ဥပဒေတိရစ္ဆာနကထာ

 ၂၃ ဇန် ၂၀၂၆


"ဘုန်းကြီးတွေဟာ ဝိနည်းကိုပဲ နားလည်ရမယ်၊ ဥပဒေကို နားလည်စရာ မလိုအပ်ဘူး"


တချို့က ဒါမျိုး ပြောကြတယ်။ 


"ခင်ဗျားက ဝိနည်း ၅-ကျမ်းမှာ ဘယ်ကျမ်းရဲ့ ဘယ်အပိုဒ်ကို ထောက်ထားပြီး အဲဒါမျိုး ပြောရတာလဲ"


ဒါမျိုး ပြန်မေးရပါမယ်။ 



ဝိနည်းထဲက အများဆုံး ထောက်ထားကြတာက "တိရစ္ဆာနဝိဇ္ဇာ" သိက္ခာပုဒ်ပဲ။ 


တိရစ္ဆာနဝိဇ္ဇာဆိုတာ ဘာလဲ?

"မဂ်ဖိုလ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အတတ်ပညာတွေကို မသင်ရဘူး"


ဒီနေရာမှာ ဥပဒေသဘောတွေ ပါလာပြီ။


===


ပါကစ္စတန်နိုင်ငံ, စစ်အာဏာရှင် ဇီယာအူဟပ်ရဲ့ လက်ထက်မှာ ဆန့်ကျင်ဘက် နိုင်ငံရေးသမားတွေကို တိုက်ခိုက်ဖို့, ဒါမှမဟုတ်, ထိန်းသိမ်းဖို့, ချုပ်ကိုင်ဖို့ဆိုပြီး ဥပဒေတွေထဲမှာ စကားလုံးတချို့ကို ညှပ်ထည့်ခဲ့ကြတယ်။ 


အဲဒီအထဲမှာ ပါကစ္စတန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၂ (၁) (f) မှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ Sadiq and Amin ဖြစ်ရမယ်လို့ အာရဘီဘာသာနဲ့ ရေးသားထားတယ်။ 


ရိုးသားပြီး ယုံကြည်ထိုက်သူ ဖြစ်ရမယ်ပေါ့။ 


ခင်ဗျားကတော့ ထင်မှာပဲ။ 

"ရိုးသားပြီး ယုံကြည်ထိုက်သူ ဖြစ်တယ်-ဆိုတာ အလွန်ကောင်းတဲ့ အချက်ပဲ၊ ထည့်ထည့်, မြန်မြန်ထည့်"


ဒါပေမယ့် ဒီစကားလုံးရဲ့ ပြဿနာက "ကျယ်ပြန့်လွန်း"နေတာ။


ရိုးသားတယ်ဆိုတာကို ခင်ဗျားက ရဟန္တာဖြစ်ရမယ်လို့ ဆိုလိုတာလား? 

လွှတ်တော်အမတ် တစ်ယောက်ကို သူတော်စင်ဖြစ်ရမယ်ဆိုရင် ခင်ဗျားက လွှတ်ကြိုက်ပေါ့။ 


မဖြစ်နိုင်ဘူးဆိုရင် ခင်ဗျားက ဘယ်အတိုင်းအတာကို ရိုးသားတယ်လို့ သတ်မှတ်မှာလဲ?


ကောင်းကွက်တွေ များတာကို ရိုးသားတယ်လို့ ပြောမယ်ဆိုပါစို့။ 

အဲဒါကလည်း ကျယ်ပြန့်နေသေးတယ်။ 

ဘယ်ကောင်းကွက်တွေက ဘယ်ဆိုးကွက်တွေထက် ဘယ်လောက်များနေတာကို ပြောချင်တာလဲ?


ရိုးသားပြီး ယုံကြည်ထိုက်သူ ဖြစ်ရမယ်ဆိုတဲ့ စကားလုံးဟာ "ကျယ်ပြန့်လွန်းတဲ့" ပြဿနာ ရှိနေတယ်။ 

အတိုက်အခံတွေကို တွယ်ဖို့ ထည့်ထားခဲ့တဲ့ စကားလုံးသက်သက်ပဲ။ 


===


၂၀၁၇-ခုနှစ်မှာ သမ္မတ နာဝပ်ရှာရစ်ဟာ ပြဿနာတစ်ခု တက်တယ်။ 


ပါကစ္စတန်မှာ နိုင်ငံရေးလုပ်ရတယ်ဆိုတာက ကြိုးတန်းလမ်းလျှောက်မို့လို့ တခါတလေ အခြေအနေ မကောင်းရင် ခိုလှုံခွင့်ရအောင် ဒူဘိုင်းမှာ နေရာတစ်ခု "ဖန်"ထားတယ်။


ဒူဘိုင်းမှာ နေထိုင်ခွင့် ဗီဇာရချင်ရင် ဒူဘိုင်းမှာ အလုပ်လုပ်သူ ဖြစ်ရမယ်၊ အလုပ်ထောက်ခံချက် ပြနိုင်ရမယ်။ 


