လူဥပဒေနဲ့ ဘာသာရေးလောက

 ၂၄ ဇန် ၂၀၂၆


ဘာလို့ ရယ်ကြတာပါလိမ့်?


ရယ်စရာ ပြောတာ မဟုတ်၊ အတည်ပြောတာပါ။ 


"လိုင်စင်မဲ့ကားတွေကို ခိုးတာမဟုတ်, ဝယ်စီးတာ"ဆိုတာက ဘုန်းကြီးတွေရဲ့ သဘောရိုးစစ်စစ်ပါ။ 


===


ခိုးတယ်ဆိုတာကို အိမ်ခြံ ဖောက်ထွင်း, ခိုး, ဆိုး, လု, နှိုက်-စသည်လို့ပဲ သတ်မှတ်ထားတယ်။ 


လိုင်စင်မဲ့ကားတွေကို ဘုန်းကြီးတွေဟာ Grand Thief Auto အနေနဲ့ ရိုက်လုခဲ့တာ မရှိဘူးလို့ တွက်ထားတယ်။


လမ်းဘေးမှာ ဒီအတိုင်း ရောင်းနေတယ်။ အဲဒါကို နားလည်တတ်ကျွမ်းသူနဲ့ ချိတ်ဆက်ပြီး ဝယ်ယူတယ်။ 


ဘယ်သူ့ဆီကမှ ရိုက်မလုဘူး။ 


ပုံမှန်ပစ္စည်း ဝယ်သလိုပဲ ဈေးနည်းနည်းဆစ်တယ်။ ပြီးရင် ဝယ်တယ်။ သုံးတယ်။ 


"ဥပဒေ"တွေကို ကြည်ညိုသူ ဒကာ, ဒကာမတွေက လေ့လာခွင့် ပေးမထားဘူး။ 


"ကိုယ်တော့် ဥပဒေတွေကို လျှောက်ဖတ်နေတော့ တရားကို ဘယ်အချိန် အားထုတ်မှာလဲ"


ဒီတော့ တရားအားထုတ်တယ်။ လိုင်စင်မဲ့ကားစီးတယ်။ ဥပဒေ နားမလည်ဘူးဆိုတဲ့ အခြေအနေကို ရောက်သွားတယ်။ 


"အရှင်ဘုရားက လူတွေကို တရားခံ လုပ်နေတာလား"


ဒီရက်ပိုင်းမှာ ဥပဒေစကား ပြောလို့ ရှုံ့ချခဲ့တဲ့လူတွေကို အရင်ဆွေးနွေးချက်တွေမှာ ဝင်ဖတ်ပြီး အကဲခတ်လို့ ရပါတယ်။​


လူတွေ ခွင့်မပြုလို့, ဥပဒေဖတ်တဲ့ ဘုန်းကြီးကို ကြည်ညိုဖို့ Taste ပျောက်လို့ကို လူတွေကလည်း မကြည်ညိုလို့ ဥပဒေနားလည်တဲ့ ဘုန်းကြီးတွေက နည်းသွားခဲ့တာပါ။


သူ့အကြောင်းနဲ့ သူ့အကျိုး သဘာဝကျကျ ဖြစ်ထွန်းသွားခဲ့တာ။ 


===


လူတွေရဲ့ အရသာပျောက်ပုံကို အရင်ပြော။ 

"တို့ဘုန်းဘုန်းက ၂၂၇-သွယ်သော သိက္ခာပုဒ်တွေကို တသွေမတိမ်း လိုက်နာတယ်၊ အနေအထိုင်လည်း ကောင်း, စိတ်ဓာတ်လည်း ကောင်းတယ်"


ဒါဆိုရင် လူတွေ ကြည်ညိုဖို့ Taste ဖြစ်ထွန်းတယ်။ 


ဘုန်းကြီးတစ်ပါးက ဥပဒေစကား ပြော။

"လိုင်စင်မဲ့ကားဆိုတာဟာ ပို့်ကုန်သွင်းကုန်ဥပဒေ ပုဒ်မ (၈) ကို ငြိတာပဲ။ ဒီပုဒ်မနဲ့ ငြိရင် ကျောင်းထဲမှာ ကားထားရုံလေးနဲ့ ၃-နှစ်ထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ, ငွေဒဏ်ဖြစ်စေ, ပြစ်ဒဏ် ၂-ရပ်လုံးဖြစ်စေ, ကျခံရမယ်...


