အီရန်ညီအစ်ကိုစိတ်ဓာတ် ဘက်လိုက်မှု

၂၀ မတ် ၂၀၂၆


ကိုယ်လည်း ဘာဝဋ်ကြွေးရှိလို့ မြန်မာမွတ်စလင်အချို့ ရေးတဲ့ အီရန်စစ်သတင်းတွေကို ဖတ်နေရတယ် မသိဘူး။ 


တချို့အချက်အလက်တွေ မှန်ပေမယ့် သုံးသပ်ချက်တွေက ဘက်လိုက်တယ်လို့ ယူဆတယ်။


အီရန်ဘက်ကို ဘက်လိုက်တာက "ကျင့်ဝတ်"အရ သင့်လျော်ပါရဲ့လား-လို့ မေးစရာ ဖြစ်ပါတယ်။ 


===


အစ္စရေးက ဂျူးမို့ ကမ္ဘာရန်ဖြစ်တယ်, အမေရိကန်က ခရစ်ယာန်မို့ မိစ္ဆာဒိဋ္ဌိပဲ။ ဒါ့ကြောင့် ဘာသာတူတဲ့ အီရန်ကို ထောက်ခံရမယ်ဆိုတာက ဟုတ်သလိုလို ထင်ရတယ်။ 


ဒါပေမယ့် အီရန်တိုက်ခိုက််နေတဲ့ ပင်လယ်ကွေ့နိုင်ငံတွေကလည်း အစ္စလာမ်ဘာသာဝင်တွေပါပဲ။ 


အီရန်က ဘာသာတူမို့လို့ မတိုက်ခိုက်ဘဲ ရှောင်ရှားတယ်, ဘာသာဝင်ချင်း သစ္စာရှိတယ်, ဖြောင့်မတ်တယ်လို့ တွေးမရပါဘူး။ 


ဘက်လိုက်လွန်းတဲ့အခါ ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်တာတောင်မှာ "အမေရိကန်ဘက်တော်သားတွေမို့ တိုက်ခိုက်တာက မျှတတယ်"လို့ ဘက်လိုက်တွေး တွေးကြလိမ့်မယ်။


ဒါပေမယ့် ယူအေအီးတို့, ဆော်ဒီတို့လို အင်အားကြီးနိုင်ငံတွေ, ဘာရိန်းတို့, ကာတာ, ကူဝိတ်တို့လို နိုင်ငံပေါက်စတွေကကျတော့ အဲဒီလို မတွေးဘူးလေ။ 


"အီရန်ကို မယုံလို့မို့ကို အမေရိကန်ကို မကြိုက်ဘဲ တည့်အောင် ပေါင်းနေရတာ"


ဒါမျိုး ပြောကြလိမ့်မယ်။ 


ယူအေအီး, ကာတာ, ဆော်ဒီတို့ဟာ "အမေရိကန်ကို အီရန်စစ်ပွဲအတွက် မြေအသုံးချခွင့် မပေးပါဘူး"လို့ အီရန်ကို ကတိပြုခဲ့ကြတယ်။ 


ဒါနဲ့တောင်မှ အီရန်က အဲဒီနိုင်ငံတွေကို လွှတ်မပေးဘူး။ 


အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ပစ်ခတ်ရုံဆို တော်သေးတယ်လို့ ပြောရမှာပဲ။ 


ဆော်ဒီ ပင်လယ်နီဆိပ်ကမ်းမြို့က Samref လို ရေနံချက်စက်ရုံမျိုးတွေ, ကာတာက သဘာဝဓာတ်ငွေ့ ဗဟိုချက် Las Raffan လိုနေရာမျိုးတွေ, ယူအေအီးက Habshan ဓာတ်ငွေ့စက်ရုံနဲ့ Bab ရေနံမြေလို နေရာမျိုးတွေ, ကူဝိတ်က ရေနံချက်စက်ရုံတွေကို တိုက်တာကျတော့ အမေရိကန့်လူတွေကို တိုက်တာထက် လေးနက်သွားပြီ။ 


အဲဒီနိုင်ငံတွေဟာ အီရန်ကို "ညီအစ်ကို"ဆိုတဲ့ စိတ်ကို ပြန်မွေးပေးဖို့ အတော်ခက်သွားလိမ့်မယ်။ 


===


ဆိုပါစို့။ 

အမေရိကန်ကို ပင်လယ်ကွေ့နိုင်ငံတွေက မောင်းထုတ်လိုက်ပြီ။ 

အမေရိကန်ကလည်း ထွက်သွားပြီ။


ဒါဆိုရင် အီရန်က ညီရင်းအစ်ကို စိတ်ဓာတ် မွေးမြူပြီး "ချစ်ခင်ကြင်နာ ညီညွတ်စွာ နေထိုင်သွားကြလေတော့သတည်း" ဖြစ်မလား?


