တောဝက်ထောင်ချောက်
၄ ဇန် ၂၀၂၆
တောဝက်ထောင်ချောက်
အမေရိကန် တက္ကဆက်ပြည်နယ်မှာ စိုက်ခင်းဖျက်တဲ့ တောဝက်တွေကို ထောင်ဖမ်းပုံတစ်ခု။
ပေ ၃၀-ပတ်ချာလည် အုပ်ဆောင်းပုံစံ သံကွန်ချာကြီး ဆောက်တယ်။
အောက်ခြေမှာ ဝင်စရာ တံခါးတွေ ဟ,ပေးထားပြီး အလယ်မှာ သီးနှံတွေ ကြဲပေးထားတယ်။
သံသယကြီးတဲ့ တောဝက်တွေက သံသယကြီးစွာနဲ့ ချဉ်းကပ်လာပြီး သီးနှံတွေကို စားရင်း ထောင်ချောက်ထဲရောက်သွားကြတယ်။
ဝက်အုပ်တစ်အုပ်လုံး ထောင်ချောက်ထဲ ရောက်သွားပြီဆိုရင် အဝေးထိန်းခလုပ်နဲ့ တံခါးတွေကို ဖြုတ်ချလိုက်ပါတယ်။
အုပ်ဆောင်းအသွင် သံကွန်ချာကြီးက ဝုန်းခနဲ ပြုတ်ကျပြီး အလုံပိတ်သွားတယ်။ တောဝက်တွေက ကြောက်လန့်တကြား တိုးထွက်ဖို့ ကြိုးစားတယ်။ မရတော့ဘူး။
ဒီလိုနည်းနဲ့ တောဝက်တွေကို ဖမ်းယူကြတာလည်း ရှိတယ်။
တစ်နေရာမှာကျတော့ ထောင်ချောက်မျက်နှာစာမှာ "တောဝက်ထောင်ချောက်"လို့ အင်္ဂလိပ်လို ရေးထားတယ်။
အဲဒီထောင်ချောက်ထဲကို တောဝက်တွေက စားရင်းသောက်ရင်း ဒီအတိုင်း ဝင်သွားကြတယ်။
လူတစ်ဦးက မှတ်ချက်ချတယ်။
"တောဝက်တွေကို စာဖတ်တတ်စေချင်လိုက်တာ"
===
ဆွေးနွေးချင်တာကတော့ ကိုယ်တို့ဟာ အလွယ်တကူ ပွပေါက်တိုးတဲ့ "မှိုရမှု"မျိုးနဲ့ ကြုံရတဲ့အခါ "ကံကောင်းလိုက်တာ"လို့ ပြောချင်ကြတယ်။
ဆွေးနွေးသင့်တာက "တောဝက်ထောင်ချောက်ထဲက စားစရာတွေဟာ ကံကောင်းမှုလား"ဆိုတဲ့ ပြဿနာပါ။
တောဝက်ထောင်ချောက်ထဲက အစာတွေဟာ မြင်သာတယ်, လွယ်ကူတယ်, မပင်ပန်းဘူး။ ဒီအတိုင်း အသင့်စားသုံးရုံပဲ။
အဲဒီအစာတွေကို အလွတ်ပေးရင် ငမိုက်သားပဲ။
လည်ဝယ်ပါးနပ်တဲ့ သူအနေနဲ့ ထောင်ချောက်ထဲက အစာကိုတောင်မှ အလွတ်မပေးသင့်ဘူး။
ဘာညာ။
အဲဒါဟာ မှန်သလား?
တောဝက်တစ်ကောင်ကတော့ ထောင်ချောက်ထဲက အစာကို "ဘုရားပေးတဲ့ လက်ဆောင်" "ကံက ပေးတဲ့လက်ဆောင်"လို့ မယူဆဘဲ အပြင်ဘက်က လွတ်လပ်ရှားပါးတဲ့ အစာကို ရှာဖွေစားသောက်တယ်။
ရှာဖွေစားသောက်ရတာကလည်း ပင်ပန်းတယ်ဆိုပါစို့။
အဲဒါကရော အမှားပဲလား?