လမ်းပေါ်မှာ မောင်းပြီဆိုရင်တော့ မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ၂၀၁၅။ ပုဒ်မ ၅၂ (က) အရ လိုင်စင်မဲ့ကားအသုံးပြုမှုအတွက် ၁-လထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ, တစ်သိန်းထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ, ၂-ရပ်လုံးဖြစ်စေ, ကျခံရမယ်။


လူလိုင်စင်မရှိရင်တော့ ပုဒ်မ ၅၅-အရ ၁လထက် မပိုတဲ့ ထောင်ဒဏ်, ငွေဒဏ်စသည် ကျမယ်"


ဒီလို ပြောရင် ဒကာ, ဒကာမတွေက အရသာ လျော့သွားတယ်။ 

"ဒီဘုန်းကြီးက ရှေ့နေစကား ပြောနေတယ်၊ ဘုန်းကြီးနဲ့ မတူချင်ဘူး၊ ငယ်ဖြူမှ ဟုတ်ရဲ့လား မသိဘူး၊​ ရှေ့နေစကား ပြောရင်တော့ တရားမရှိလောက်ဘူး"


ဥပဒေစကား ပြောရုံလေးနဲ့တင် အရသာပျောက်သွားမှာ။ 


===


တကယ့်ပြဿနာက ဥပဒေလည်း ရှိတယ်, တည်ဆဲလည်း ဟုတ်တယ်, မျှလည်း မျှတတယ်။ 


ဒါပေမယ့် "မျက်စိမှိတ်ထား"တဲ့ ပြဿနာ။


ဒီနေရာမှာ Necessity တွေ ဝင်လာတယ်။ လိုချင်မှုတွေ မဟုတ်ဘူးနော်။ လိုအပ်ချက်တွေ။ 


တောရွာ ကျောင်းထိုင်ဘုန်းကြီတစ်ပါးဟာ သူငယ်ချင်းပါ။ ကိုရင်တွေ, ကျောင်းသားတွေ အများကြီးကို စာသင်ပေးနေတယ်။ 

ညရေးညတာ ကျန်းမာရေး ပြဿနာဖြစ်တိုင်း ရွာထဲက ကားရှိတဲ့ အိမ်ကို သွားသွားနှိုးနေရတာက အလုပ်တစ်ခု ဖြစ်ပါသတဲ့။ 


ဒီတော့ "လိုအပ်ချက်"အရ ကားတစ်စီး တောင့်တတယ်။ 

ဒါပေမယ့် လိုင်စင်ကားကိုလည်း မဝယ်နိုင်ဘူး။ 


ဒကာ, ဒကာမတွေက ခွင့်မပြုတဲ့အတွက် မော်တော်ယာဉ်ဥပဒေတွေကို မသိဘူး။ လိုင်စင်ကားဖြစ်မယ့် လုပ်ထုံးလုပ်နည်းတွေကိုလည်း မသိဘူး။ 


ဒီနေရာမှာ မျက်စိမှိတ်ထားတဲ့ လစ်ဟာပေါက်တွေက "တရားဝင်လုနီးပါး" လမ်းကြောင်းတွေ ဖြစ်လာတယ်။ 


တရားဝင်လုနီးပါးဆိုတာက-

- ဒီပမာဏကို တတ်နိုင်တဲ့ ပိုက်ဆံရှိတဲ့ လူတိုင်းက စီးနေကြတယ်

- စည်းကမ်းထိန်းသိမ်းရေးတွေက တခါတလေ မျက်စိမှိတ်ထားတယ်။ 

- တခါတလေ ငွေတောင်းပေမယ့် ပြဿနာကြီး မလုပ်ဘူး

- တခါတလေ တချို့အရာရှိတွေက လိုင်စင်မဲ့ကားကိုတောင် လှူသေးတယ်။ 


ဘုန်းကြီးရဲ့ စိတ်ထဲမှာ ဥပဒေနားမလည်, ဥပဒေမစိုးမိုးတဲ့ ဒေသမှာ ဒီနည်းလမ်းတွေက "တရားဝင်ပဲ"လို့ ထင်သွားပါတယ်။ 


===


တချို့က ဆိုကြ။ 

"ဘယ်... ကားတောင် စီးနိုင်တဲ့ ဘုန်းကြီးတွေ ဘယ်အ,မလဲ၊ လူလည်တွေ၊ ဥပဒေမသိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"


တွေ့တဲ့ ဘုန်းကြီးကို လိုက်မေးကြည့်ပါ။ 

အခုနက မော်တော်ယာဉ် ဥပဒေ ပုဒ်မနံပါတ်တွေကို သိသလားလို့။ ဒါနဲ့ စကားမစပ်- ခင်ဗျားကရော အဲဒီပုဒ်မတွေကို သိဖူးသလား?


