ပိုက်ကွန်လောက

 ၉ မတ် ၂၀၂၆


ဥပ​ဒေဆိုတာ ငါးဖမ်းတဲ့ ပိုက်ကွန်နဲ့ တူတယ်။


ဥပဒေ ထုတ်တဲ့သူဘက်က စဉ်းစား။ 

ခင်ဗျားက ဥပဒေ ထုတ်တဲ့သူ။ 


လူတစ်ယောက်က ခင်ဗျားဥပဒေကို ကျူးလွန်လိုက်တယ်ဆိုရင် 

ခင်ဗျားက သူ့ကို ဖမ်းတာ, မဖမ်းတာ အပထား။

သူက ခင်ဗျားရဲ့ပိုက်ထဲကို ဝင်လာပြီလို့ ဆိုလိုတယ်။ 

သူက ငါးတစ်ကောင်။  

ခင်ဗျားက ကွန်ပစ်သမား။


ခင်ဗျားက သူ့ကို အမြတ်ထုတ်ချင်သလား?


သူ့ကို ပြော။ 

“ခင်ဗျားကျူးလွန်လိုက်တဲ့ လုပ်ရပ်က ဥပဒေနဲ့ မညီီပါဘူး၊ ကျွန်တော်က ခင်ဗျားကို ဖမ်းလို့ရတယ်၊ ဒါပေမယ့်….”


ဒါဆိုရင် သူက ပြာသွားမယ်။ 

“မသိလို့ပါခင်ဗျာ၊ မသိလို့ပါ”


ခင်ဗျားက ပြော။

“ကျွန်တော်မို့လို့ ခင်ဗျားကို လွှတ်ပေးတာပါ၊ တခြားလူတွေဆို ရမှာ မဟုတ်ဘူး”


ငါးက ကျေးဇူးတင်သွားမယ်။

“သဘောကောင်းလိုက်တာဗျာ”


အဲဒါက အမြတ်တစ်ခု။ 


===


ဆက်ပြီး ကျူးလွန်နေရင် ခင်ဗျားက ပြစ်ဒဏ်ချမှတ်မယ်။

ပြစ်ဒဏ်အတွက် လူကို ထောင်ချမယ်၊ ငွေဒဏ်သတ်မှတ်မယ်။


ပိုက်ဆံရသေးတယ်။

ဒါလည်း အမြတ်တစ်ခု။


ကျူးလွန်တဲ့သူက ခင်ဗျားနဲ့တွေ့မှာ ကြောက်နေရတယ်။

ဒီတော့ မကြောက်ရအောင် ခင်ဗျားနဲ့ ဒဲ့ညှိလိုက်တယ်။


“ကြိုပေးထားလို့ ရမလားခင်ဗျာ”


ခင်ဗျားက လာဘ်ပေးလာဘ်ယူ ဝါသနာပါတယ်။


“ရပါတယ်၊ ဥပဒေနဲ့တော့ မညီဘူး၊ ခင်ဗျားကိုမို့လို့ လုပ်ပေးတာ”

အဲဒါက အမြတ်တစ်ခု။ 


ဒီနေရာမှာ “ဥပဒေအရ လုပ်လို့ မရပါဘူးခင်ဗျာ”လို့ ပြောချင်ပြော။ မြေပြင်မှာ လုပ်လို့ရတယ်။ 


ခင်ဗျားစက်ဆုတ်လည်း မတတ်နိုင်ဘူး။ 


===


ဒါပေမယ့် အကောင်ကြီးတဲ့ စီးပွါးရေးသမားတွေက ဘယ်လိုလုပ်ကြသလဲ? 


ဥပဒေမှန်သမျှနဲ့ ညွှန်ကြားချက်မှန်သမျှကို နားအစွန့်ဆုံးက အကောင်ကြီး စီးပွါးရေးသမားတွေပဲ။ 


သူတို့ဟာ ဥပဒေသံကို နားစွန့်နေလေ့ ရှိတယ်။ 

ဥပဒေမထွက်သေးခင်အချိန်မှာ သိရင် တန်ဖိုးအကြီးဆုံး။  


ဥပဒေပြုတော့မယ်, သို့မဟုတ်, ဥပဒေရေးနေကြပြီ, သို့မဟုတ်, ဥပဒေက ဘယ်သူ့လက်ထဲကို အဆင့်ဆင့် ရောက်သွားပြီလို့ ကြားတာနဲဲ့ အရောက်သွားပြီး ချဉ်းကပ်တယ်။


ကိုယ့်အတွက် အကျိုးရှိမယ့် စာတစ်ပိုဒ်လောက်ကို ငွေအပုံံလိုက်ပေးပြီး ထည့်ခိုင်းတတ်ကြတယ်။


ထည့်တော့ ဘာဖြစ်သလဲ?