ဒီတော့ သူ့သားပိုင်တဲ့ ဒူဘိုင်းအခြေစိုက် Capital FZE ကုမ္ပဏီမှာ ဥပဒေအကြံပေးရာထူး တစ်ခု ယူထားတယ်။ 


ဒီရာထူးကို ပြပြီး နေထိုင်ခွင့်ဗီဇာယူမယ်ပေါ့လေ။ 


ဒီလုပ်ငန်းစဉ်က တိတ်တိတ်လေး လုပ်နေတာမို့လို့ လူမသိခဲ့သေးဘူး။ 


၂၀၁၆-မှာ ပနားမားစာရွက်စာတမ်းများ ပေါက်ကြားမှု ဖြစ်လာတော့ ပါကစ္စတန် နာဝပ်ရှာရစ်ရဲ့ သားသမီးတွေကလည်း ပြည်ပမှာ လျှို့ဝှက်ပိုင်ဆိုင်မှုတွေ အများကြီး ရှိနေတယ်လို့ ပေါ်လာတယ်။ 


အဲဒီမှာ ပြိုင်ဘက်ပါတီခေါင်းဆောင် Imran Khan နဲ့ သူ့ပါတီ PTI က လမ်းပေါ်ထွက်တယ်။ သမ္မတပိုင်ဆိုင်မှုတွေကို ပြရမယ်လို့ ဆိုတယ်။ တရားရုံးချုပ်မှာလည်း ဦးတိုက်ပြီး လျှောက်ထားတယ်။ 


ဒါပေမယ့် သမ္မတကလည်း ကင်းပါတယ်, ရိုးပါတယ်ပေါ့။ ဘယ်ကမှန်းမသိတဲ့ ပနားမားစာတမ်းတွေကို မယုံပါနဲ့ပေါ့။


တရားရုံးက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့တယ်။ ပိုက်စိပ်တိုက်လိုက်ကြတဲ့အခါ ခက်ခဲပါတယ်။ တင်ပြထားတဲ့ ပိုင်ဆိုင်မှုစာရင်းကို အခြေပြုပြီး ရှာရတာကိုး။ 


ဒါပေမယ့် ဒူဘိုင်းမှာ ဗီဇာရထားတယ်လို့ တွေ့ရတဲ့အခါ "ဟင်... ဒါဆို အလုပ်အကိုင် ရှိရမှာပဲ"ဆိုပြီး မေးတယ်။ အခုနက ကုမ္ပဏီအလုပ် ပေါ်လာတယ်။ အာရပ်ဒိုင်ဟမ် (၁၀,၀၀၀) ရတယ်လို့လည်း တွေ့ရှိရတယ်။ 


လိုချင်တာက လန်ဒန်မှာ အိမ်ခြံမြေတွေ ဝယ်ထားတယ်ဆိုတာမျိုး။ တွေ့ရတာက အာရပ်ဒိုင်ဟမ် (၁၀၀၀၀) ပြဿနာ။ 


ဒါပေမယ့် အတိုက်အခံတွေအတွက်ကတော့ ဒါကလည်း လည်မျိုညှစ်ကွက်ပဲလေ။ 


===


တရားရုံးက သမ္မတကို ဘယ်လိုအရေးယူမလဲ? ဘယ်ပုဒ်မနဲ့ အရေးယူမလဲဆိုတဲ့အခါ ပုဒ်မတပ်တဲ့ ပြဿနာ။ 


အခုနက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆၂ (၁) (f) အရ ရိုးသားပြီး ယုံကြည်ထိုက်သူ မဖြစ်တော့ဘူးလို့ သတ်မှတ်တယ်။ 


ဝန်ကြီးချုပ်ရာထူးကနေ ဖြုတ်ပစ်လိုက်တယ်။ 


ဒါတင်မက "ဒီပုဒ်မနဲ့ အရေးယူခံရသူဟာ နောက်ထပ် နိုင်ငံရေးလုပ်ခွင့် မရှိစေရ"လို့ပါ ထပ်ဆင့် အဓိပ္ပါယ်ဖွင့်တယ်။ 


နိုင်ငံရေးလောကနေ ဖယ်ထုတ်ခြင်းကိုပါ ခံလိုက်ရတယ်။ 


ဒါက ကျယ်ပြန့်တဲ့ စကားလုံးတွေရဲ့ အန္တရာယ် ရှိပုံ။ 


===


အခုနက တိရစ္ဆာနဝိဇ္ဇာသိက္ခာပုဒ် ၂-ခုကို ပြန်သွားရအောင်။ 


မဂ်ဖိုလ်နဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အတတ်ပညာတွေကို မသင်ယူရ/ သင်မပေးရ။ 


ဒီသိက္ခာပုဒ်မှာ ကျယ်ပြန့်တာက "မဂ်ဖိုလ်နဲ့ ဆန့်ကျင်ဘက်ဖြစ်သော"ဆိုတဲ့ စကားလုံးပဲ။ 


ကိုလိုနီခေတ်တုန်းက အင်္ဂလိပ်စာ/ အင်္ဂလိပ်စကားကို တိရစ္ဆာနဝိဇ္ဇာလို့ သတ်မှတ်ခဲ့ကြဖူးတယ်။ 


အင်္ဂလိပ်စာ, စကား တတ်တဲ့ အရှင်အာဒိစ္စဝံသတို့ကို ဒီသိက္ခာပုဒ်နဲ့ ကိုးကားပြီး တိုက်ခိုက်ကြတာပဲ။ 


ကောင်းပြီ။ 

အရှင်အာဒိစ္စဝံသဟာ အင်္ဂလိပ်စကားကို သင်တယ်။ အင်္ဂလိပ်စကား, စာဟာ တိရစ္ဆာနဝိဇ္ဇာလား?


