ရှီကျင့်ဖျင်ရဲ့ အဂတိတိုက်ဖျက်ရေး
၂၇ ဖေ ၂၀၂၆
အိမ်နီးချင်းတွေအကြောင်း ပြောတော့ တရုတ်ပြည်အကြောင်းကိုလည်း ချန်ထားခဲ့လို့ မသင့်ဘူး။
၂၀၁၂-မှာ သမ္မတရှီကျင့်ဖျင် တက်လာတာ့ ဝန်ထမ်းတွေအတွက် စည်းကမ်း ၈-ချက် ချတယ်။
အရာရှိတွေဟာ
၁။ ကွင်းဆင်းစစ်ဆေးမှုတွေကို ရိုးရှင်းအောင် လုပ်ရမယ်။ လူအင်အား အလုံးအရင်းနဲ့ မသွားရဘူး၊ လမ်းပိတ်ပြီး ကြိုဆိုပွဲတွေ မလုပ်ရဘူး။
၂။ အစည်းအဝေးတွေကို တိုတိုနဲ့ လိုရင်း လုပ်ရမယ်။ ဇာချဲဲ့တာမျိုး မလုပ်ရဘူး။
၃။ တန်ဖိုးမရှိတဲ့ စာရွက်စာတမ်းတွေ, အစီရင်ခံစာတွေကို လျှော့ရမယ်။ မလိုရင် စာအုပ်မထုတ်နဲ့၊ စာရွက် မဖြုန်းနဲ့။
၄။ နိုင်ငံခြားခရီးစဉ်တွေကို စနစ်တကျ ထိန်းချုပ်ရမယ်။ အပျော်ခရီးစဉ် မဖြစ်စေနဲ့၊ လူမများစေနဲ့။
၅။ လုံခြုံရေး ယာဉ်တန်းတွေကို လျှော့ချရမယ်။ လမ်းမပိတ်စေနဲ့။
၆။ သတင်းစာတွေပေါ်မှာ ကြွားဝါတာတွေကို လျှော့ချရမယ်။ အရာရှိတွေ သွားလာတာတွေ, ပွဲတက်တာတွေကို ဇာချဲ့ မထည့်နဲ့။
၇။ စာမူ, ဆောင်းပါးတွေကို ထုတ်ချင်ရင် ပါတီဗဟို ခွင့်ပြုချက် ယူရမယ်။ ပါတီဗဟို ခွင့်ပြုချက် မရှိဘဲ ကိုယ့်နာမည်နဲ့ စာအုပ်ထုတ်တာ၊ ဆောင်းပါးရေးတာ၊ ဂုဏ်ပြုလက်မှတ်ပေးတာတွေ မလုပ်နဲ့။
၈။ ချွေတာရမယ်။ အစိုးရရဲ့ အသုံးစရိတ်ကို တင်းကြပ်ရမယ်။ ဇိမ်ခံစားပွဲကြီးတွေ၊ တန်ဖိုးကြီးလက်ဆောင်တွေ၊ ခမ်းနားတဲ့ ပွဲလမ်းသဘင်တွေကို ခွင့်မပြုတော့ဘူး။
နံပါတ် (၈) နဲ့ တွဲပြီး ကျင့်သုံးရတာက ဟင်း (၄) ခွက်နဲ့ ဆန်ပြုတ် (၁) တစ်ခွက် စည်းကမ်းပဲ။
===
တရုတ်ပြည်မှာ ဘွဲ့ရက တစ်နှစ်ကို (၃) သန်းလောက် ထွက်တယ်။ အကြောင်းအမျိုးမျိုးကြောင့် အစိုးရဝန်ထမ်း လစ်လပ်မှုက နှစ်စဉ် (၄၀,၀၀၀) ဝန်းကျင်လောက်ပဲ ရှိတယ်။
အဲဒီ (၄၀,၀၀၀) ကို ဘွဲ့ရတိုင်းက မက်မောကြတယ်။
