မည်းညစ်သော အလှူ့ဒကာတွေကို ဦးဇင်းလေးဆီ မရောက်စေရအောင်

 ၁၄ ဇန် ၂၀၂၆


KYD 

“Know Your Donor - သင့်အလှူရှင်ကို သိအောင် လုပ်ပါ”ဆိုတော့


“ဘုန်းကြီးက ရဲလုပ်ရမှာလား”လို့ မေးခွန်းထုတ်တတ်ကြတယ်။

တကယ်တော့ ဘုန်းကြီးက ရဲလုပ်စရာ မလိုအပ်ပါဘူး။


===


အရင်ဆုံး ဇာတ်ကြောင်း ပြောကြည့်ရအောင်။


ကိုရင်လေးတစ်ပါးဟာ စာကြိုးစားတယ်။ ကိုရင်တော် ဖြစ်လာသလို ဦးဇင်းဖြစ်တော့လည်း တော်တာပဲ။


သာရေး, နာရေးပွဲတွေမှာ ဟောတယ်, ပြောတယ်၊ အနေအထိုင် ကောင်းတယ်။ အကျင့်သီလလည်း ကောင်းတယ်။ ရှေ့တင်, ကွယ်ရာ ရိုးသားတယ်။ 


သူ့ပတ်ဝန်းကျင် အဝန်းအဝိုင်းသေးသေးလေးက ကြည်ညိုကြတယ်။ ပင့်ဖိတ်တယ်, လှူဒါန်းတယ်။ 

ကြည်ညိုသူ ပေါလာတော့ ဟိုဘက်ရပ်ကွက်ကလည်း ပင့်ချင်တယ်၊ ကြွပေးတယ်, ဟောကြားတယ်, ဆုံးမတယ်၊ ကြည်ညိုတယ်။


တဖြည်းဖြည်းနဲ့ ဦးဇင်းလေးကို ကြည်ညိုတဲ့ အဝန်းအဝိုင်းပရိသတ်က ထုကြီးလာတယ်။ 


အနီးကပ်ပြီး ဝေယျာဝစ္စ လုပ်ပေးမယ့် ကပ္ပိယတွေလည်း ရှိလာတယ်။


===


ဒီနေရာမှာ ဝမ်းနည်းစရာ ဇာတ်လမ်းတွေ လာတော့မယ်။

ဦးဇင်းလေးက နာမည်ကျော်လာတော့ အမည်းရောင်စီးပွါးရေးသမား အချို့က မျက်စိကျလာပြီ။


“ငါတို့နဲ့ အတိုက်အခံတွေကို တွယ်ချင်တယ်၊ ဒီဘုန်းကြီးကို အသုံးချလို့ ရတယ်”

“ငါ လှူလိုက်ရင် ဒီဘုန်းကြီး မငြင်းပါဘူး”

“ငါကလည်း ပုံမှန်ဈေးဖိုးဆိုရင်တောင် သိန်း ရာဂဏန်းလောက် သုံးစွဲနေတာ၊ ဒီဘုန်းကြီးအတွက် သိန်း လေးငါးရာ သုံးရတာ သိပ်များတယ် ပြောမရဘူး”


“ပြီးတော့ ငါက ဒုစရိုက်သမား၊​ နာမည်ပျက်တယ်၊ လူကြည်ညိုဖို့ ဒီဘုန်းကြီးကို ကပ်ထားမှ ရမယ်၊ ဒါမှ ဟိုကောင်တွေကို ငါ့ကို တိုက်ခိုက်လို့ မရမှာ”

“ဒါတင်မက ငါကလည်း သေမှာ တအားကြောက်တယ်၊ မသေအောင် ကုသိုလ်လုပ်ရမယ်ဆိုရင် ငွေနဲ့ပုံပြီး လုပ်သင့်, လုပ်ရမှာပဲ”

“သေရင် ငရဲကျမယ်လို့သူများတွေက ပြောကြတယ်၊ နတ်ပြည်ကိုလည်း ဝယ်ထားဖို့ လိုမယ်”


ပရိသတ်များခြင်းကို အကြောင်းပြုပြီး ဘုန်းကြီးဖြစ်လာတဲ့ ဦးဇင်းဟာ 

ငွေမည်းသမားတွေရဲ့ အကြောင်းကြောင်းသော အကြောင်းတွေကို ထောက်ဆပြီီး ချဉ်းကပ်ချင်စရာ ဖြစ်လာတယ်။​


===


ပိုပြီး ဝမ်းနည်းစရာ ကောင်းတာကို ပြောရရင်-

ဘုန်းကြီးဟာ အလွန်ငွေကုန်ကြေးကျ များပြားလွန်းတဲ့ သာသနာပြုလုပ်ငန်းကြီးတွေကို လုပ်ချင်ပါလိမ့်မယ်။ 

