အင်ဒီရာဂန္ဒီ - သားဆက်ခြားပြဿနာ
၉ ဖေ ၂၀၂၆
အိန္ဒိယကလည်း လူဦးရေ ထိန်းချုပ်ဖို့ ကြိုးစားဖူးတယ်။
အိန္ဒိယက ဖွံ့ဖြိုးလာတာ မကြာသေးပါဘူး။ လွတ်လပ်ရေးရပြီးနောက် နှစ် (၂၀) ကျော်သည်အထိ အမေရိကန်ရဲ့ ဂျုံသင်္ဘောတွေကို အားကိုးခဲ့ရဖူးတယ်။
လက်လှုပ်မှ ပါးစပ်လှုပ်ရမယ်လို့ ကိုယ်တို့ဆီမှာ စကားပြောကြပေမယ့် သင်္ဘောဆိုက်မှ ပါးစပ်လှုပ်ရမယ်လို့ ပြောကြတဲ့ ခေတ်လည်း ရှိဖူးသပေါ့။
၁၉၆၀ ဝန်းကျင် လန်ဒန် ဘီ ဂျွန်ဆင်-လက်ထက် အမေရိကန်ကလည်း အိန္ဒိယက ဗီယက်နမ်စစ်ပွဲကို တစ်ချက်ဝေဘန်လိုက်တာနဲ့ ဂျုံသင်္ဘောဆိုက်ချိန်ကို နှေးပစ်လိုက်တတ်တယ်။
ဒီလိုနဲ့ အကြပ်တွေ့အောင် လုပ်ခဲ့ဖူးတာမို့ အိန္ဒိယကလည်း တကယ်ကြပ်ခဲ့ဖူးတာမို့ အိန္ဒိယမွဲတဲဲ့ ကာလတွေလို့ ပြောနိုင်တာပေါ့။
အိန္ဒိယလွတ်လပ်ရေးရ,စ ၁၉၄၇ ဝန်းကျင်မှာ လူဦးရေက သန်း (၃၄၀-၃၅၀) ဝန်းကျင် ရှိခဲ့တယ်။
စိုက်ပျိုးရေးစနစ်ကျ ပျက်စီးနေခဲ့တယ်။
၁၉၇၅-လောက်မှာ သန်း (၆၁၀) နဲ့ (၆၂၀) ဝန်းကျင်လောက် ရှိနေပြီ။
အင်ဒီရာဂန္ဒီလက်ထက်မှာ စီးပွါးရေးတိုးတက်မှုနှုန်းထက် လူဦးရေတိုးနှုန်း ကိန်းဂဏန်းက ပိုများနေတယ်။
မေးလ်သပ်စ်ရဲ့ တွက်နည်းအရ ဆန်စပါးတိုးနှုန်းက ၁-၂-၃-၄ နည်းနဲ့ တိုးတယ်။
လူဦးရေကျတော့ ၂-၄-၆-၈ နည်းနဲ့ တိုးတယ်တဲ့။
လူဦးရေက ရိက္ခာတိုးနှုန်းထက် ပိုမြန်ပြီး ပိုလွန်သွားရင် အငတ်ဘေးအခြေခံ ကပ်ကြီး ၃-ပါး ဆိုက်ပြီး လူဦးရေက အကြီးအကျယ် ပြန်လျော့သွားတတ်သတဲ့။
လူတွေကိုယ်တိုင်ကလည်း ကိုယ့်အိမ်ထောင်စုရဲ့ ဘဏ္ဍာရေးအခြေအနေအရ ကလေးမွေးနှုန်းကို ကိုယ်ဘာသာ ပြန်ထိန်းတတ်ကြသတဲဲ့။
နေရူးလက်ထက် ၁၉၅၂-လောက်ကတည်းက လူဦးရေတိုးနှုန်းကို နိုင်ငံတော်အဆင့် မိသားစုစီမံကိန်းအနေနဲ့ သားကြောဖြတ်ခဲ့ဖူးတယ်။
ဒါပေမယ့် အတင်းအကြပ် မလုပ်ခဲ့ဘူး။ ဖြေးဖြေးနဲ့ နှေးနှေးပဲ ဖြတ်ပေးနေခဲ့တယ်။
