အိမ်နီးချင်း ညီအမ (၇) ဖော်

 ၁၀ ဖေ ၂၀၂၆


မြန်မာပြည်က အိန္ဒိယကို ဘာသာရေးအရ သိကြတယ်။


ရှေးခေတ်ကဆိုရင် ဗာရာဏသီတို့, သာဝတ္ထိတို့, ရာဇဂြိုဟ်တို့, လုမ္ဗိနီတို့။ 

ကနေ့ခေတ်ဆိုရင် ဘီဟာတို့, ဂယာတို့, နီပေါတို့။ 


အိမ်နီးချင်းဖြစ်နေတဲဲ့ ချင်းပြည်နယ်ထိစပ် အိန္ဒိယပြည်နယ်တွေကိုကျတော့ သိပ်မလေ့လာဖြစ်ကြတာ များတယ်။ (အထူးသဖြင့် မြန်မာပြည်မသားတွေ) 


“ဘာသာရေးနဲ့ မဆိုင်လို့ စိတ်မဝင်စားဘူး”ဆိုတာက အဓိကအကြောင်း။


ဘင်္ဂလားဒေ့ရှ်ကိုလည်း ကော့ဘ်ဇား, ဒုက္ခသည်စခန်းလောက်ကိုပဲ သိပြီး ဟိုဘက်ဒေသများနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြောင်းကိုလည်း မလေ့လာဖြစ်တတ်ကြဘူး။ (သမိုင်းဆရာတွေက လူနည်းစုပါ) 


အခုနကပြောတဲ့ “ဘာသာရေးနဲ့ မဆိုင်လို့ စိတ်မဝင်စားဘူး၊ ကိုယ့်အတွက် ဘဝအမြတ်ကျန်မယ့်ကိစ္စတွေလည်း မဟုတ်ဘူး”ဆိုတာက အဓိကဖြစ်ပါလိိမ့်မယ်။


ဒီလိုနဲ့ “အိမ်နီးချင်းတို့သည် ပါပမိတ္တများသာ ဖြစ်၏၊ ကလျာဏမိတ္တမရှိ”ဆိုတဲ့ အဆိုးမြင်ဝါဒက ထွန်းကားလာတယ် ထင်ပါရဲ့။ 


===


မြန်မာပြည်နားက အိန္ဒိယပြည်နယ် (၇) ခုကို ကြက်လည်ပင်းအထက် ခေါင်းပိုင်းက ညီအမ (၇) ဖော်ပြည်နယ်များလို့လည်း ခေါ်ကြတယ်။


ကြက်လည်ပင်းဆိုတာက အိန္ဒိယကို ပါကစ္စတန်နဲ့ ခွဲခြားတဲ့အခါ အရှေ့ပါကစ္စတန် (အခု ဘင်္ဂလားဒေ့ရှ်) မြေပုံက အထက်ပိုင်းမှာ စွယ်ထွက်ပြီး နီပေါလ်နိုင်ငံဘက်ခြမ်း ချွန်ထိုးထားတယ်။


ဘင်္ဂလားဒေ့ရှ်-နီပေါလ် အနီးဆုံးနယ်စပ်က အကျဉ်းဆုံး (၂၂-ကီလိုမီတာ) ဖြစ်နေတဲ့အခါ အဲဒီနေရာလေးက အရှေ့ပိုင်း (၇) ပြည်နယ် (၈-ပြည်နယ်) ကို အိန္ဒိယပြည်မကြီးနဲ့ အဆက်အသွယ် ဖြတ်တဲ့ ကြက်လည်ပင်းဒေသ ဖြစ်သွားတယ်။


အရှေ့ပိုင်း (၇) ပြည်နယ်ကို ညီအမ (၇) ဖော်လို့ ခေါ်ကြပြီး ကြက်လည်ပင်းနဲ့ အနီးဆုံး စစ်ကင်ပြည်နယ်ကိုရော ထည့်ရင် ညီအစ်ကို (၈) ဦးလို့လည်း ခေါ်ကြပြန်တယ်။ 