ဒီနေရာမှာ အီရန်ရဲ့ ဖြောင့်မတ်မှုနဲ့ ကတိတည်မှုကို မေးခွန်းထုတ်ရတော့မှာပေါ့။ 


သူ့နိုင်ငံတွင်းက ရှီးအာ ပြည်သူတွေကိုတောင် လိမ်ညာပြီး ပစ်သတ်နေသေးတဲ့ဥစ္စာ။ 


ဆော်ဒီနေ ဆွန်နီတွေကို ညီအစ်ကိုလို ချစ်ခင်ပါမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?


အစောဆုံး အီရန်မျိုတာကို ခံရမယ့်နိုင်ငံဟာ ဘာရိန်း-လို့ ခန့်မှန်းကြပါတယ်။ 


ကူဝိတ်က ဒုတိယအမြင့်ဆုံး ပျောက်သွားနိုင်ခြေ ရှိတဲ့ နိုင်ငံဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေကလည်း အီရန်ကို တည့်အောင် ပေါင်းနေရတဲ့ နိုင်ငံတွေ ဖြစ်သွားနိုင်ပါသတဲ့။ 


အင်အားအကြီးဆုံး ဆော်ဒီကတော့ အီရန်ကို တည့်အောင် ပေါင်းရင်း အင်အားကြီးနိုင်ငံတွေကို ကပ်ပြီး လက်နက်တွေကို ဝယ်ပြီး ခံတပ်ကို တိတ်တဆိတ်ပြင်ရင်း စင်ပြိုင်ဖြစ်အောင် ကြိုးစားလိမ့်မယ်လို့ တွက်ချက်ကြပါတယ်။ 


===


ကောင်းပြီ။

အီရန်ကို စင်းလုံးချော အပြစ်ကင်းသူလို့ မြင်ကြစို့။ 

အီရန်ဘက်က ရပ်တည်ပေးကြစို့။ 


သူ့နယ်မြေထဲမှာ ရက်ရက်စက်စက် နှိပ်ကွက်ခံနေရတဲ့ အစ္စလာမ်ဘာသာတူ သာမန်ပြည်သူတွေကိုကျတော့ ဘယ်သူက ရပ်တည်ပေးမှာတဲ့လဲ? 


အီရန်အစိုးရက စင်းလုံးချော ဖြစ်နေခဲ့သည်ရှိသော် သာမန်ပြည်သူက ဘာအပြစ်တွေ ရှိနေခဲ့လို့လဲ? 


အဲဒါက အမေရိကန်ကို ကန့်ကွက်/ထောက်ခံ မပြုဘဲနဲ့ကို မေးမြန်း, ဖြေဆို, ဆွေးနွေးရမယ့် ပြဿနာ ဖြစ်ပါတယ်။ 


အီရန်ကို ထောက်ခံချင်ရင်တောင် အလွန်အကျွံတော့ ဘက်မလိုက်သင့်ဘူး။  ပင်လယ်ကွေ့နိုင်ငံတွေရဲ့ သဘောထားကိုပါ ထည့်စဉ်းစားသင့်တယ်။ 


ပင်လယ်ကွေ့နိုင်ငံတွေဟာ အမေရိကန်ကို မနှစ်မျို့ဘဲ အီရန်ကို စာနာဖို့ ဆန္ဒရှိခဲ့ကြတယ်။ ဒါနဲ့တောင်မှ အီရန်က စာနာခွင့် မပြုတဲ့အခါ ရန်တွေ့စရာပဲ ကျန်တော့သလို ဖြစ်နေတယ်။ 


ဒါမျိုးကိုပါ ထည့်တွက်ပေးဖို့ပါ။​ 

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်