လာတယ်။ 

“နိုင်ငံတော်ဘာသာဟာ အစ္စလာမ်ဖြစ်ပြီး ဘာသာစကားဟာ အူရဒူ တစ်မျိုးတည်းပဲ ဖြစ်ရမယ်”လို့ ပြောတယ်။


သာမန်လူတွေက ဘယ်ပြောရဲမလဲ။ အရှိန်အဝါကြီးတာကိုး။


အဲဒီအချိန်မှာ ကျောင်းသားတွေက “နိုး” “နိုး” ဆိုပြီး ဖြစ်ခဲ့ကြတာ။

အလီဂျင်းနားက အဲဒီနှစ် ၁၉၄၈-မှာ ဆုံးတယ်။ အရှေ့ပါကစ္စတန်သား ဘုရင်ခံချုပ် ခါဝါဂျာ နာဇီမူဒင် တက်လာတယ်။ 


အရှေ့ပါကစ္စတန် ကျောင်းသားတွေကလည်း State Language Action Committee ဆိုပြီး အဖွဲ့ဖွဲ့တယ််။ လှုပ်ရှားမှု လုပ်တယ်။


တကယ််လို့သာ- အလီဂျင်းနား ပြောသလို အစ္စလာမ်ဘာသာတရား, အူရဒူဘာသာစကားကို နိုင်ငံတော်ဘာသာ သတ်မှတ်တယ်ဆိုပါစို့။

အစ္စလာမ်ကတော့ ပြဿနာ မရှိပါဘူး။

အူရဒူက ပြဿနာ ရှိနေတယ်။ အရှေ့ပါကစ္စတန်က အူရဒူစကား ပြောကြသူတွေ မဟုတ်ဘူး။ ဘင်္ဂါလီဘာသာစကား ပြောကြတဲ့သူတွေ။ 


အူရဒူကို ရုံးသုံးလုပ်လိုက်ရင် အစိုးရရုံးမှန်သမျှက အူရဒူဖြစ်သွားမယ်။ အရာရှိိလုပ်ချင်ရင် အူရဒူကို တတ်မှ ဖြစ်တော့မယ်။ တဖြည်းဖြည်းနဲ့ အရှေ့ပိုင်းသားတွေဟာ ဘင်္ဂါလီဘာသာစကားကို ဆုံးရှုံးသွားရလိမ့်မယ်။


ဘင်္ဂါလီဘာသာစကားကို ဖက်တွယ်ထားရင်လည်း အစိုးရရာထူးမှန်သမျှကို အနောက်ပိုင်းသားတွေက မောင်ပိုင်စီးကြတော့မယ်။

အရှေ့ပိုင်းသားတွေက အုပ်ချုပ်ခံဘဝနဲ့ပဲ နေရတော့မယ်။


ဒီတော့ “ဘာသာစကား ၂-မျိုး သတ်မှတ်မှ ဖြစ်မယ်၊ နိုင်ငံတော်ဘာသာစကား ၂-မျိုး လိုချင်တယ်”လို့ တောင်းဆိုကြတယ်။


အဲဒီလှုပ်ရှားမှုတွေက အရှေ့ပိုင်းမှာ အင်အားကောင်းလာပြီး လူတိုင်းမှာ သူတို့ရဲ့ နစ်နာချက်တွေကို သတိထားမိတဲ့ အသိသတိ ရှိလာတယ်။


၁၉၅၁-မှာ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ လီယာကတ် အလီခန်း လုပ်ကြံခံရတယ်။  

အခုနက ဘုရင်ခံချုပ်ဖြစ်လာတဲ့ နာဒီမူဒင်က ဘုရင်ခံချုပ်နေရာကနေ ဆင်းပြီး ဝန်ကြီးချုပ်နေရာ ယူတယ်။  ဘုရင်ခံချုပ်နေရာကို ဂူလမ် မိုဟာမက်က ယူတယ်။ 


ဝန်ကြီးချုပ်ဖြစ်လာတဲ့ နာဇီမူဒင်ကို ၁၉၅၂-ခု၊ ဇန်နဝါရီလ၊ အရှေ့ပါကစ္စတန်ကို ရောက်တုန်း ဘင်္ဂလားသားတွေက မေးကြတယ်။ 


“ဘာသာစကား ဘယ်လိုလဲ”

“အူရဒူပဲလေ”


