ထိုင်းနိုင်ငံ ဓမ္မကာယ စူပါချိုင်းပြဿနာ

 ၁၃ ဇန် ၂၀၂၆


မြန်မာပြည်မှာ ထိုင်းနိုင်ငံရဲ့ ဓမ္မကာယကျောင်းတိုက်ကြီးကို အားကျအထင်ကြီးတဲ့ ရဟန်းတွေ အများကြီး ရှိတယ်။ 


ဓမ္မကာယကျောင်းတိုက်ကြီးလိုပဲ-

ဧရာမစေတီကြီး တည်ချင်တယ်။ 

လူပေါင်း သန်းဂဏန်းလောက် တပြိုင်နက် တရားထိုင်နိုင်တဲ့ ခန်းမကြီးတွေ ဆောက်ချင်တယ်။

ဆင်တူဝတ်စုံဝတ် ဝန်ထမ်းတွေနဲ့ ကျော့မော့သန့်ရှင်းစနစ်ကျနေသလိုမျိုး စီမံခန့်ခွဲချင်တယ်။​

သန့်ရှင်းသပ်ရပ်နေတဲ့ ကျောင်းဝင်းအဆောက်အဦလိုမျိုး ကျောင်းဝင်းစနစ်မျိုး ဖြစ်ချင်တယ်။ 

ရုပ်သံလိုင်းတွေ ထောင်ပြီး မီဒီယာအနေနဲ့လည်း ထိပ်တန်းရောက်တဲ့ ထိုးဖောက်မှုမျိုး လုပ်ချင်တယ်။ 

ခေတ်မီတဲ့ လူနားလည်လွယ်တဲ့ တရားမျိုးတွေကို ဟောပြီး ပွဲစည်ချင်တယ်။ 

ကျောင်းကို အထင်ကြီးလို့ လာကြတဲ့ ဒကာ, ဒကာမတွေနဲ့ စည်ကားသိုက်မြိုက်နေစေချင်တယ်။

ကမ္ဘာ့နိုင်ငံတွေမှာလည်း ကျောင်းခွဲအသီးသီး ဖွင့်လှစ်ပြီး ကြီးမားသော ကွန်ယက်ကြီးနဲ့ လွှမ်းမိုးချင်တယ်။ 

စသည် စသည် စသည်။


===


၂၀၁၇-မှာ တက်သွားတဲ့ ပြဿနာက “ငွေကြေးခဝါချမှု” ဖြစ်ပါတယ်။


ငွေစုငွေချေးအသင်း ဥက္ကဋ္ဌ စူပါချိုင်းဆိုတဲ့သူက သူဦးဆောင်တဲ့ ငွေစုငွေချေးအသင်းထဲကနေ စုငွေတွေကို “ချေးငှါးမှု”အတုတွေနဲ့ ထုတ်ယူတယ်။ 

ကျောင်းဘဏ္ဍာရေးကော်မတီကို သန်း (၁၀၀) လှူတယ်။ ဆရာတော့်အကောင့်ထဲကို သန်း (၄၀၀) လောက် လွှဲတယ်။​


စီးပွါးကြပ်ကာာလမှာ ငွေစုငွေချေးအသင်းဝင်တွေက စုထားတဲ့ငွေတွေကို ထုတ်ချင်ကြတယ်။ ဒီအချိန် အသင်းမှာ ထုတ်ပေးဖို့ ပိုက်ဆံမလောက်တော့ဘူး။ 


ဘယ်ရောက်သွားလို့တုန်း-ဆိုပြီး ဆူညံဆူညံဖြစ်ရင်း ပြဿနာတက်သွားတာ။


စူပါချိုင်းဟာ ဓမ္မကာယပရောဂျက်ကြီးတွေကို ကြည်ညိုတယ်။ ဒါ့ကြောင့် သဒ္ဓါစိတ်ကို တားမရတော့ဘဲ အလွန်အကျွံ လှူလိုက်မိပါတယ်လို့ ဆိုတယ်။

ဓမ္မကာယကလည်း သူ့ရဲ့ သဒ္ဓါတရားနဲ့ သူ့ရဲ့ထက်သန်မှုကို ထောက်ခံပေးတယ်။ 

ဆရာတော်ကလည်း ဒီလိုအမာခံ အလှူရှင်တွေ ထောင်ဂဏန်းလောက် ရှိနေတဲ့အခါ “အရေးမပါဘဲ အမှုရှာတာ”ဆိုတာမျိုး လေသံထွက်တယ်။ 


