အမိန့်လား? ဥပဒေလား?

 ၁၉ ဇန် ၂၀၂၆


မြတ်စွာဘုရားက ဝိနည်းဥပဒေတွေကို မပညတ်ခဲ့ဘူးဆိုရင် ဘာဖြစ််မလဲ?


မကောင်းမှု လုပ်တဲ့ ရဟန်းတစ်ပါးချင်းကို လိုက်ပြီး တားမြစ်နေရလိမ့်မယ်။


ဥပမာ-

ရဟန်း (၅၀၀) ရှိတယ်ဆိုပါစို့။ 

အဲဒီထဲက အပါး (၁၀၀) က တူညီသော ပြစ်မှုတစ်ခုကို ထပ်ခါတလဲလဲ ကျူးလွန်နေကြတယ်။ 

မြတ်စွာဘုရားက တစ်ပါးချင်းကို တစ်ခွန်းစီ တားမြစ်မယ်။

ဒါဆိုရင် အခွန်း (၁၀၀) ပြောရတော့မယ်။ 


ဒီလို အခွန်း (၁၀၀) ပြောထားတာကို အခြား ရဟန်း သောင်းဂဏန်းလောက်က မသိသေးဘူး။ 

ဒါဆိုရင် နောက်ထပ် အခွန်း (၁၀,၀၀၀) ထပ်ပြောရတော့မယ်။ 

ပင်ပန်းလိုက်တာ။ 


တစ်ပါးချင်း မပြောတော့ဘူး။ 

အပါး (၁၀၀) ကို စုပေါင်းပြီး တစ်ခွန်းတည်း ပြောလိုက်တယ်။ 

ဒါကျတော့ ပိုပြီး သက်သာသွားပြီ။ 


ဒီကိစ္စကို အားလုံးသိသွားအောင် ရဟန်းပေါင်း (၁၀,၀၀၀) ကို စုဝေးပြီး တစ်ကြိမ်တည်း ပြောလိုက်တယ်။ 

ဒါဆိုရင် ပိုပြီး သက်သာသွားမယ်။ 

ဒါပေမယ့် တားမြစ်ချက်တစ်ခု ထုတ်ချင်တိုင်း ရဟန်း (၁၀,၀၀၀) ကို အမြဲတမ်း စုဝေးပေးနေဖို့ ခက်တယ်။​


ရဟန်း (၁၀,၀၀၀) ကို အမြဲတမ်း စုဝေးဖို့ ဖြစ်နိုင်ခဲ့ဦးတောင်မှ

မမွေးသေးတဲ့ ခေတ်အဆက်ဆက်က ရဟန်း, သာမဏေတွေကို လိုက်ပြီး တားမြစ်ဖို့ကျတော့ ခက်လိမ့်မယ်။


===


ဝိနည်း သို့မဟုတ် ဥပဒေ။


"မလုပ်ရ"လို့ သတ်မှတ်လိုက်တယ်။​ 

ဒါတင်မကသေးဘူး၊ ပြစ်ဒဏ်ပါ ချလိုက်တယ်။ 

"ပါစိတ္တိယံ" ပါစိတ်အာပတ်။ "ဒုက္ကဋံ" ဒုက္ကဋ်အာပတ်။​


ဘယ်သူတွေက အရေးယူရမှာလဲ?

ဝိနည်းဓိုရ်က အရေးယူရမယ်။​ ဝိနည်းဓိုရ်ကို ဘယ်လိုရွေးကောက်ရမလဲ?

အင်္ဂါ ၅-ချက်နဲ့ ရွေးကောက်။​ 

အဂတိ ၄-ပါး မလိုက်စေနဲ့။ 

အမှုကြောင်း ကျွမ်းကျင်ရုံသာမက အမှုပြေလည်မယ့် နည်းလမ်းရှာဖွေရာမှာလည်း ဉာဏ်သွက်ရမယ်။ 


ဘယ်သူတွေက တရားစွဲရမှာလဲ? 