အဓိကအားသာချက်တွေကတော့ လစာက သိပ်မများပေမယ့် (ဝန်ကြီးတောင်မှ ယွမ် ၁၂,၀၀၀ ကနေ ၁၅,၀၀၀ လောက်ပဲ ရပေမယ့်) အသားတင် ရတာ။ နေစရိတ်, ခရီးသွားစရိတ် ဘာညာ ရသေးတယ်။
ပင်စင်ယူသွားရင်တောင် ဝန်ထမ်းဘဝ လစာရဲ့ ၈၀%, ၉၀% နှုန်းလောက်ကို မသေမချင်း ရသေးတယ်။
အပြင်မှာ ပုဂ္ဂလိကဆိုရင် ၉-၉/၆ (မနက် ၉-ကနေ ည ၉ နာရီ/ တစ်ပတ် ၆-ရက်) သေလောက်အောင် လုပ်ရပေမယ့် အပြိုင်အဆိုင် များလွန်းတယ်။
ဘွဲ့ရတွေတင်မက မဟာဘွဲ့ရသူတွေတောင် ကြွက်ဖြစ်သူဖြစ်, ပုရွက်ဆိတ် ဖြစ်သူဖြစ်။
ကြွက်ဆိုတာက ပေကျင်းမြို့ရဲဲ့ မြေအောက်ထပ်တွေမှာ နေနေကြရတဲ့ လူငယ်ပေါင်း သန်းဂဏန်းလောက်ကို ခေါ်တာ။
ပုရွတ်ဆိတ်ဆိုတာက ပုံမှန်အလုပ်မရလို့ ကြုံရာအလုပ် လုပ်ပြီး ပြေးလွှားနေကြရတဲ့ လူတွေကို ခေါ်တာ။
ဒီအချိန်််မှာ ဝန်ထမ်းတွေကျတော့ သံပန်းကန် ဖြစ်သွားတယ်။ ကွဲဖို့ရာ ခက်တယ်ပေါ့။
ဘွဲ့ရ လူ (၃) သန်းက လိုချင်နေကြတဲ့ ဝန်ထမ်းနေရာ (၄၀,၀၀၀) ကို ရဖို့ဆိုရင် “ကံ”က အဓိက ဟုတ်မနေဘူး။
“အဆက်အသွယ်”က အဓိကဖြစ်ပါသတဲ့။
တရုတ်ပြည်မှာ “မင်း ဘာတတ်သလဲ”က အဓိကမဟုတ်ဘူး။
“မင်း ဘယ်သူနဲ့သိသလဲ”ဆိုတာက အဓိက ဖြစ်သွားတယ်။
မိုးပျံအောင် တတ်တဲ့သူတွေကလည်း အဆက်အသွယ် မရှိရင် ကြွက်ဖြစ်သွားနိုင်တယ်။
===
ဟုတ်ပြီ။
အဆက်အသွယ်ရပြီ။ ဝန်ထမ်း ဖြစ်လာပြီ။
တရုတ်ပြည်မှာ တရားဝင် အစိုးရဝန်ထမ်းက (၇) သန်းလောက် ရှိတယ်။
အစိုးရပိုင် လုပ်ငန်းကြီးတွေ, ဆေးရုံ, ကျောင်းနဲ့ ပါတီအဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေကြတဲ့ လုပ်သားတွေကိုပါ ပေါင်းလိုက်ရင် သန်း (၄၀) (၅၀) လောက် ရှိမယ်။
ဒီီအထဲကမှ ရာထူးတက်ဖို့ဆိုရင်လည်း “အဆက်အသွယ်”က အဓိကပဲ။
ဒီတော့ “သခင်” မွေးရတဲ့ လုပ်ငန်းစဉ်တွေလည်း ဖြစ်ထွန်းလာတယ်။
ခင်ဗျားက ရာထူးမတက်ဘူးလား?