သို့သော်- ခွင့်မလွှတ်တာက ငွေစုငွေချေး အသင်းဝင်တွေပဲ။ 

သူတို့က ပိုင်သမျှငွေတွေ ဘယ်ရောက်နေသလဲ-ဆိုတဲ့အခါ ဓမ္မကာယထဲ ရောက်နေပြီလို့ သိရတယ်။


“သူတို့မလှူဘဲ ဘယ်လိုလုပ် ဓမ္မကာယထဲ ရောက်နေတာလဲ”ပေါ့။


တခါ ဓမ္မကာယပရိသတ်ကလည်း “ငွေက လက်လွန်သွားပြီ၊ စူပါချိုင်းနဲ့ပဲ ရှင်းကြ၊ ငါတို့နဲ့ မဆိုင်ဘူး”ပေါ့လေ။


ဒီတော့ ထိုင်းစုံစမ်းစစ်ဆေးရေးဌာန (DSI) က ဘယ်ဘက်ကို လိုက်သလဲ?


နစ်နာသူတွေဘက်ကနေ လိုက်တော့တာပေါ့။

ဓမ္မကာယကို ဝင်စီးတယ်။​


ကိုယ်တို့ အားမရဆုံးအချက်ကတော့ ဓမ္မကာယဆရာတော် အရှင်ဓမ္မဇယော-ဟာ “ခြေထောက် သွေးကြောပိတ် ရောဂါ ဖြစ်နေလို့ လမ်းမလျှောက်နိုင်ပါဘူး”ဆိုပြီး တရားရုံးကို မလာဘူး။


ရဲအင်အား ၄၀၀၀ လောက်နဲ့ ဝင်စီးပြီး ရက် (၂၀) လောက် ဝင်ရှာတဲ့အချိန်ကျတော့ ထွက်ပြေးသွားပြီ။ 


“သူလုံရင် ဘာလို့ ထွက်ပြေးရတာလဲ”


နိုင်ငံရေးမှုမို့လို့, ညစ်မှာစိုးလို့ဆိုရင် ထားပါ။

အခုက ခိုးရာပါ အလှူငွေအမှုကို သူလိပ်ပြာလုံရင် သူရှင်းရမယ်ပေါ့။ 


သူထွက်ပြေးသွားတော့ ဒုတိယကျောင်းထိုင် အရှင်ဒတ္တဇီဝေါ-ဆီကို ပုံကျလာပါတယ်။


===


အလှူငွေ မသန့်ရှင်းဘူးဆိုတာမျိုးတွေ ဖြစ်နိုင်ခြေ ရှိလာတဲ့အခါ KYD ဆိုတဲ့ စနစ်မျိုးက နိုင်ငံတကာမှာ “စံနှုန်း” ဖြစ်လာပါတယ်။


KYD ဆိုတာ

“Know Your Donor - သင့်အလှူရှင်ကို သိအောင် လုပ်ပါ”


အောက်စ်ဖို့ဒ်တို့, ဟားဗတ်တို့, အမ်အိုင်တီ-တို့လို နာမည်ကျော် တက္ကသိုလ်ကြီးတွေဟာ အခုနောက်ပိုင်း ပညာရေးအလှူတွေမှာ အလှူရှင်ရဲ့ နောက်ကြောင်းရာဇဝင်တွေကို စစ်ဆေးကြတယ်။ 


လိင်မှုအရှုပ် နာမည်ပျက်ရှိတဲ့ သူဋ္ဌေးကြီး ဂျက်ဖရေး အက်ပ်စတိုင်းက ဟားဗတ်နဲ့ အမ်အိုင်တီတက္ကသိုလ်တို့ကို အလှူငွေ ဒေါ်လာ သန်းချီပြီး လှူဖူးတယ်။ 

အရှုပ်တော်ပုံက ဟိုးလေးတကြော်ကြော် ဖြစ်လာတဲ့အခါ တက္ကသိုလ်တွေပါ အရှက်ကွဲပြီး တက္ကသိုလ်အကြီးအကဲတချို့ နုတ်ထွက်ရဖူးတယ်။