ဖေဖော်ဝါရီ ၂၁-မှာ ဆန္ဒပြကြတယ်။ နာဇီမူဒင်က ၁၄၄-ကြေငြာပြီး ရဲနဲ့ ပစ်ခတ် နှိမ်နင်းတယ်။ ဆလမ်, ဘာရ်ကတ်, ရာဖစ်, ဂျက်ဘာ-စတဲ့ ကျောင်းသားတွေ ကျဆုံးတယ်။


အရှေ့ပါကစ္စတန်သားတွေက နာဇီမူဒင်ကို သစ္စာဖောက် လောက်ကောင်ဆိုပြီး ခါးခါးတူးတူး မုန်းတီးတယ်။


အရှေ့ခြမ်းက မုန်းပေမယ့် အနောက်ပိုင်းသားတွေက သဘောကျသွားတယ်။

လွှတ်တော်မှာ နာဇီမူဒင်ကို အများစုက ခိုင်ခိုင်မာမာ ထောက်ခံသွားကြတယ်။


၁၉၅၃-မှာတော့ ပါကစ္စတန် စီးပွါးရေးက ဆိုးလွန်းပြီး အငတ်ဘေးတွေမှာ ကြုံရတယ်။ ပန်ဂျပ်ပြည်နယ်မှာ ဘာသာရေးအဓိကရုဏ်းတွေ ဖြစ်လာတယ်။ 


ဒီအတွက် နာဇီမူဒင်မှာ တာဝန်ရှိတယ်ဆိုပြီး သူ့နေရာမှာ ဝင်လာခဲ့တဲ့ ဘုရင်ခံချုပ် ဂူလမ် မိုဟာမက်က ဖြုတ်ပစ်လိုက်တယ်။


ဖြုတ်လို့သာ ဖြုတ်တယ်။ နာဇီမူဒင်ကို လွှတ်တော်က အခိုင်အမာ ထောက်ခံနေကြတုန်းပဲ။


ပြဿနာက ဘုရင်ခံချုပ်ကို အတိုင်းအဆမဲ့ အာဏာပေးထားတယ်။ ဖြုတ်ပိုင်ခွင့် ရှိတယ်။ ဖြုတ်တယ်။ တားခွင့် မရှိဘူး။


ဂူလမ် မိုဟာမက်ဟာ အာဏာမက်လွန်းလို့ နိုင်ငံရေးသမားတွေကို စိတ်တိုင်းကျ ဖြုတ်ထုတ် လုပ်ခဲ့တယ်။ စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲသွင်းတာကလည်း သူပဲ။ 


နောက်တော့ လေဖြတ်ပြီး စကားမပီဘူး။ ဒါပေမယ့် အာဏာကို ကိုင်ထားတုန်းပဲ။ ဒီလိုနဲ့ သူ့လက်ရုံး အစ္စကန်ဒါ မီရ်ဇာ-က စစ်တပ်နဲ့ ပေါင်းပြီး နားပါတော့လို့ ပြောတယ်။ 


၁၉၅၅-မှာ အစ္စကန်ဒါ မီရ်ဇာက ဘုရင်ခံချုပ် ဖြစ်လာတယ်။

အရှေ့ပိုင်းသားတွေက ဘာသာစကား လှုပ်ရှားမှုတွေကို အကြီးအကျယ် လုပ်နေကြတုန်းပဲ။ 


ဝန်ကြီးချုပ်ဘက်ခြမ်းကဆိုရင် ဂူလမ် မိုဟာမက်က နာဇီီမူဒင်ကို ဖြုတ်လိုက်တဲ့အခါ မိုဟာမက် အလီ ဘိုဂရာ-တက်လာတယ်။ 

ဘိုဂရာဟာ အရှေ့နဲ့ အနောက် သွေးစည်းဖို့ အကြီးအကျယ် ကြိုးစားခဲဲ့တယ်။


၁၉၅၄-မှာ ဘုရင်ခံချုပ် ဂူလမ်က အာဏာမက်လွန်းလို့ ဝန်ကြီးချုပ် ဘိုဂရာက ဘုရင်ခံချုပ် အာဏာကို ကန့်သတ်ဖို့ လွှတ်တော်မှာ ကြိုးစားတယ်။