ပြီးတော့ ဒကာ, ဒကာမတွေကိုလည်း မေးကြည့်ပါ။​

"ရှေ့နေစကား ပြောတဲ့ ဘုန်းကြီးကို ဘယ်လိုသဘောရသလဲ"လို့။ 


ပြီးရင် ကောက်ချက် ပြန်ချပါ။ 

"ဘုန်းကြီးတွေဟာ ဥပဒေကြောင်းကို အမှန်တကယ် နားမလည်ဘူး၊ နားလည်တယ်"


===


ဒီတော့ သူငယ်ချင်းဟာ "တရားဝင်လုနီးပါး" ဖြစ်တဲ့ လမ်းကြောင်းကို ရွေးတယ်။ လိုင်စင်မဲ့ကား ဝယ်တယ်။ ကိုယ်နဲ့ တွေ့တဲ့အချိန်အထိ ကိုရင်, ကျောင်းသား (၈) ဦးရဲ့ အသက်ကို အရေးပေါ် ကယ်နိုင်ခဲ့ပြီးပြီလို့ ဆိုပါတယ်။ 


သူက လိုင်စင်မဲ့ ကားကို ကိုရင်, ကျောင်းသား အသက်ကယ်ဖို့ ဝယ်ယူ, သုံးစွဲခဲ့တယ်။ 


"ဥပဒေ"ကို ထိန်းသိမ်းပါ့မယ်လို့ တာဝန်ခံထားတဲ့ တရားရေးဝန်ထမ်းတွေက ဘာလုပ်နေကြသလဲ? 


ငွေရှာနေကြတာ မဟုတ်ဘူးလား?

ငွေရှာပြီး မျက်စိမှိတ်နေခဲ့ကြတာ မဟုတ်ဘူးလား?​


မျက်စိမှိတ်ပေးရင်းနဲ့မှ လူတွေအနေနဲ့ ဥပဒေချိုးဖောက်ရတာကို ယဉ်ပါးလာကြရတာ မဟုတ်ပေဘူးလား?


===


ကိုယ်ပြောခဲ့တာဟာ ရယ်စရာ မဟုတ်ပါ။​

- လူတွေက ဥပဒေစကားပြောတဲ့ ဘုန်းကြီးကို မကြည်ညိုပါ။ လူတွေ မကြည်ညိုမယ့် အလုပ်မျိုးကို ဘုန်းကြီးတွေက ရှောင်ပါတယ်။ 

- လိုင်စင်မဲ့ကားကို GTA ဂိမ်းထဲကလိုမျိုး ရိုက်လုခဲ့တာ မဟုတ်ပါ။ 

- ဈေးတန်းမှာ ကားပိုင်းထားတဲ့, ကားရောင်းချင်တဲ့သူဆီက ဈေးဆစ်ပြီး ငွေအကြေချေပြီး ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ 

- လက်ဝယ်ထားရှိတယ်, လမ်းပေါ်မှာ မောင်းနှင်တယ်ဆိုရင် ဘယ်ဥပဒေတွေနဲ့ ငြိစွန်းကြောင်း မသိကြတာ များပါတယ်။ 



ဒီလိုပြောလို့ "အပြစ်မဲ့တယ်"လို့ မဆိုလိုပါ။ 

လူတွေဟာ Holy ဖြစ်တဲ့ ဘုန်းကြီးကို သန့်စင်စွာ ကြည်ညိုချင်ကြလို့ ဥပဒေစကား, ရှေ့နေစကားကို ကဲ့ရဲ့ပြစ်တင်ခဲ့ကြပေမယ့် Holy Ignorance ဖြစ်အောင် တွန်းပို့လိုက်မိကြတယ်။ 


ဘုန်းကြီးတွေဟာ ဥပဒေ နားမလည်ချင်ဘူးဆိုတာထက် လူတွေက နားလည်ခွင့် မပြုဘူး-လို့ ပြောရင် ပိုတိကျမယ်။ 

လူတွေကလည်း ဘုန်းကြီးပါးစပ်က ရှေ့နေစကား ထွက်ရင်ပဲ​ Taste ပျောက်လို့မို့ ဥပဒေနားလည်ခွင့် ပြုမထားတာ။ 


ဒီလိုနဲ့ ငရဲဘေးက လွတ်နိုင်ပေမယ့် ထောင်တန်း, အချုပ်နဲ့ နီးစပ်နိုင်တဲ့ ဘုန်းကြီးတွေ များလာပါတော့တယ်။ 


ဒါတင်မက သူတပါးတို့ အကဲ့ရဲ့ခံရခြင်းဘေး, သိက္ခာကျခြင်းဘေး, လလူ့အောက် ကျို့ရခြင်းဘေး-စတဲ့ ဘေးအမျိုးမျိုးကိုလည်း မလွဲမရှောင်သာ လက်ခံရတော့တာ။ 


အဆိုးဆုံးကတော့ ဝိနယကုက္ကုစ္စပါ။ 


===


ရင်ထုမနာ ဖြစ်စရာက ဘာလဲ?​

"ဆရာတော် ပြဿနာတစ်ခုခု ဖြစ်ရင် တပည့်တော်ကို ဖုန်းဆက်လိုက်ပါဘုရား"ဆိုတဲ့ လူကြီးဆိုသူတွေပါ ရှိလာတဲ့အခါ


"တရားမဝင်လည်း တရားဝင်တယ်"ဆိုတဲ့အထိ တွေးလာပြီး ဥပဒေက အရေးမပါတော့တာ။ 


Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်