ဥပဒေထွက်လာတဲ့အချိန်မှာ ကိုယ့်ကုမ္ပဏီက တခြားကုမ္ပဏီတွေထက် အခွင့်ထူးတွေ အများကြီး ရပြီး အကြီးအကျယ် ကြွယ်ဝသွားတယ်လေ။


အဲဒီလို အခွင့်ထူး ရအောင်လည်း အတိတ်ဘဝက ကုသိုလ်ပြုခဲဲ့တာ မဟုတ်ဘူး။ ဥပဒေထဲကို စာပိုဒ်တချို့ ညှပ်ထည့်ခဲ့ကြတာ။


===


ဒီနေရာမှာ ဇာတ်လမ်းတစ်ပုဒ်ကို ထည့်ပြောရမယ်။


၂၀၁၃-ခုနှစ်မှာ အမေရိကန်အစိုးရဟာ ဘတ်ဂျက်ပြတ်လပ်မှုကို ဖြေရှင်းဖို့အတွက် လယ်ယာစိုက်ပျိုးရေး အသုံးစရိတ် ဥပဒေကို အရးတကြီး အတည်ပြုခဲ့တယ်။


ဥပဒေထွက်လာတဲဲ့အခါ အုံးခနဲ ဖြစ်သွားပြီး “မွန်ဆန်တို ကာကွယ်ရေး ဥပဒေ”လို့ နာမည်ပြောင် အပေးခံလိုက်ရတယ်။


ဘာဖြစ်တာလဲဆိုတော့ ပုဒ်မ ၇၃၅-မှာ စာသား တစ်ကြောင်းလေးပဲ ပါလာတာ။


  • "မျိုးဗီဇပြုပြင်ထားတဲ့ (GMO) မျိုးစေ့တွေဟာ ကျန်းမာရေးအတွက် ဘေးဥပဒ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင်တောင်မှ၊ အစိုးရအနေနဲ့ အဲဒီမျိုးစေ့တွေကို ဆက်လက်စိုက်ပျိုးခွင့်နဲ့ ရောင်းချခွင့်ကို တရားရုံးက တားဆီးလို့ မရစေရ" 


ပုံမှန်ဆိုရင် တရားရုံးက တားမြစ်ခွင့် ရှိရမယ်။ အခုက တရားရုံးတားမြစ်ခွင့် မရှိစေရ-ဆိုတော့ ဘယ်လိုကြီးတုန်း ဖြစ်ကုန်တယ်။


ဆားပုလင်းလုပ်ကြတဲဲ့အခါ တရားခံတွေ့တယ်။ 

မွန်ဆန်တို ဓာတုကုမ္ပဏီကြီးက လွှတ်တော်အမတ် Roy Blunt ကို ကပ်ပြီး အဲဒီစာသားလေးကို ညှပ်ထည့်ခဲ့တာ။


ဒီတော့ လယ်ယာစိုက်ပျိုးရေး အသုံးစရိတ်ဥပဒေ မဟုတ်တော့ဘဲ အဲဒီစာပိုဒ်လေးကြောင့် မွန်ဆန်တို ကာကွယ်ရေး ဥပဒေလို့ ဖြစ်သွားတယ်


တခြားအမတ်တွေက မသိဘူးလား?

စာမျက်နှာ ရာချီတဲဲ့ ဘတ်ဂျက်ဥပဒေဆိုတော့ အသေးစိတ် မဖတ်နိုင်ဘဲ အတည်ပြုလိုက်မိကြတာ။


ပြန်ဖျက်?

ချက်ချင်း ဖျက်လို့ မရဘူး။ ၆-လလောက် ကြာအောင် အသက်ဝင်နေခဲ့သေးတယ်။ နောက်ထပ် ဘတ်ဂျက်ဥပဒေသစ်မှာတော့ ဒီစာသားကို ဖြုတ်ထားခဲ့ပါတယ်။ 


===


ဥပဒေက ပိုက်ကွန်နဲ့ တူတယ်။


ဥပဒေပြုသူက ရည်ရွယ်ချက် မှားနေခဲဲ့ရင် ပိုက်ထဲက ငါးတွေ နစ်နာပြီး ကွန်ပစ်သမားကပဲ အကျိုးရှိသွားမှာ ဖြစ်တဲ့အကြောင်း။


ပိုက်ကွန်ကြောင့် ဖြစ်ထွန်းလာသမျှ ဒီရေအလား စီးပွါးဓနတွေဟာ  

“ဒကာကြီး ချမ်းသာတာ ဘာလို့လဲ သိလား? အတိတ်ကံကြောင့် ဒကာကြီးရဲ့၊ အခု ဒါနပွဲကြီးဟာလည်း ဒကာကြီးကို ဆတက်တံပိုး တိုးတက်စေလိမ့်မယ်” မဟုတ်ပါကြောင်း။  


အင်း… ဟုတ်သလိုလိုနဲ့ မဟုတ်ပါကြောင်းပေါ့။ 

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်