ဘုရင်ခံချုပ် ဂူလမ် မိုဟာမက်က လွှတ်တော်ကို ဖျက်ပစ်လိုက်တယ်။ ဘိုဂရာက ဝန်ကြီးချုပ် ဖြစ်နေသေးပေမယ့် အရုပ်ဖြစ်သွားတယ်။


၁၉၅၄-မှာ တိုင်းပြုပြည်ပြု လွှတ်တော်, ပထမအကြိမ် ခေါ်တယ်။ ဘင်္ဂါလီဘာသာစကားကို နိုင်ငံတော်ရဲ့ ဒုတိယဘာသာစကား အဖြစ် ထည့်သွင်းဖို့ သဘောတူအောင် ညှိပေးတယ်။


၁၉၅၅-မှာ ဒုတိယလွှတ်တော် ပြန်ခေါ်တဲ့အခါ ဘိုဂရာ အရွေးမခံရတော့ဘူး။ 

ဝန်ကြီးချုပ် ချောင်ဒရီ တက်လာတယ်။ 


 ၁၉၅၆-မှာ ဖွဲ့စည်းပုံကို အောင်မြင်စွာ အပြီးသတ်တယ်။ ဘင်္ဂါလီဘာသာစကား ပါလာတယ်။


ဖွဲ့စည်းပုံအသစ် ပေါ်လာတဲဲ့အခါ ဒိုမီနီယံကနေ သမ္မတနိုင်ငံအဖြစ် ပြောင်းလဲတယ်။ ပထမဆုံးသမ္မတက အခုနက ဘုရင်ခံချုပ် အစ္စကန်ဒါ မီရ်ဇာ။


၁၉၅၈-မှာ ပထမဆုံးသမ္မတ အစ္စကန်ဒါ မီရ်ဇာဟာအာဏာသိမ်းခံရတယ်။ 

နိုင်ငံရေးသမားတွေကို မယုံဘဲ စစ်တပ်ကိုပဲ ယုံခဲ့ရာက ဗိုလ်ချုပ်ကြီး အာယွတ်ခန်းက အာဏာသိမ်းပြီး ၁၉၆၉-အထိ အုပ်ချုပ်သွားတယ်။


၁၉၆၄-မှာ ပါကစ္စတန်နဲ့ အိန္ဒိယ စစ်ဖြစ်တယ်။ ပါကစ္စတန်က စတင်ကျူးကျော်တာ ဖြစ်ပေမယ့် အိန္ဒိယစစ်တပ်က လာဟိုးကို လာဝိုင်းတယ်။ 

ဗိုလ်ချုပ်ကြီး အာယွတ်ခန်းက ပြာသွားပြီး အိန္ဒိယနဲ့ မရှက်တမ်း ညှိိရတယ်။


အဲဒီကနေ စ,ပြီး အာယွတ်ခန်းရဲ့ အာဏာက စ,ယိုင်လာတာ။


===


အရှေ့ပါကစ္စတန်ဟာ ဘင်္ဂါလီဘာသာစကားကို ရုံးသုံးပြဋ္ဌာန်းလိုက်တဲ့အခါ အောင်ပွဲရ စိတ်ဓာတ်တက်ကြွသွားတယ်။


ရှိတ်ဟာဆီနာရဲ့ အဖေ ရှိတ် ဘူဂျီဘူ ရာမန်ဟာ အရှေ့ပါကစ္စတန်သားတွေကို အနောက်ဘက် ပါကစ္စတန်သား နိုင်ငံရေးသမားတွေက “ညစ်ထားတယ်”လို့ ယူဆတဲ့အတွက် ၁၉၆၆-ခုမှာ မူ ၆-ချက် တောင်းတယ်။


၁။ ဖက်ဒရယ်စနစ် ကျင့်သုံးပြီး လူဦးရေအချိုးကျနဲ့ အမတ်ရွေးဖို့။

၂။ ဗဟိုအစိုးရရဲ့ လက်ထဲမှာ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးပဲ ထားပြီး ကျန်တာတွေကို ပြည်နယ်တွေကို ပေးဖို့။ 

၃။ အရှေ့/အနောက် ငွေကြေးစနစ် ၂-မျိုး ထားဖို့။ ဒါမှမဟုတ်ရင်လည်း အရှေ့ပါကစ္စတန်က ငွေတွေကို အနောက်ဘက် စီးမသွားအောင် ထိန်းသိမ်းဖို့။