ကျန်းမာရေးအရ ငွေကုန်ကြေးကျ များပြားနိုင်တဲ့ ရောဂါတစ်ခုကို ကပ်ရောက်ပါလိမ့်မယ်။ 


ဒီအချိန်မှာ မူလအစ ကိုးကွယ်ခဲ့တဲဲ့ ဒကာ, ဒကာမတွေက ဆင်းရဲသားတွေ များတာကိုး။ ထောက်ပံ့လှူဒါန်းမှုတွေဟာ တမူးခြောက်ပြားလောက်ပဲ ဖြစ်နေတတ်တယ်။


ဒီအချိန်မှာ

“ဆရာတော် တပည့်တော် တာဝန်ယူပါတယ်”ဆိုပြီး ဝင်ချလာတယ်။

ဘုန်းကြီးရဲ့အမြင်မှာ ဘုရားရှင်ခေတ်က အနာထပိဏ်သူဋ္ဌေးလား ထင်မြင်ရတဲ့ မဟာကုဋေကြွယ် သူဋ္ဌေးတစ်ဦး။


သိန်းငါးရာ, တစ်ထောင်ကို အလွယ်တကူ လှူဒါန်းသွားတယ်။ ပြုချင်တဲ့ သာသနာလုပ်ငန်းက လျှောခနဲ ပြီးသွားတယ်။


“အရသာ”


ဆရာတော်လေးဟာ အရသာတွေ့သွားပါတယ်။


ဒါတင်မကသေးဘူး။ မဟာကုဋေကြွယ်သူဋ္ဌေးကြီးဟာ ကျောင်းကို VIP အဆင့်နဲ့ ဝင်ထွက်ခွင့် ရသွားတယ်။ အခြားအသိုင်းအဝိုင်းတွေကိုပါ ခေါ်ဆောင်လာတယ်။ ဆရာတော်ရဲ့ ကျန်းမာရေးအတွက်ဆိုပြီး စောင့်ရှောက်မယ့်ဆရာဝန်တွေကို ထားပေးတယ်။


နေ့စဉ်အချိန်ဇယားတွေကို စနစ်ကျအောင် ဆွဲပေးတယ်။ လူတိုင်းကို ဧည့်တွေ့ခွင့်ပေးရင် ပင်ပန်းမှာစိုးလို့ ဆရာတော်ရဲ့ ဧည့်တွေ့ချိန်ကိုပါ ကန့်သတ်လိုက်တယ်။


အဲဒီမှာ မူလတုန်းက ကြည်ညိုလှူဒါန်း, ထောက်ပံ့ခဲ့ကြတဲ့ အခြေခံလူတန်းစားတွေက ဆရာတော်ဘုရားနဲ့ ဝေးသည်ထက် ဝေးကွာလာပါတယ်။ 


အခါများစွာ အဝေးကနေ ဖူးတွေ့ရမယ်။

တခါတလေ အနီးအနားမှာ ဖူးတွေ့နိုင်မယ်။ ဒါပေမယ့် ဆရာတော်မှာ အရေးကြီးတဲ့လူတွေကို တွေ့စရာရှိနေလို့ ပြုံးပြပြီး ခဏပဲ နှုတ်ဆက်သွားမယ်။


“ဒီဆရာတော် ငယ်ငယ်လေးတုန်းကတည်းက ထောက်ပံ့ခဲ့တာ ငါတို့လေ”ဆိုပြီး ဝမ်းသာဂုဏ်ယူကြမယ်။


===


ကဲ… KYD ဘက်ကို ပြန်သွားကြရအောင်။


ဆရာတော်လေးရဲ့ အနီးကပ် ဒကာ, ဒကာမတွေဟာ သန့်စင်ရပါမယ်။ 

ဒီဒကာ, ဒကာမတွေဟာ ဂေါပကအဖွဲ့လည်း ဖြစ်လာလိမ့်မယ်။

လူသစ် မဟာကုဋေကြွယ်သူဋ္ဌေးကြီးတွေ လာသလား?


KYD အလုပ်ကို ဆရာတော်လေးက လုပ်စရာ မလိုဘူး။

ဂေါပကအဖွဲ့က အားမနာတမ်း စိစစ်ကြရမှာ။ 

ပုလိပ်စစ်, ရဲစစ် စစ်ကြရမှာ။


မရိုးသားရင် ဘယ်လောက်ပဲ လှူလှူ, ငြင်းလိုက်ပါတော့။


ဘာလို့ ငြင်းရမှာလဲ?

“အာဇီဝပါရိသုဒ္ဓိသီလ - ဆရာတော်လေးကိုယ်တိုင် အသက်မွေးမှုစင်ကြယ်တဲ့ သီလ”ကို ဖြည့်စည်းရမှာမို့လို့။ 


===


ဂေါပက အဖွဲ့က လျှောက်တယ်။

ဦးဇင်းလေးကလည်း အလှူငွေတွေ အများကြီး လိုအပ်နေတယ်။ 

သိပ်မငြင်းချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ?


အဲဒါကျတော့ မပြောဘဲနဲ့ ချန်ခဲ့ရမယ့် 

ဝမ်းနည်းစရာအကောင်းဆုံး ဇာတ်လမ်းလို့ ဆိုကြပါစို့။ 

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်