ဝဋ်လည်မှာစိုးတယ်
၂၈ မတ် ၂၀၂၆
မိန်းကလေးတစ်ဦးကတော့ ကံံဝါဒီ ပရိုမက်စ်။
ကိုယ်ရောက်ခဲ့တဲ့ တောရွာမှာ ဒကာမလေးက ရွာဘုန်းကြီးခိုင်းတဲဲ့ သန့်ရှင်းရေးကို လုပ်နေတယ်။
ကိုယ်နဲ့လည်း အမျှင်မပြတ် စကားပြောနေတယ်။
ကိုယ်က “အင်း”ပဲ ထောက်ရတာ များပါတယ်။
သူကပဲ စကားဝိုင်းကို ဦးဆောင်တာ များတယ်။
“တချို့က ပိုက်ဆံချေးထားရင် ပြန်ဆပ်ရကောင်းမှန်း မသိကြဘူးဘုရာ့”တဲ့။
“အင်း… ဘယ်သူက ချေး”
“တစ်ယောက်ပါဘုရား၊ ချေးတုန်းကတော့ ဘယ်နေ့ရပါမယ်လို့ ပြောတယ်၊ အခုကျ မသိချင်ယောင် ဟန်ဆောင်နေတယ်”
“အင်း သူလည်း မပြေလည်လို့ ဖြစ်မှာပေါ့၊ ဘယ်လေက်မို့လို့တုန်း”
“မများပါဘူးဘုရား၊ ၂-သိန်းထဲပါ”
“အင်း”
===
သူက မေးပါတယ်။
“ဦးဇင်း အဲဒီလို အကြွေးမဆပ်ရင် နောက်ဘဝမှာ သားသမီးပြန်ဖြစ်တတ်တယ်ဆိုဘုရား”
ကိုယ်က မျက်မှောင်ကြုတ်။
“အင်း… ဟင်… ဘာရယ်”
“ဟိုလိုဘုရား”
ခဏစဉ်းစား။
“တပည့်တော်ရဲ့ အကြွေးကို သူက မဆပ်၊ နောက်ဘဝကျတော့ တပည့်တော်က မိဘ၊ သူက သားသမီးဖြစ်ပြီး သူ့ကို ရိုက်နှက်ရတာတဲ့၊ အဲဒီလိုကြီးလည်း မဖြစ်ချင်ပါဘူးဘုရား”
“ဟေ… ညည်းကို ဘယ်သူက ပြောတာလဲ”
“ဒီလိုပဲဘုရား၊ ရွာထဲမှာ ပြောနေကြတာ”
ကိုယ်ကလည်း နည်းနည်းရှုပ်ထွေးသွာတဲ့ ကိုယ့် Brain ကို ခဏလောက်ပြန်ပြီး Braining လုပ်လိုက်ရသေးတယ်။
ပြီးမှ မေး။
“နင့်သားသမီးကို နင်ရိုက်ချင်မှ ရိုက်တာ မဟုတ်ဘူးလား? ဘာလို့ အသားလွတ်ကြီး ရိုက်ရမှာလဲ”
“မသိပါဘူးဘုရား၊ အကြွေးကျန်ရင် သားသမီးက အရိုက်ခံပြီး ပြန်ဆပ်ရတာဆိုလားလို့”
===
ပြောရ။
“၂-သိန်းဖိုးလောက်နဲ့ တစ်သက်လုံး တန်အောင် မရိုက်ချင်ပါနဲ့ဟာ၊ မေတ္တာရပ်ပါရစေ”
“ဟီးဟီး”တဲ့။
===
တခါတလေ ရပ်ကွက်ထဲမှာ ပြန့်နေတဲ့ အယူအဆတွေက ပိဋကတ်နဲ့ အတော်လေး ကွာဟ,သွားပြီ။
ရပ်ကွက် ကံအယူအဆတွေကို ပိဋကတ်နဲ့ သွားထောက်တယ်ဆိုပါစို့။
“အရှင်ဘုရားက ဗုဒ္ဓဘာသာ မဟုတ်ဘူးလား”နဲ့လည်း ကြုံရတတ်သေးတယ်။
Comments
Post a Comment