ညီအမ (၇) ဖော်က

  • တြိပူရပြည်နယ်
  • မီဇိုရမ်ပြည်နယ်
  • မဏိပူရပြည်နယ်
  • နာဂလန်းပြည်နယ်
  • အာသံပြည်နယ်
  • မေဃာလယပြည်နယ်
  • အရုနာချယ်လ်ပြည်နယ်


ဒီပြည်နယ်တွေကို စိတ်ထဲမှာ ပေါ်လာအောင် ပြောဖို့ဆိုရင် ဇာတ်လမ်းလေးတွေနဲ့ တွဲပြောသင့်တယ်။ 


===


ဒေါက်တာ အမ်ဘေဒကာတို့ ဖွဲ့စည်းပုံရေးတဲ့အခါ နှစ်ပေါင်းများစွာ ရည်ရွယ်ချက်ရှိရှိ နှိမ်ချခံရတဲဲ့ လူတန်းစားတွေကို “ကာကွယ်ပေးလိုသော အပြုသဘောဆောင် ခွဲခြားဆက်ဆံမှု”ပြုပြီး အုပ်စုခွဲတယ်။


  • ST (Scheduled Castes) အဓိပ္ပါယ်မရှိိိ ခွဲခြားခံရတဲ့ ဇာတ်နိမ့်များ
  • ST (Scheduled Tribes) အဓိပ္ပါယ်မရှိ ခွဲခြားခံရတဲ့ တိုင်းရင်းသား မျိုးနွယ်စုများ


မူလတုန်းက အဲဒီ (၂) ခု ခွဲခြားတယ်။ ဝေဒခေတ်တွေကတည်းက ခွဲခြမ်းခံထားရတဲ့ ဇာတ်တွေ, မျိုးနွယ်တွေမို့ နိမ့်ကျနေတဲ့ လူတန်းစားတွေ။ 


သူတို့ဟာ နိမ့်ကျနေတဲ့အတွက် ဉာဏ်မကောင်းဘူး၊ ဆွဲခေါ်ရမယ်။ တက္ကသိုလ်တက်ရင် သူတို့အတွက် ဝင်ခွင့်အမှတ်ကို လျှော့ရမယ်။ နိုင်ငံရေးအမတ် ကုလားထိုင်နေရာကို ချန်ထားရမယ်။ ဝန်ထမ်းလောကမှာ အလုပ်နေရာ, ရာထူးနေရာ သီးခြားချန်ထားရမယ်။ 


အိန္ဒိယတစ်နိုင်ငံလုံးမှာ ST စာရင်းဝင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၇၀၅) ခု ရှိတဲ့အနက် ညီအမ (၇) ဖော်ပြည်နယ်တွေမှာ လူဦးရေနည်းနည်းစီနဲဲ့ တိုင်းရင်းသားမျိုးနွယ်စု အများဆုံးပြည်နယ်တွေပဲ။


ဒီပြည်နယ်တွေဟာ တိုင်းရင်းသားမျိုးနွယ်စုတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတွေလိုရော, ပြည်ထောင်စုရဲ့ အာဏာထက် ပြည်နယ်ရဲ့ အာဏာက ပိုပြီး သက်ရောက်တဲ့နေရာတွေလည်း ရှိိကြတယ်။ 


ပထဝီအရဖြစ်စေ, မျိုးနွယ်စုအနေအထားအရ ဖြစ်စေ, ဒီဒေသကို “အိန္ဒိယရဲ့ တောင်တန်းဒေသ”လို့လည်း ပြောသင့်တာပေါ့။ 