၄။ အခွန်ကို ပြည်နယ်တွေကပဲ ကောက်ခံပြီး ဗဟိုအတွက် ပြည်တွေက အချိုးကျ ထည့်ဝင်ဖို့။

၅။ ပြည်နယ်တွေက ရတဲ့ နိုင်ငံခြားကုန်သွယ်ငွေတွေကို ပြည်နယ်တွေကပဲ ကိုင်တွယ်ခွင့် ရှိဖို့။ ပြည်ပနဲ့ လွတ်လွတ်လပ်လပ် နိုင်ငံခြားကုန်သွယ်ခွင့်ဟာ ပြည်နယ်တွေမှာ ရှိဖို့။ 

၆။ အရှေ့ဘက်ခြမ်းမှာ ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ သို့မဟုတ် ကာကွယ်ရေးတပ်ဖွဲ့ ထားခွင့် ရှိဖို့။


ဗိုလ်ချုပ်ကြီး အာယွတ် ခန်းဟာ “နိုင်ငံခွဲထွက်ချင်တယ်”ဆိုပြီး ရှိတ် မူဂျီဘူ ရာမန်ကို ဖမ်းဆီး ထောင်ချလိုက်ပါတယ်။


===


၁၉၆၉-မှာ လူထုအုံကြွမှုကြောင့် အာယွတ်ခန်း ပြုတ်ကျသွားတယ်။ 

ဗိုလ်ချုပ်ကြီး ယာယာခန်း တက်လာတယ်။

၁၉၇၀-မှာ ရွေးကောက်ပွဲ လုပ်ပေးတယ်။


ရှိတ် မူဂျီဘူ ရာမန်တို့ရဲ့ အဝါမီ လိဂ် ပါတီက အရှေ့ဘက်မှာ တောင်ပြို ကမ်းပြို နိုင်တယ်။

အနောက်ဘက်ခြမ်းက လွှဲမပေးဘူး။


ရာဇကာလို့ ခေါ်တဲ့ အနောက်ဘက် ဩဇာခံ ဘင်္ဂလားလူမိုက်အဖွဲ့က အရှေ့ဘက်ခြမ်း ဘင်္ဂါလီတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး ခါးခါးတူးတူး မုန်းတီးခံရတယ်။

 

အိန္ဒိယနိုင်ငံ အင်ဒီရာဂန္ဒီရဲ့ အကူအညီနဲ့အတူ (၁၃) ရက်ကြာာ စစ်ပွဲအပြီးမှာ ဘင်္ဂလားဒေ့ရှ်ဟာ ပါကစ္စတန်အောက်က လွတ်မြောက်သွားခဲ့တယ်။ 


နောက်ပိုင်းမှာ စစ်အာဏာသိမ်းမှုတွေ ရှိိခဲ့သော်ငြား ယေဘုယျအားဖြင့် အိန္ဒိယရဲ့ မွေးစားသမီးနိုင်ငံ ဖြစ်လာခဲ့တယ်။ 


===


ပြောချင်တာက ဘာလဲ?


မွတ်စလင်တွေကလည်း ဘာသာရေးတစ်ခုတည်း လိုချင်ကြတာ မဟုတ်တဲ့ အကြောင်းပါ။


အနီးဆုံး ဘင်္ဂလားဒေ့ရှ်ဟာလည်း မွတ်စလင်ဖြစ်သော်ငြား ဘာသာစကားကို အပြင်းအထန် တောင်းဆိုခဲဲ့ကြဖူးတယ်။


ဘာသာစကားကို သွေးမြေကျခံပြီး တောင်းဆိုတာကို ပြပါဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သမိုင်းတစ်ခု ရှိတယ်။​


ဒါ့ကြောင့် ကုလသမဂ္ဂက ဖေဖေါ်ဝါရီ ၂၁-ရက်ကို “အပြည်ပြည်ဆိုင်ရာ မိခင်ဘာသာစကားနေ့”လို့ သတ်မှတ်ပေးထားပါတယ်။


မွတ်စလင်က ဘာသာစကားကိုလည်း ဖက်တွယ်တဲ့ လက္ခဏာတစ်ခု။


“မညီညွတ်ဘူး”ဆိုတာက

“ညီညွတ်ဖို့ အဆင်ပြေမနေခဲ့ကြတာ” 

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်