ကျယ်ပြန့်နေတယ်။ 

ယူချင်သလို ယူလို့ ရနေတယ်။ 


ခင်ဗျားကရော ဘယ်ဘက်ကို လိုက်မှာလဲ?

အင်္ဂလိပ်စာ, အင်္ဂလိပ်စကားကို တိရစ္ဆာနဝိဇ္ဇာစာရင်းထဲ ထည့်မှာလား? မထည့်ဘူးလား?


ခင်ဗျားက ထည့်ချင်တယ်။ 

ဒါဆိုရင် ရန်ကုန်, မန္တလေး သာသနတက္ကသိုလ်ကြီးကနေ ဆရာတွေနဲ့ ကျောင်းသားရဟန်းတွေကို ပါချုပ်နဲ့တကွ အရေးယူရတော့မယ်။ 


ခင်ဗျားက အင်္ဂလိပ်စာ, အင်္ဂလိပ်စကားတွေကို တိရစ္ဆာနဝိဇ္ဇာစာရင်းထဲ မထည့်ချင်ဘူး။

ဒါဆိုရင်လည်း အရှင်အာဒိစ္စဝံသကို တိုက်ခိုက်ခဲ့ကြတဲ့ လူရှင်ရဟန်းတွေရဲ့ အယူအဆကို ထောက်ပြရတော့မယ်။ 


ဒါတင်မက - ဘိက္ခုနီအရေးတော်ပုံမှာ ဒီလူတွေက ဘယ်လောက်အထိ မှန်ခဲ့သလဲ-ဆိုတာကိုပါ ထပ်ပြီး ဆန်းစစ်စရာ ဖြစ်လာမယ်။


===


အခုပြောခဲ့တာက ဥပဒေသဘောတွေထဲက တချို့ပါ။ 


ခိုးရင် ဒုတိယပါရာဇိကသိက္ခာပုဒ်အရ ပါရာဇိက ကျတယ်။ 

တန်ဖိုးကို သတ်မှတ်ထားတာက (၁) မတ်, (၁) မတ်ထက် လွန်အောင် ခိုးရင်။


ဒီနေရာမှာ ဋီကာကျမ်းတွေက တစ်မတ်ကို အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ထားတယ်။ 


အဲဒီအဖွင့်ထဲက တစ်ခုက ရွှေစင်တစ်မတ် ဖြစ်ပါသတဲ့။ 


ဆိုလိုတာက ရွှေတစ်ကျပ်သားကို သိန်း (၈၀) ပေါက်တယ်ဆိုရင် သိန်း (၂၀) ဖိုး ခိုးမှ ပါရာဇိက ကျမယ်ပေါ့လေ။ 


ဒီတော့ကား - ကိုယ်တို့ရဟန်းလောကမှာ ခိုးတတ်, ဝှက်တတ်တဲ့ ဦးဇင်းတွေကို တခါလေ ဖမ်းမိတယ်။ 


နှင်ထုတ်လိုက်တယ်။ လူမထွက်ဘူး။ 


သူတို့က ဘာလို့ လူမထွက်တာလဲ-ဆိုရင်

"ရွှေတမတ်ဖိုး ပြည့်အောင် ခိုးခဲ့တာ မဟုတ်လို့"တဲ့။ 


ဆိုလိုတာက ရွှေတစ်မတ်သားကို သိန်း (၂၀) တန်တယ်ဆိုပါစို့။ 


၁၉-သိန်းတန် ဖုန်းတစ်လုံးကို ခိုးယူခြင်းဟာ အာပတ်ကြီး မသင့်ပါဘူးဆိုတဲ့ သဘော။ 


===


ဒါမျိုးကို ဆွေးနွေးတာကရော တိရစ္ဆာနဝိဇ္ဇာပဲလား?  


တိရစ္ဆာနဝိဇ္ဇာကို ခင်ဗျားက (၉၆) ပါး ရောဂါပျောက် ဆေးဝါးအနေနဲ့ သုံးချင်ရင် ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ ဓာတ်ချုပ်တာ, ဝမ်းလျှောတာ, ဗိုက်နာ, ခေါင်းကိုက်တာကိုလည်း လက်ခံရမယ့်သဘောပါ။ 


ဒါတောင် ခင်ဗျားက ပြောဦးမှာ။

"တိုင်းရင်းဆေးတွေက ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူး၊ သောက်ချင်သလောက် သောက်လို့ရတယ်၊ သူတို့အင်္ဂလိပ်ဆေးတွေကပဲ ပြဿနာတက်နေတာ"

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်