===


လွတ်လပ်ရေး ရပြီးနောက် အရှေ့ပါကစ္စတန်ကို အနောက်ပါကစ္စတန်က ကီလိုမီတာ (၁၀၀၀) ကျော်အကွာကနေ လှမ်းပြီး အုပ်ချုပ်တယ်။ ၁၉၇၁-ခုနှစ်မှာ အရှေ့ပါကစ္စတန် အဝါမီ လိဂ် ပါတီက အနိုင်ရတဲ့အခါ အနောက်ပါကစ္စတန်က အာဏာလွှဲမပေးဘဲ ဆန္ဒပြသူတွေကို စစ်တပ်လွှတ်ပြီး သတ်တယ်။ 


နိုင်ငံရေးကြောက်လို့ အရှေ့ပါကစ္စတန်သား လူဦးရေ (၁၀) သန်းလောက် အိန္ဒိယထဲကို ဝင်ပြေးကြတယ်။ 

အဲဒီ ဆယ်သန်းထဲမှာ-


  • အနောက်ဘင်္ဂလားပြည်နယ်ထဲကို (၇.၅) သန်းနဲ့ အများဆုံး ဝင်ပြေးကြတယ်။ 
  • မြောက်ဘက်ကပ်လျက်သား တြိပူရပြည်နယ်လေးဟာ မူလတုန်း လူဦးရေ (၁.၅) သန်းလောက် ရှိခဲ့တယ်။ အရှေ့ပါကစ္စတန်ထဲကနေ လူတွေ ပြေးဝင်လာတာက (၁.၃) သန်းလောက်။ ဒီတော့ ဒုက္ခသည်နဲ့ ဒေသခံက အတူတူလောက် ဖြစ်သွားတယ်။ 
  • မြောက်ဘက် တောတောင်တွေကို ဖြတ်ပြီး မေဃာလယပြည်နယ်ထဲကို ဝင်လာတာက ၆၇၀,၀၀၀ ဝန်းကျင်ရှိတယ်။ 
  • မြောက်ဘက် အာသံပြည်နယ်ထဲကို ဝင်လာတာက (၃၅၀,၀၀၀) လောက် ရှိတယ်။
  • အနောက်ဘက် ဘီဟာပြည်နယ်ထဲကိုလည်း (၃၅၀,၀၀၀) လောက်ပဲ ဝင်လာတယ်။ 


(မြန်မာနိုင်ငံ, ရခိုင်ပြည်နယ်ထဲကိုလည်း ပြေးဝင်ခဲ့ကြတယ်။ အိန္ဒိယလောက် မများဘဲ သောင်းဂဏန်းကနေ သိန်းဂဏန်းနီးပါးလောက် ရှိနိုင်တယ်လို့ ယူဆကြပါတယ်။)


ဆိုတော့ကား- (၁၉၇၁) အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ်) ပြည်နယ်ကနေ ဝင်လာတဲ့ဒဏ်ကို ခံကြရတဲ့အထဲမှာ ညီအမ (၃) ဖော်လည်း ပါတယ်။ 

တြိပူရ, မေဃာလယ, အာသံ - ပြည်နယ်သုံးခု။ စုစုပေါင်း ဒုက္ခသည် ၂.၄ သန်းဝန်းကျင်။ 


ဒီညီအမ (၃) ဖော်ထဲမှာမှ တြိပူရက အများဆုံး လက်ခံံရပေမယ့် ပွဲအဆူဆုံးက အာသံပြည်နယ် ဖြစ်ပါတယ်။

အာသံမှာ ဒီဒုက္ခသည်အရေးအတွက် နှစ်ပေါင်းများစွာ ဆူဆူပွက်ပွက် ဖြစ်နေကြတာ။ အခုအချိန်အထိ လိပ်ခဲဲတည်းလည်းပါပဲ။ (နောက်မှ ပြောဦးမယ်) 