သခင် မရှိလို့။ သို့မဟုတ်- သခင် မကောင်းလို့။
သခင်က အမြဲ အရေးကြီးတယ်။
ကျောင်းကနေ ထွက်သွားလို့ အစိုးရဝန်ထမ်း မဖြစ်လိုက်ဘူး။
ကိုယ်ပိုင်လုပ်ငန်း လုပ်တယ်ဆိုပါစို့။
အဆက်အသွယ်က အရေးကြီးပြန်တယ်။
စီးပွါးရေးလုပ်ငန်းတွေ အပြိုင်အဆိုင် ပေါတဲ့ တရုတ်ပြည်မှာ ကိုယ့်လုပ်ငန်းလေး ပါမစ်ရဖို့ဆိုရင် အဆက်အသွယ်က အရေးတကြီးပဲ။
ဒီတော့ သခင်မွေးတာတွေ လုပ်ရပြန်တာပဲ။
ဒီနေရာမှာ အခုနက ပြောတဲ့ အရာရှိတွေက အရေးပါလာတယ်။
အရာရှိတွေကို ခ,ကြရတယ်။ ကြိုကြရတယ်။ စားပွဲဝိုင်းတွေ ပြင်ကြရတယ်။ လိုလေသေးမရှိအောင် ပြုစုကြရတယ်။ တရားဝင် ပွဲတော်တွေမှာ ရိုးရာလက်ဆောင် “ဟုန်ပေါင်း”တွေ ပေးကြရတယ်။
အဆက်အသွယ် မရှိတဲ့သူတွေကတော့ ချောင်ထိုးခံရရောပဲ။
ဒီတော့ အဆက်အသွယ်ကို သေလုအောင် ရှာကြရတယ်။
ဒီတော့ များများ မပြောဘဲ ဒီနှစ်ခုကိုပဲ ပြော။
ဝန်ထမ်းငယ်တွေက ရာထူးတိုးအောင် “သခင်” မွေးကြရတယ်။
စီးပွါးရေးသမားတွေက ပါမစ်ရဖို့, လုပ်ပိုင်ခွင့် ရဖို့ သခင် မွေးကြရတယ်။
ဒီလိုနဲ့ အရာရှိတွေက ဝါကြွား, ပလွှား ဖြစ်လာကြတယ်။
===
သမ္မတရှီကျင့်ဖျင်က စည်းကမ်း ၈-ချက် ထုတ်လိုက်တော့ အရာရှိတွေ တွန့်ကုန်ကြတယ်။
“အဂတိက ပါတီကို ဖျက်ဆီးလိမ့်မယ်”ဆိုပြီး အဂတိတိုက်ဖျက်ရေးကို တင်းတင်းကြပ်ကြပ် လုပ်တယ်။
၂၀၁၃, ၂၀၁၄-လောက်မှာ အဂတိမှုအတွက် တစ်သိန်းခွဲကနေ ၂-သိန်းလောက်အထိ အရေးယူခဲဲ့တယ်။
အရှိန်မြှင့်လာတဲ့ ၂၀၁၇-ကနေ ၂၀၂၁-အထိ နှစ်စဉ် ၅-သိန်း, ၆-သိန်းလောက်အထိ အရေးယူတယ်။
၂၀၂၃-မှာ ၆-သိန်း ၁-သောင်း အရေးယူထားတယ်လို့ ဆိုတယ်။
၁၂-နှစ်အတွင်း ဝန်ထမ်းနဲဲ့ အရာရှိပေါင်း ၅-သန််းလောက် အရေးယူထားတယ်။
ဝန်ကြီးအဆင့်နဲ့ အထက် (၅၀၀) ကျော် အရေးယူထားတယ်။
စစ်တပ်အရာရှိကြီးတွေက (၁၅၀) ကျော် အရေးယူထားတယ်။
ပြည်သူတွေလား?
