ခေတ်ကြေးမုံ (ဘာသာရေးကျူးမြေနဲ့ ဥပဒေအသိစိတ်)

 ၁၄ ဖေ ၂၀၂၆


ရှေးရိုးဘုန်းတော်ကြီးတချို့ဟာ လူဥပဒေတွေကို နားမလည်ကြဘူး။ 


၂၀-ရာစု, ၂၁-ရာစုရဲ့ အုပ်ချုပ်သူတွေကို ဥပဒေရဲ့ အောက်ကို ပို့ကြတဲဲ့လုပ်ငန်းစဉ်နဲ့လည်း မရင်းနှီးဘူး။ 


အုပ်ချုပ်သူကို ကျမ်းစာအတိုင်း “မင်း”လို့ပဲ လွယ်လွယ်လေး သတ်မှတ်ထားကြတယ်။ အုပ်ချုပ်သူတွေက ဥပဒေအထက်မှာ ရှိနေတာကို “ငါတို့က မင်းဆရာအဆင့်မှာ နေရသမျှ အဆင်ပြေတယ်”လို့ပဲ တွက်ကြတယ်။ 


အရင်းစစ်တော့ အမြစ်မြေကဆိုသလို “လူဥပဒေတွေနဲ့ ဥပဒေလုပ်ငန်းစဉ်တွေကို နားမလည်”တဲ့ ပြဿနာလို့ တွေ့ရပါတယ်။​


===


ဘုန်းကြီးတစ်ပါးက ဖုန်းဆက်ဖူးတယ်။ 


“ငါကလည်း စာသင်တိုက်မှာ နေရတာ ကြာပြီဆိုတော့ စာသင်တိုက်ကို ပျင်းလာပြီ၊ တပါးနေ ကျောင်းလေးမှာပဲ အေးအေးဆေးဆေး နေချင်တော့တယ်”


ဒါက ဘုန်းကြီးတစ်ပါးရဲ့ ဆန္ဒပါ။ 


“မြို့စွန်မှာ မြေတစ်ကွက် ရောင်းမယ်လို့ ကြားတယ်၊ ဈေးကလည်း သိပ်မကြီးဘူး၊ ဝယ်ပြီး ကျောင်းလုပ်ရမလား စဉ်းစားနေတာ”


ကိုယ်က ကန့်ကွက်။ 

“ဘုန်းကြီး၊ ကျူးမြေလည်း ဖြစ်နေမယ်နော်”


ဘုန်းကြီး။ 

“ကျူးမြေဆိုတာက ဘာလဲ”


ကိုယ်က ရုတ်တရက် ဘာပြောရမယ်မသိ ဖြစ်သွား။

“ကျူးမြေဆိုတာက ကိုယ်မပိုင်ဘဲ အကွက်ရိုက်, လက်ညှိုးထိုး ရောင်းစားကြတဲ့ မြေပေါ့ဘုရား”


ဘုန်းကြီးက သိပ်နားမလည်။ 

“အဲဒီလို လုပ်ကြသလား”


ကိုယ်။

“မှန်ပါ လုပ်ကြတာတွေ ရှိတယ်ဘုရား”


ဘုန်းကြီး။

“ငါတို့တိုက်က ထွက်သွားတဲ့ ဘုန်းကြီးတစ်ပါးဆိုရင် ကျောင်းကြီး, သိမ်ကြီး, စေတီကြီးနဲ့ ဖြစ်နေပြီနော်၊ ဘယ်သူကမှလည်း မကန့်ကွက်ဘူး”


ကိုယ်။ 

“မှန်ပါ၊ မကန့်ကွက်သေးတာဘုရား၊ ကန့်ကွက်မယ့်သူ မရှိသေးတာ”


ဘုန်းကြီးက ဇဝေဇဝါ ဖြစ်သွားတယ်။ 

“ငါ စုံစမ်းကြည့်ပါဦးမယ်ကွာ”


===


နောက်ရက် ပြန်ဆက်တယ်။ 


“ဟုတ်တယ်တဲ့ကွ၊ မင်းပြောတဲ့ ကျူးမြေတဲ့ကွာ၊ ဟိုဘုန်းကြီးဆောက်ထားတဲ့ ကျောင်းကလည်း ကျူးကျောင်းတဲ့ကွာ”

===


ဘုန်းကြီးက စာချပုဂ္ဂိုလ်ဆိုတော့ စာကို အလွန်ကျွမ်းကျင်ပါတယ်။ ရိုးလွန်လို့ လူဥပဒေအကြောင်းကို စိတ်မဝင်စားဘူး။


ကိုယ်။ 

လူ့ဥပဒေအကြောင်းကို နားမလည်ပါဘူး၊ အခါသင့်ရင် ဖတ်ဖြစ်တယ်။ သူနဲ့စာရင် အစိမ်းကြီး မဟုတ်ဘူး။ 


ဘုန်းကြီးဟာ “ကျူး”ချင်ခဲ့တယ်။ 

ဥပဒေ နားမလည်လို့။ 


ကိုယ်က ဘုန်းကြီးနားမလည်မှန်း သိတယ်။ 

ပြောလိုက်တယ်။ 

ဘုန်းကြီးက မကျူးဖြစ်တော့ဘူး။ 


===


ပြန်ကောက်။ 


တချို့ရှေးရိုးစွဲ ဘုန်းတော်ကြီးတွေဟာ “ရာဇပဓာနံ သာသနံ - သာသနာမှာ ထွန်းကားဖို့ ရာဇာအဓိက”ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ထားကြတယ်။​ 


ကျူးမြေပင် ဖြစ်သော်ငြား သာသနာပြုမင်းဆိုရင် ငါတို့ကျောင်းက အဆင်ပြေလိမ့်မယ်-လို့ တွေးကြတယ်။ 


ဥပဒေကို ဂရုမစိုက်ဘူး။ 

ရာဇာတွေကို ဥပဒေအောက် တွန်းပို့ကြတဲ့ လုပ်ငန််းစဉ်တွေ, ဥပဒေတွေကို ပြင်ဆင်တဲ့ လုပ်ငန်းစဉ်တိုက်ပွဲတွေကို စိတ်မဝင်စားဘူး။


ဒီတော့ 

အုပ်ချုပ်သူတွေကို “ဥပဒေရဲ့အထက်မှာ နေမြဲဲ” ထားချင်ကြတဲဲ့, 

နေချင်ရင်လည်း အရေးမကြီးဘူးလို့ ထင်ကြတဲဲ့ အုပ်စုတွေထဲမှာ အမာခံလို ဖြစ်နေကြတယ်။


သူတို့ကို “သာသနာ” အပေးအယူနဲဲ့ ညှိကြတာက 

နိုင်ငံရေး ယုတ်ထုံးယုတ်နည်းတွေထဲက တနည်းနည်းး ပတ်သက်မှု ဖြစ်လာတယ်ဆိုပါစို့။ 


===


ဆွေးနွေးသင့်တာက-

(၁) ဘုန်းကြီးတွေကိုယ်တိုင်ကရော လူဥပဒေတွေရဲ့ အထက်မှာ ရှိသင့်လား? အောက်မှာ ရှိသင့်လား? 

(၂) တချို့ဘုန်းကြီးတွေရဲဲ့ “ဥပဒေအထက်က ရာဇာ”အယူအဆကို သာဓုခေါ်သင့်လား? မခေါ်သင့်ဘူးလား?


အဲဒီနှစ်ခုပါ။​ 

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်