===


တြိပူရပြည်နယ်ကို TTAADC (တြိပူရ မျိုးနွယ်စု အေရိယာများဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကောင်စီ) ကနေ အာဂါတလမြို့မှာ မြို့တော်လုပ်ပြီး အုပ်ချုပ်တယ်။ ပြည်နယ်ရဲ့ (၇၀) ရာခိုင်နှုန်းကို ဒီကောင်စီက အုပ်ချုပ်တယ်။ လက်ရှိပြည်နယ်လူဦးရေ (၄.၂) သန်းလောက် ရှိတယ်။ ရာဘာ, သဘာဝဓာတ်ငွေ့နဲ့ စိုက်ပျိုးရေးကို အဓိက လုပ်တယ်။ 


မျိုးနွယ်စု ဘာသာစကားတွေကို အသုံးပြုကြတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက (၈၅) ရာခိုင်နှုန်းလောက် ဝိုင်းပတ်ထားတယ်။ 

အိန္ဒိယပြည်မအစိုးရဟာ တြိပူရပြည်နယ်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းကို အသုံးပြုခွင့် ရဖို့ အမြဲကြိုးစားနေရတယ်။  


၁၉၇၁-မှာ ဘင်္ဂါလီစကားပြောသူ ဒုက္ခသည်တွေ လှိမ့်ဝင်လာပြီး မပြန်ကြတော့ဘူး။ အခုအချိန်မှာ ဒေသခံ တိုင်းရင်းသားစကားပြောသူက (၃၀) ရာခိုင်နှုန်းလောက်ပဲ ကျန်ရစ်တယ်။ ဘင်္ဂါလီစကားပြောသူက (၇၀) ရာခိုင်နှုန်းလောက် ဖြစ်သွားတယ်။


ဘာသာစကား မတူပေမယ့် ဟိန္ဒူတွေ များတယ်။ ဟိန္ဒူတွေပေမယ့် ဘာသာစကားမတူတာက တြိပူရမျိုးနွယ်စုတွေအတွက် စိတ်မသက်သာစရာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် လူနည်းစု ဖြစ်တဲ့အခါ ဧည့်သည်တွေကို အိမ်ရှင်လို ခံစားလာရတယ်။


အခုနောက်ဆုံး တြိပူရမျိုးနွယ်စုတွေဟာ တဖြည်းဖြည်းနဲ့ မှေးမှိန်ပျောက်ကွယ်သွားတာမျိုး မဖြစ်ရအောင် Greater Triland လို့ခေါ်တဲ့ သီးသန့်ပြည်နယ်တစ်ခုကို တောင်းနေကြတယ်။


ဩဇာအကြီးဆုံး ပါတီက Tipr Motha ဖြစ်ပြီး ခေါင်းဆောင်က တော်ဝင်မျိုးနွယ် Pradyot Debbarma ပါ။


Greater Triland ဆိုတာကတော့ ယဉ်ကျေးမှုတူတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကို ဘင်္ဂါလီဘာသာစကာားပြော လူမျိုးတွေရဲ့ လွှမ်းမိုးမှုမှ ကာကွယ်ရအောင် နိုင်ငံရေးနယ်မြေတစ်ခု သတ်မှတ်ပေးစေချင်တဲ့ သဘောပါ။ 


စားပွဲဝိုင်းမှာ ပြောနေကြတုန်းပဲ။ 


===


မြောက်ဘက်နား မဏိပူရပြည်နယ်ကတော့ ၂၀၂၃-မှာ မြေပြန့်သား“မေတေး”လူမျိုးစုနဲ့ တောင်ပေါ်သား “ကူကီး” လူမျိုးစု ၂-ခုအကြား တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပြီး အလယ်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့ ချထားရပါတယ်။ 


ပြဿနာက “မျိုးနွယ်စု အထူးအခွင့်အရေး”ကို ST စာရင်းထဲ မပါရင် မရဘူး။ မေတေးတွေက ST မရဘူး။ ကူကီးတွေက ST ရတယ်။ 

မရတဲ့ မြေပြန့်သား မေတေး-လူမျိုးတွေက ST ကို လိုချင်ရာကနေ စ,တာ။


နောက် မပျင်းမှ ပြောသေးတာပေါ့။ 


Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်