ကျေနပ်တာပေါ့။
အရင်က တပည့်မွေး, ဆရာမွေးနဲ့ ဟိတ်ဟန်ထုတ်ပြီး ကြွားဝါ, စားသောက်, ပျော်ပါး, ဇိမ်ခံနေခဲ့ကြတာတွေကို သမ္မတရှီကျင့်ဖျင်က ပညာပေးပြီး အရေးယူလိုက်တော့ “ဝဋ်လည်ပြီ”ဆိုပြီး ကျေနပ်ကြတယ်။
အဲဒီအထဲမှာ “ဟင်း ၄-ခွက်နဲ့ ဆန်ပြုတ် တစ်ခွက်”ဆိုတာက မျက်ရည်ကျလောက်တဲ့ အပြောင်းအလဲ။
အစိုးရဧည့်ခံပွဲတွေမှာ အရင်က ဟင်းပွဲအမြောက်အများနဲဲ့ ဈေးကြီးအရက်တွေ လှိုင်လှိုင်မြိုင်မြိုင် စားသောက် သုံးဆောင် ဇိမ်ယစ်ခဲ့ကြတာပေါ့။
အခုကျတော့ အစိုးရဧည့်ခံပွဲတွေမှာ ဟင်း ၄-ခွက်ဆို ဟင်း ၄-ခွက်ပဲ။ မပိုနဲ့။
ပိုရင် ပါတီအပေါ် သစ္စာမရှိတာ။ အရေးကြီးလို့မို့ မဖြစ်မနေ လိုက်နာရမယ်။
ဒီမှာ ပြဿနာတက်လာတာက အချိုပွဲကို ဟင်းခွက်စာရင်းထဲ ထည့်မှာလား? မထည့်ဘူးလား? ဇဝေဇဝါ ဖြစ်ကြရတယ်။
ကိုယ်နဲ့ မတည့်တဲဲ့သူဆိုရင်, ညစ်လည်း ညစ်ချင်ရင် အချိုပွဲကိုပါ ထည့်တွက်ပြီး ၅-ခွက်လို့ တင်ပြလိုက်တယ်။
တကယ်ပြုတ်တာဗျား။
ဟူပေပြည်နယ်က အရာရှိတစ်ယောက်ကတော့ ၅-ခွက်တော့ ၅-ခွက်ပဲ။ ဈေးအကြီးဆုံး ပင်လယ်စာတွေနဲ့ ဧည့်ခံတယ်။
“ဖြုန်းတီးတယ်”ဆိုပြီး သူလည်း ပြုတ်သွားတယ်။
တချို့က ဟင်း ၄-ခွက်ပဲ။ ဒါပေမယ့် တစ်ခွက်ချင်းမှာ ဟင်းပေါင်း လုပ်ထားကြတာ။
အတော်များများ စိတ်ညစ်ကုန်ကြတယ်။
===
အခုနက ပြောတဲ့ ဆရာမွေး, တပည့်မွေးတွေကလည်း ပြဿနာ တက်ပါတယ်။
အဆက်အသွယ် ရှာတယ်။ အဆက်အသွယ် ရှိတယ်။ ဆရာ မွေးလို့ ရတယ်။
ဒါပေမယ့် ဆရာကို ပြုစုခွင့် မရှိတော့ဘူး။ ပေးကမ်းလို့ မရတော့ဘူး။
ဆရာကလည်း မပျော်တော့ဘူး။
စိတ်မပါ့တပါ ဖြစ်လာတဲ့အခါ အစိုးရအလုပ်တွေကို တက်တက်ကြွကြွ မလုပ်ကြတော့ဘူး။
အကျိုးခံစားခွင့် နည်းနည်းနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာဟာ မြူးစရာ ဟုတ်မနေတော့ဘူးဆိုပါတော့။
သမ္မတရှီကျင့်ဖျင်ကိုယ်တိုင်လည်း ဈေးတန်းထဲမှာ ပေါက်စီဝယ်စားတာတို့, ဘာတို့ ကိုယ်တိုင် ချွေတာပြပါတယ်။
ဒါပေမယ့် ချွေတာတာက အားကျစရာ ဟုတ်မနေဘူးကိုး။
ပြီးတော့ ချွေတာကြပြီ, လာဘ်ငွေတွေလည်း လက်မခံတော့ဘူးဆိုရင်တောင် ရတဲ့ လစာက ပြဿနာ ဖြစ်နေတယ်။
ဒါတင်မက အဆက်အသွယ်စနစ်တွေ, သခင်မွေးတဲ့ စနစ်တွေကလည်း ပြဿနာ ရှိနေတယ်။
ပြီးတော့ အခု ငြိမ်သွားကြတာက ကြိုက်လို့မဟုတ်ဘဲ, ကြောက်လို့ ဖြစ်နေတယ်။
ကြောက်ငြိမ်ဆိုရာမှာ အလုပ်တွေမှာပါ ငြိမ်ကုန်ကြတာ။
“မလုပ်, မရှုပ်, မပြုတ်”အခြေအနေကို ထိန်းထားတဲ့ အနေအထားဖြစ်လာတယ်။
တခါ လူတွေကြားထဲမှာ
“အဂတိတော့ မစားပါဘူး၊ ဒါပေမယ့် အလုပ်လည်း မလုပ်ဘူး”ဆိုတဲ့ ဝေဘန်မှုတွေလည်း ဖြစ်လာပြန်တယ်။
===
မပျင်းတုန်း ပြောရတာ။
ပျင်းရင် မပြောတော့ဘူး။
Comments
Post a Comment