အဲဒီနောက်ပိုင်း စနစ်သစ် ဖြစ်လာတာ။ 

အလှူရှင်တိုင်းကို မဟုတ်ပေမယ့် အလှူငွေ ပမာဏ များပြားလွန်းနေရင် အလှူရှင်ရဲ့ နောက်ကြောင်းကို စစ်ဆေးတယ်။

လူ့အခွင့်အရေး ချိုးဖောက်သူလား? ရာဇဝတ်ကောင်လား? သဘာဝပတ်ဝန်းကျင် ဖျက်ဆီးသူလား? စသည် စစ်ဆေးကြတယ်။ 


စံမညီရင် “ငြင်း”ပါတယ်။


Sakler မိသားစု အရှုပ်တော်ပုံကလည်း နာမည်ကြီးတယ်။ သူတို့ဟာ Oxycontin လို့ခေါ်တဲ့ ဘိန်းပါတဲဲ့ အကိုက်အခဲပျောက်ဆေးကို ထုတ်လုပ်ရောင်းချသူတွေ။ လူတွေ အများကြီး ဆေးစွဲ (ဘိန်းစွဲ) ခဲ့ကြဖူးတယ်။


သူတို့ဟာ နာမည်ပျက်လာတဲ့အခါ နာမည်ကောင်းရဖို့အတွက် ပြတိုက်တွေကို အလှူငွေ အများအပြား လှူတယ်။


လန်ဒန်ရဲ့ NPG (National Portrait Gallery) ပြတိုက်ဟာ ပေါင် (၁) သန်းအလှူငွေကို ငြင်းတယ်။

Tate Modern ပြတိုက်ကလည်း Sackler နာမည်နဲ့ ပြခန်းတွေကို ဖြုတ်ပစ်လိုက်တယ်။


နိုင်ငံတကာရဲ့ နာမည်ကျော် NGO တွေ (ICRC, Oxfam, UN Agencies) ကလည်း အလှူငွေတွေကို စစ်ပါတယ်။​ 

အလှူရှင်ဟာ အမေရိကန်, အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ ပါသလား?

လက်နက်ရောင်းဝယ်မှု, လူကုန်ကူးမှုစာရင်းထဲမှာ တွေ့လား?

စသည် စသည် စစ်ဆေးလို့ ပါနေခဲ့ရင် အလှူငွေ ဘယ်လောက်များများ လက်မခံပါဘူး-တဲ့။


ဘာလို့လဲ-ဆိုရင် 

အလှူငွေ ရပြီး

ဂုဏ်သိက္ခာ ဆုံးရှုံးမှု ဖြစ်တတ်လို့ပါ-တဲ့။


===


ဓမ္မကာယဘက်ကို ပြန်သွား။


ဓမ္မကာယဟာ မြန်မာနဲ့ ခင်ဆင်ဆင်ပါပဲ။


“အလှူငွေဟာ အလှူငွေသာ ဖြစ်တယ်”

“အလှူလှူသူဟာ စေတနာ့ရှင်, ဒါနရှင် ဖြစ်တယ်”


“စီးပွါးရှာတာက သပ်သပ်၊ အလှူဒါနက သပ်သပ်။ တစ်ပိုင်းစီမို့ တွဲမပြောရဘူး။ ခွဲပြီး မြင်တတ်ရမယ်”


“သူက တခြားနေရာတွေမှာသာ ဆိုးတာ၊ အလှူအတန်း ရက်ရောတယ်”


ကိုယ်တို့ဘက်ခြမ်း ဘုန်းကြီးတွေက ဓမ္မကာယကို အားကျကြတယ်။

ကောင်းကွက်တွေကို အားကျကြတာပါ။


သို့သော်- ငွေရေးကြေးရေး ပြဿနာကိုကျတော့ ဘယ်လိုမျှော်မြင်ထားကြပါသလဲ?

အလှူရှင်မူဝါဒဟာလည်း ရိုးရာပဲလား?


အဲဒါက စိတ်ဝင်တစား ဆွေးနွေးသင့်တဲ့ ပြဿနာလို့ ထင်ပါတယ်။


ကိုယ့်ကိုယ်ကိုယ် ပညာရေး မြင့်မားတယ်လို့ ထင်ရင်ပေါ့လေ။

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်