နိုင်ငံကြီးများဆန္ဒ သတင်းဦးစားပေးမှု
၂၅ မတ် ၂၀၂၆
အင်္ဂလန်ဘောလုံးပွဲပရိသတ် ပြိုင်ဘက်တွေအကြားမှာ အပြင်းအထန် ငြင်းခုံ, ကျီစယ်, ပျော်မြူးကြတဲ့ စကားနိုင်လုပွဲအပြီးမှာ ဦးဇင်းတစ်ပါးက ပြောပါတယ်။
"လူတွေခမျာလည်း ဝဋ်ကြွေးကြီးလိုက်တာနော်၊ ဆီဒုက္ခ ဒီလောက် ရောက်နေကြတာ ဘယ်ဘဝက ပြုခဲ့တဲ့ အကုသိုလ်တွေလည်း မသိဘူး"
ကိုယ်က ဘောလုံးပွဲ ငြင်းခုန်မှုကို ဘာမှ မပြောပေမယ့် လူမှုဒုက္ခတွေကို သနားကြင်နာတဲ့ "ကရုဏာ"ကို ပိုပြီး ကြင်နာချင်ပါတယ်။
ဒါပေမယ့် - ဝဋ်ကြွေးလား-ဆိုတဲ့ အချက်ကိုတော့ ငြင်းရမယ်။
===
ကမ္ဘာ့သတင်းတွေကို ဖတ်တဲ့အခါ သတိထားမိမလား မသိဘူး။
"ဟောမုဇ်ရေလက်ကြား ပိတ်တဲ့အခါ ဂျပန်, ကိုရီးယား, တရုတ်တို့က စိုးရိမ်"
ဒီလိုသတင်းမျိုး။
ဈေးကွက်ထဲက သတင်းတွေကို ကြည့်လိုက်ရင် ဒီနိုင်ငံတွေကပဲ အရင်ဆုံး ထိခိုက်တော့မလိုလို ဘာလိုလိုပဲ။
ကိုယ်တွေ နိုင်ငံတွေ ဘာမှမဖြစ်ခင် သူတို့က အရင် ထိခိုက်မလိုလို ဘာလိုလို ထင်ရတယ်။
ဒါပေမယ့် သူတို့နိုင်ငံတွေက နောက်ဆုံးမှ ထိခိုက်ပြီး ကိုယ်တွေနိုင်ငံတွေက အရင်ဆုံး နာကျင်တတ်ကြတာက အမှန်တရားပါ။
ဒါဆို သတင်းဌာနတွေက အဲဒီလိုသတင်းတွေကို ဘာလို့ ထိပ်ဆုံးက ဦးစားပေးပြီး ဖော်ပြကြတာလဲ?
ကိုယ်တို့တွေ သတင်းဖတ်တယ်ဆိုတာက အခမဲ့ ဘုံလောင်းတိုးပြီး ဖတ်ကြတာ။
သူတို့နိုင်ငံသားတွေ သတင်းဖတ်ကြတာက လစဉ်ကြေးလို ပိုက်ဆံပေးပြီး ဖတ်ကြတာ။
ဒီတော့ ပိုက်ဆံပေး ပရိသတ်တွေ အရင်ဆုံး သိချင်ကြတာက
"ငါတို့နိုင်ငံတွေ ထိခိုက်မှာလား"ဆိုတဲ့ ကိစ္စပဲ။
ဒါ့ကြောင့်မို့လို့ ဘောစိနိုင်ငံတွေရဲ့ စိုးရိမ်ကြောင့်ကြမှုကို ထိပ်ဆုံးက ဦးစားပေးပြီး ဖော်ပြကြတယ်။
ဒီလိုဖော်ပြမှုကလည်း သတင်းစာတွေကို ပိုပြီး အာရုံစိုက်စေတယ်။ ပိုရောင်းရစေတယ်ပေါ့။
ကိုယ်က လိုချင်တယ်။
"မြန်မာအကြောင်းလည်း သုံးသပ်ပေးပါဦး"
ဒါဆိုရင် လာတော့ လာမယ်။
ဘောစိတွေ သိချင်တဲ့ ထိပ်တန်းဦးစားပေးသတင်းတွေကို ထောင့်ပေါင်းစုံအောင် သုံးသပ်ပြီးတော့မှ လာလိမ့်မယ်။
ဘာလို့လဲ?
ထိခိုက်နိုင်ခြေ အမြင့်ဆုံးထဲမှာ ပါပေမယ့် ဘာလို့ အရင်ဆုံး ဖော်ပြမခံရတာလဲ?
"ဝဋ်ကြွေးလား"
မဟုတ်ပါ။
သတင်းစာဖတ်သူတို့ရဲ့ ဆန္ဒကြောင့်ပါ။
===
နောက်တစ်ခုကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆန္ဒ။
သူတို့ဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိကြတယ်။
ဖွံ့ဖြိုးပြီး နိုင်ငံတွေက ခံနိုင်ရည်ကို ကျော်သွားပြီဆိုရင် နည်းနည်းလေး နှာစေးချောင်းဆိုး ဖြစ်လာပါမယ်။
ဒါပေမယ့်- သူတို့ရဲ့ မိတ်ဖက် ဖွံ့ဖြိုးဆဲနိုင်ငံတွေကတော့ အလောသုံးဇယ်, (မရဏာသန္န အလယ် သုံးဇော)ကို ရောက်ခဲ့ပြီး ဖြစ်ပါလိမ့်မယ်။
ကိုယ်ဘာသာ အားနည်းလို့ နာကျင်တာ အပြင်, မိတ်ဖက်နိုင်ငံကြီးတွေဆီက လာတဲ့ နာကျင်မှုကြောင့် ကိုယ်က ခုခံအား ကျဆင်းပြီး ခွေလဲကျသွားတတ်တယ်။
ဒါ့ကြောင့် ကိုယ့်နာကျင်မှုကိုသာမက သူများနာကျင်မှုကိုပါ အာရုံစိုက်ကြရသေးတယ်။
ဒါက ဖွံ့ဖြိုးဆဲနိုင်ငံတို့ရဲ့ ဆန္ဒပါ။
ဒီလိုဆန္ဒကြောင့်လည်း သတင်းတွေမှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ စိုးရိမ်မှုကို ဦးစားပေးကြရတယ်။
တကယ်တမ်း- ဖွံ့ဖြိုးပြီး နိုင်ငံတွေ စိုးရိမ်နေကြချိန်မှာပဲ အင်အားနည်း နိုင်ငံတွေက အမြန်ဆုံး မောပန်းလာတတ်ကြတယ်။
ဒါက ဝဋ်ကြွေးလား?
