သံဃနာယကဥက္ကဋ္ဌဂိမ်း
၂၂ ဖေ ၂၀၂၆
လူတိုင်း တိုင်းရေးပြည်ရေး Awareness ရှိစေဖို့ ဖုန်းနဲ့ ဆော့လို့ ရမယ့် "Government Game" လေးတွေ ရေးချင်ကြသူတွေ မရှိဘူးလား မသိဘူး။
လွှတ်တော်ထိုင်ခုံနေရာတွေ ပါမယ်။
အစိုးရဌာနတွေ ပါမယ်။
ရာထူးအနိမ့်အမြင့်တွေ ပါမယ်။
တရားရေးတွေ ပါမယ်။
တရားရေးရာထူး အနိမ့်အမြင့်တွေ ပါမယ်။
စတိုရီလိုင်း ပေးထားရမယ်။
စံချိန်စံညွှန်းတွေ ရေးထားရမယ်။
စစချင်းမှာ ဂိမ်းဆော့သူက တကိုယ်တော်။ အဲဒီကနေ စည်းရုံးရေး ဆင်းရမယ်။
စည်းရုံးရေးမှာ Multi Choice ပေးထားပြီး စီးပွါးရေးဆိုရင် လူဘယ်နှစ်ဦး ရမယ်၊ ပညာရေးနဲ့ စည်းရုံးရင် လူဘယ်နှစ်ဦး ရမယ်။ ကျန်းမာရေးနဲ့ စည်းရုံးရင် လူဘယ်နှစ်ဦး ရမယ်။ ဘာသာရေးနဲ့ စည်းရုံးရင် ဘယ်နှစ်မှတ် ရတတ်တယ်။
ဒါမျိုးလေးနဲ့ တွဲပြီး ဝန်းရံသူအရေအတွက်ကို တိုးပေးရမယ်။ မူဝါဒကောင်းသလို ပရိသတ်အရေအတွက် တိုးလာရမယ်။
အဲဒီကနေ လူ (၁၀၀) တို့, လူ (၁၀၀၀) တို့, လူ (၁၀,၀၀၀) တို့, လူ (၁၀၀,၀၀၀) တို့ စသည် ပရိသတ် များလာအောင် ဆော့ပြီးတဲ့အခါ ရွေးကောက်ပွဲ ဂိမ်းခန်းတွေ လာမယ်။
ရွေးကောက်ပွဲမှာ အမတ်နေရာအတွက် လူဦးရေ အနည်းအများအလိုက် ကုလားထိုင်တွေ ခွဲရမယ်။ ပြိုင်မယ့်နေရာတွေ ရွေးရမယ်။ မူဝါဒတွေ ချရမယ်။
မူဝါဒတွေကို အမှတ်ပေးထားပြီး အမတ်နေရာတွေ ဘယ်လောက်လောက် နိုင်တယ်လို့ ဖြစ်မယ်။
မူဝါဒ မှားရင် အမတ်နေရာ ဘယ်နှစ်နှစ်နေရာ ဆုံးရှုံးတယ်လို့ ဖြစ်မယ်။
အမတ်တွေရဲ့ မှားတတ်တဲ့ အမှားလေးတွေကို ရှုံးမှတ်လို့ သတ်မှတ်ပြီး Multi Choice ပေးထားရမယ်။
ကုလားထိုင်အနည်းအများကို အရှင်လုပ်ထားပြီး စွမ်းရည်အလိုက် လွှတ်တော်မှာ အစိုးရဖွဲ့ခန်းတွေ ရောက်မယ်။
ကိုယ်က ကုလားထိုင်နေရာ များများ ရတယ်ဆိုရင် ကိုယ့်ပါတီက အစိုးရ ဖွဲ့မယ်။ ကုလားထိုင်နေရာ မလုံလောက်ဘူးဆိုရင် မဟာမိတ်ဖွဲ့တာတွေ ပါမယ်။
တိုတိုပြော။
အစိုးရဖွဲ့ခန်းတွေ ပါမယ်။ မူဝါဒရေးရာတွေ ပါမယ်။ ဝန်ကြီးဌာန ပိုင်းခန်းတွေ ပါမယ်။ မှားတတ်တဲ့ အမှားတွေနဲ့ အမှတ်လျော့ခန်းတွေ ပါမယ်။
ဝန်ကြီးဌာနတစ်ခုချင်းအလိုက် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်။
နိုင်ငံခြားရေးက အိမ်နီးချင်းတွေနဲ့ ဆက်ဆံတဲ့အခါ မူဝါဒတချို့ကို ပေးထားပြီး အမှားရွေးမိရင် မိတ်ပျက်သွားတာမျိုး ဖန်တီးထားနိုင်တယ်။
ဥပဒေရေးရာမှာ လာဘ်စားရင် ဘယ်နှစ်မှတ်လျော့တယ်ဆိုတာမျိုး, အဂတိတိုက်ဖျက်ရေးကို ဘယ်လိုလုပ်တယ်ဆိုတာမျိုး။ နိုင်မှတ် ရှုံးမှတ် ပေးထားနိုင်တယ်။
===
ပြောရင်တော့ အများကြီးပဲ။
ဒီလိုဂိမ်းမျိုး ရေးပြီးသား ရှာကြည့်လိုက်တော့ အင်္ဂလိပ်ဘာသာနဲ့ ဂိမ်းတချို့တော့ ရှိပါတယ်။
- Democracy Series
- Suzerain
- Realpolitiks
- The Political Process
- Road 96 တို့
Democracy Series က အလွန်ကောင်းပါရဲ့။
မူဝါဒတွေကို ရွေးချယ်ပြီး အမှတ်အတိုးအလျော့ ရတာ။
လူတွေကို အစု (၂၀) လောက် ခွဲထားတယ်။
မူဝါဒတစ်ခု ချမှတ်လိုက်ရင် ဘယ်လူစုအတွက် ကောင်းကျိုးဖြစ်ထွန်းသွားမယ်။ ဘယ်လူစုအတွက် ဆိုးကျိုးဖြစ်သွားမယ်။
ဒါဆိုရင် လာမယ့် ရွေးကောက်ပွဲကို ဘယ်လိုသက်ရောက်မယ် - စသည်။
ဒါပေမယ့် ဒီဂိမ်းမှာ စကတည်းက သမ္မတ ဖြစ်ပြီးသား။
သာမန်လူက စ,တာ မဟုတ်ဘူး။
သာမန်လူကနေ သမ္မတကြားထဲက လုပ်ငန်းစဉ်တွေ ကျန်နေခဲ့တာ။
===
"အရှင်ဘုရားက လောကီကို အတော်စိတ်ဝင်စားတာပဲနော်၊ အထင်သေးလိုက်တာ"
ဒါမျိုးဆိုရင် လောကုတ်အတွက် ဂိမ်းတစ်မျိုး ရေးကြစို့။
"သံဃမဟာနာယကဥက္ကဋ္ဌဂိမ်း"
Comments
Post a Comment