ရဟန်းတိုင်းမှာ တာဝန်ရှိတယ်။​

တရားမစွဲခင် အရင် ဆုံးမသွန်သင်ရမယ်။ 


ဆုံးမသွန်သင် မလုပ်ရင် တာဝန်ပျက်ကွက် ဒုက္ကဋ်အာပတ်။​

ရဟန်းတိုင်းမှာ တာဝန်နဲ့ချုပ်ထားတဲ့အခါ ဆုံးမတာဝန်သာမက, ဆုံးမမရရင် တရားစွဲခွင့်ပါ ဖြစ်ထွန်းလာတယ်။​


တရားသူကြီးကလည်း အဂတိမလိုက်ဘဲ မှန်မှန်ကန်ကန် ဆုံးဖြတ်ရမယ်။ 

အမှုကို အမြန်ဆုံးနဲ့ မှန်မှန်ကန်ကန်, မျှမျှတတ ပြေလည်အောင် ဆုံးဖြတ်ပေးရမယ်။​


===


ဥပဒေ နားမလည်ဘဲ အမိန့်ပေးဝါသနာပါသူဆိုရင် ဘယ်လိုဖြစ်မလဲ?


"အကုန်လုံး ငါပဲ လိုက်ပါနေရတယ်"

"ငါမရှိရင် မင်းတို့ကောင်တွေ ဘယ်လိုလုပ်ကြမယ် မသိဘူး"

"မင်းတို့ ကောင်တွေကို ငါ စိတ်ပျက်တယ်"


ဥပဒေ နားလည်ရင် လိုက်အော်နေစရာ မလိုတော့ဘူး။​

သူ့ဘာသာသူ လည်ပတ်သွားတယ်။​


ဘုရားရှင်ကလည်း အမိန့်သဘောထက် ဥပဒေသဘောကို အသုံးပြုပြီး သံဃာတွေကို ထိန်းကျောင်းသွားခဲ့တာပါပဲ။ 


ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး အတော်ကြာသည်အထိ "သာသနာပိုင်"ဆိုတာကို မလိုအပ်ခဲ့ပါဘူး။ 

သံဃာ့အဖွဲ့အစည်းဟာ ဥပဒေသဘောနဲ့ပဲ အချင်းချင်း ထိန်းကျောင်းပြီး ရပ်တည်နေခဲ့ကြတာပါပဲ။ 


အခုရော လိုအပ်သလား?


(ချက်ချင်း အမြန်ပြော) မသိဘူးလေ။

(ဖြေးဖြေး စဉ်းစားပြီး ပြော) အဲ... ဘယ်လိုပြောရမလဲ-ဆိုတော့... (နောက်မှ)


===


အမိန့်က လူပင်ပန်းတယ်။ 

ဥပဒေက လူသက်သာတယ်။​ 


ဘုရားရှင်က ဥပဒေနဲ့အတူ ရဟန်းတွေကိုလည်း တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်-စသည်ဖြင့် အာဏာတွေ လွှဲအပ်ပေးတယ်။​


ဒီနေရာမှာ "ဈေးကွက်"တွေလည်း ဖြစ်ထွန်းလာပါသေးတယ်။​ 

ဈေးကွက်ကို အသုံးချလို့ နတ်ဘီလူးဖြစ်သွားတယ်ဆိုတဲ့ သာတာဂိရိတို့ ဟေမဝတတို့ဆိုတာ ရဟန်းတရားသူကြီးတွေ အားကျရမလား? ကြောက်ရမလား? ဝေခွဲရခက်တဲ့ ဇာတ်လမ်းဇာတ်ကောင်မျိုးတွေ။ 


ယခုမှ မဟုတ်, ယခင်ကလည်း ဖြစ်ထွန်းခဲ့ဖူးပါတယ်ဆိုတဲ့ သဘော။ 


(နောက်မှ ဆက်ပြောမယ်)

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်