ထောင်ချောက်ထဲက တောဝက်တွေအတွက် ရယ်မောလှောင်ပြောင်စရာ ဖြစ်နေသလား-ဆိုတာ ဆွေးနွေးစရာပါ။
===
ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ "ခိုးလုံးတွေ" "ကျာ့ဖျင့်လုံးတွေ"ဆိုပြီး ဖုန်းအဟောင်းဈေးကွက်ကြီး ဖြစ်လာဖူးတယ်။
ကျာ့ဖျင့်က သူပစ်မှတ်ထား လိမ်ညာတဲ့ လူတစ်ယောက်ဆီက အချီကြီး ပွသွားပြီဆိုရင် အဲဒီဖုန်းတစ်လုံးကိုဖျက်ဆီးပြီး လွှင့်တယ်။
ကျာ့ဖျင့်ရုံမှာ အဲဒီလို ဖျက်ဆီးပြီး လွှင့်တာကို တာဝန်ယူရတဲ့ သန့်ရှင်းရေးဝန်ထမ်းကလည်း ရှိသတဲ့။
အဲဒီသန့်ရှင်းရေးသမားက ပျက်စီးအောင် မဖျက်ဆီးပဲ ဟန်ပြဖျက်ဆီးတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဖုန်းအဟောင်းဈေးကွက်ကြီးထဲကို ရရာဈေးနဲ့ ရောင်းချလိုက်ပါသတဲ့။
အဲဒီဖုန်းကို "ကျာ့ဖျင့်လုံး"လို့ ခေါ်တယ်။
၁၅-သိန်း, သိန်း ၂၀-လောက်တန်တဲ့ ဖုန်းတွေကို ကျာ့ဖျင့်ဈေးကွက်ကနေ ၂-သိန်း, ၃-သိန်းလောက်နဲ့ ရနိုင်တယ်လို့ဆိုတယ်။
အဲဒီတော့ မြို့ကြီးပြကြီးက အဟောင်းရောင်းသူတွေဟာ သိန်းရာချီ ပိုက်ပြီး အဲဒီဘက်တွေကို သွားတယ်။ သယ်တယ်။ ရောင်းတယ်။
ဖုန်းအသစ်ဆိုင်တွေနဲ့ ရိုးရိုးတပတ်ရစ်သမားတွေ မြတ်စွန်းဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ ပမာဏကို မြတ်စွန်းကြတယ်။
"အူစိုကြတယ်"ပေါ့လေ။
ဒါပေမယ့် "ခရိုနီပြဿနာ" တက်ပါတယ်။
ခရိုနီပြဿနာဆိုတာ ဘာလဲ?