ဝဋ်ကြွေး ဟုတ်ရင် ဟုတ်မယ်။
"ခံနိုင်ရင် ကွာဟမှု"လို့ ပြောရင် ဝဋ်ကြွေးထက် ပိုပြီး လက်တွေ့ကျပါမယ်။
===
နောက်ထပ်တစ်ခု ပြောပါဆိုရင်တော့ ပွင့်လင်းမြင်သာမှုပါပဲ။
ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ ကိုယ့်ရဲ့ ဘဏ္ဍာရေးခံနိုင်ရည်တွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြပြီးသား ဖြစ်တတ်ကြတယ်။
ငါတို့မှာ ငွေ ဘယ်လောက် ရှိတယ်၊
ဘယ်လောက်အထိ ခံနိုင်တယ်။
လှောင်ထားတဲ့ ဆီ - ကုန်သွားရင်တောင် ပိုက်ဆံရှိတယ်။ ထပ်ဝယ်နိုင်တယ်။
အကုန်လုံးနီးပါးကို ပွင့်လင်းမြင်သာစွာ ဖော်ပြပြီးသား။
ဒီတော့ အချက်အလက်အကြောင်း ပြောကြမယ်ဆိုရင် ပွင့်လင်းနိုင်ငံကြီးတွေရဲ့ အချက်အလက်ကို အလွယ်တကူ ထုတ်ပြောနိုင်ကြတယ်။
ဒါ့ကြောင့်လည်း ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေက ဦးစားပေးခံရသလို ဖြစ်သွားပြန်တာပါပဲ။
နိုင်ငံငယ်တွေကျတော့ ဆီ ဘယ်လောက်ကျန်တယ် မသိ, ငွေ ဘယ်လောက်ကျန်တယ် မသိ။
"ခံနိုင်ရည် နည်းလိမ့်မယ် ထင်တယ်"လို့သာ ပြောရတယ်။
ဘယ်လိုအချက်အလက်ကို ကိုင်ပြောရမယ် မသိဘူး။
ခံရပြီဆိုမှသာ "ဪ နာကြပြီကော"လို့ ပြောကြရတယ်။
ဝဋ်ကြွေးက နှိပ်စက်ချိန် တန်လို့-လို့ ပြောဖို့ ခက်ပါတယ်။
===
"ဝဋ်ကြွေး"လို့ ပြောလိုက်ရင် အကြောင်းရှာဖို့ မလိုအပ်တော့ဘူး။
အကြောင်းပြရင်တောင်
"အရင်ဘဝက ဘယ်လိုအကုသိုလ်တွေ ပြုခဲ့တယ် မသိဘူး"
ဒီလို, ဒီလောက်ပဲ ပြောခဲ့စရာ ရှိပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေက ခံနိုင်ရည် ရှိသော်ငြား ဦးစားပေး ခံရတယ်။
"ဝဋ်ကြွေးကင်းတာလား"
မဟုတ်ပါခင်ဗျား။
ဝဋ်ကြွေးနဲ့ မဆိုင်တဲ့ ခိုင်မာသော အကြောင်းကိုယ်စီ ရှိတတ်ကြပါတယ်။
===
ကိုယ်တို့ ကြည်ညိုတဲ့ ကရုဏာ။
"ဒီဒကာ, ဒကာမတွေကို သနားလိုက်တာ"
ဒီကရုဏာကို ကြည်ညိုပါမယ်။
ပြီးရင် -
ဝဋ်ကြွေးစကား ပြောလို့လည်း ရတယ်။ နားထောင်ပေးပါမယ်။
သို့သော်- ဝဋ်ကြွေးကင်းအောင် ကြိုးပမ်းတာဟာ အကုသိုလ်မဟုတ်ဘူး။
ဒီလိုကာလတွေမှာ ခံနိုင်ရည်ရှိဖို့-ဆိုတာကိုလည်း ခွင့်ပြုပေးစေချင်တာပါ။
ဝဋ်ကြွေးကင်းအောင် ကြိုးပမ်းတယ်ဆိုတာဟာ ဘာသာရေးကုသိုလ်ပြုတာသပ်သပ်ချည်းပဲ မဟုတ်,
ဂျပန်, ကိုရီးယား-စသည်တို့ ပြုခဲ့သော ပညာကောင်းမှု ကုသိုလ်လုပ်ငန်းတွေကလည်း အရေးကြီးတယ်လို့ လက်ခံ, ခွင့်ပြုဖို့ပါ။
===
ဝဋ်ကင်းစေလိုသော ကရုဏာတို့ သန်မာ, အားကောင်းကြပါစေ။
မဟာကရုဏာရှင်, မဟာပညာရှင်တို့ တာဝန်မှန်ကို ယူလိုကြပါစေကုန်။
Comments
Post a Comment