ခရိုနီတွေဟာ အမှန်တကယ် စီးပွါးရေးပညာကို တတ်မြောက်လို့ ကြွယ်ဝလာတာ မဟုတ်ဘဲ စစ်တပ်တစ်ခုရဲ့ကျောထောက်နောက်ခံမှုနဲ့အတူ စီးပွါးရေး လက်ဝါးကြီးအုပ်ပြီး ကြွယ်ဝလာတာ။
သူ့ရဲ့ စီးပွါးရေးကြွယ်ဝမှုဟာ စစ်တပ်ကြောင့်။
စစ်တပ်သာ မရှိရင်, သို့မဟုတ်, စစ်တပ်သာ အာဏာမရှိရင် စီးပွါးရေးက တန့်သွားနိုင်တယ်။ သို့မဟုတ်, စီးပွါးကျသွားနိုင်တယ်။
ပုံမှန်အားဖြင့် စစ်တပ်အားကိုးမယူဘဲ အများနဲ့ မျှမျှတတ ပြိုင်ဆိုင်ပြီး စီးပွါးရေးလုပ်နိုင်တာကိုမှ စီးပွါးရေးပညာတတ်တယ်လို့ ဆိုတယ်။
ဖုန်းသမားတွေဟာလည်း "ခရိုနီပြဿနာ" တက်ပါတယ်။
ကျာ့ဖျင့်တွေကလည်း လူတွေက မြို့ပေါ်ကနေ အုပ်လိုက်ကြီး ဆင်းလာပြီး သိန်းရာချီ, ထောင်ချီ သုံးစွဲတာ, ဝယ်ကြတာကို မြင်ရတယ်။
ဒီတော့ "မြို့ပေါ်မှာ ဘယ်ဈေးပေါက်တုန်း"လို့ မေးကြသနဲ့ ယူဆရပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာ အဝယ်သွားကြတဲ့သူတွေဟာ "အလကားမတ်တင်းဈေး"နဲ့ ဝယ်လို့မရခဲ့ကြတော့ဘူးတဲ့။
မြို့ပေါ်ရောင်းဈေးနဲ့ နည်းနည်းလေးပဲ ကွာပြီး ရောင်းချတာကို ကြုံကြရပါသတဲ့။
အရင်တုန်းက သိန်း (၂၀) ဖုန်းကို (၃) သိန်းလောက်နဲ့ ရခဲ့တယ်။
သယ်ယူစရိတ်တွေ နုတ်ပြီး အသားတင် (၁၅) သိန်းလောက် ကျန်ခဲ့တယ်ဆိုပါစို့။
အခု သိန်း (၂၀) ဖုန်းကို (၁၅) သိန်းနဲ့ ရောင်းတာ ခံရတယ်။
ဘယ်လောက် ရှုံးသွားပါသလဲ?
"ဘယ်လောက်ရှုံးသလဲ"လို့ မေးတာက ခံစားချက်အပိုင်းကို မေးတာပါ။
သူက (၃) သိန်းလောက်တော့ မြတ်ပါလိမ့်ဦးမယ်။
သို့သော်-
(၁၅) သိန်းလောက် မြတ်ပိုင်ခွင့် ရှိတယ်လို့ တွေးထားခဲ့တယ်ဆိုရင် (၁၀) သိန်းလောက် ရှုံးသွားတယ်လို့ တွေးပါလိမ့်တယ်။
ဘာလို့လဲ?
"အလကားမတ်တင်း" ရခဲ့ဖူးတာကိုး။
အခုမှ မရတော့တာကိုး။
===
လွယ်လွယ်နဲ့ ရခဲ့ဖူးရင်
ခက်တဲ့လုပ်ငန်းတွေ မလုပ်ချင်တော့ဘူးဆိုတာကိုလည်း "ခရိုနီပြဿနာ"စာရင်းထဲ ထည့်ကြပါစို့။
တောဝက်ထောင်ချောက်ထဲက အစာတွေကို မတို့ထိတာ အကောင်းဆုံးပါ။
===
ဒါပေမယ့် ဝမ်းနည်းစရာက ဘာလဲ? သိလား?
ငတ်တဲ့အချိန်မှာ အစာမကြွေးနိုင်ဘဲ
ဘယ်သူ့ကိုမှ ဘာမှ ပြောလို့ လွယ်မနေတတ်တာ။
"ဆင်းရဲရင် သာသနာတည်လိမ့်မယ်"လို့ တချို့က ယူဆပေမယ့်
ဆင်းရဲရင် "ပွဲလမ်းသဘင်သာသနာ"မျိုး
အပေါ်ယံသာသနာတွေ
တည်ရင် တည်မယ်,
ထွန်းကားရင် ထွန်းကားမယ်
"အဆုံးအမ သာသနာ"တွေကတော့
ငတ်သေနိုင်ခြေ အကြပ်အတည်းမှာ
လျစ်လျူရှုခံနိုင်ရခြေ အမြင့်ဆုံးနဲ့ အများဆုံးပါ။
Comments
Post a Comment