===
၁၉၆၄-မှာ နေရူးဆုံးသွားပြီး ယာယီသမ္မတစ်ဦးရဲ့ နောက်မှာ သမ္မတ လာလ် ဗဟာဒူး ရှပ်စတြီ တက်လာတယ်။
သူ့လက်ထက်မှာ ပါကစ္စတန်စစ်ပွဲ ဖြစ်ပြီး အိန္ဒိယက ပါကစ္စတန် - လာဟိုးမြို့ကို သွားဝိုင်းရာမှာ ပါကစ္စတန်က ပြာသွားတယ်။ ငြိမ်းချမ်းရေးယူရတဲ့အတွက် ရှပ်စတြီးဟာ လူချစ်, နတ်ချစ် သမ္မတကြီး ဖြစ်ခဲ့တယ်။
သူ့လက်ထက်မှာ “Jai Jawan, Jai Kisan” (စစ်သည်တော်များ အောင်စေ, လယ်သမားများ အောင်စေ)လို့ မူဝါဒဆောင်ပုဒ် ပြုတယ်။
အမေရိကန် ဂျုံသင်္ဘောတွေနဲ့ ထမင်းတစ်လုပ် တုတ်တစ်ချက်ကို စိတ်နာမိလို့မို့ အစိမ်းရောင်တော်လှန်ရေး ရိက္ခာဖူလုံရေး စီမံကိန်းကြီးတွေ ချတယ်။
ဒါပေမယ့် လူဦးရေက တိုးတာပဲ။ ရိက္ခာထက် ပိုပြီးကို တိုးနေခဲ့တာ။
ပါကစ္စတန် စစ်ပွဲပြီးတဲ့နောက်မှာပဲ ရှပ်စတြီးဟာ ပဟေဠိဆန်ဆန် ကွယ်လွန်သွားပြီး ယာယီသမ္မတတစ်ဦး ကြားခံတယ်။
၁၉၆၆-မှာ အင်ဒီရာဂန္ဒီ တက်လာတယ်။
အဲဒီတုန်းက လွတ်လပ်ရေးဦးဆောင် ပါတီကြီးဖြစ်တဲ့ ကွန်ဂရက်စ်ပါတီဟာ နေရူးရဲ့ သမီးဖြစ်တဲ့ အင်ဒီရာဂန္ဒီကို ရှေ့ထုတ်ပြီး ဝန်ကြီးချုပ် ခန့်တယ်။
အင်ဒီရာဂန္ဒီဟာ လွှတ်တော်မှာ စကားပြောတဲ့အခါ မရဲမဝံ့ ထစ်ငေါ့ထစ်ငေါ့နဲ့မို့ ကွန်ဂရက်စ် လူကြီးပိုင်းက “စကားမပြောတတ်တဲ့ အရုပ်မလေး”လို့ ကွယ်ရာမှာ လှောင်ပြောင်ခဲ့ကြဖူးတယ်။ ကြိုးကိုင်လို့ ရတော့မယ်ဆိုပြီး ပီတိဖြစ်ခဲ့ကြတယ်။
နောက်ပိုင်းမှာ အင်ဒီရာဂန္ဒီက အပြောင်းအလဲတွေကို ပြတ်ပြတ်သားသား လုပ်ချင်တယ်။
လူကြီးပိုင်းတွေက တည်ငြိမ်ရေးကို ဦးစားပေးပြီး ခပ်မှေးမှေး ထိန်းသွားချင်တယ်။
၁၉၆၉-မှာ အင်ဒီရာဂန္ဒီကို လူကြီးတွေစကား နားမထောင်ဘူးဆိုပြီး ပါတီကနေ ထုတ်ပစ်တယ်။ ဝန်ကြီးချုပ်ဖြစ်နေသေးပေမယ့် ပါတီဝင်မဟုတ်တော့ဘူး။ အင်ဒီရာဂန္ဒီကလည်း ကွန်ဂရက်စ် ပါတီသစ်ဆိုပြီး ခွဲထောင်တယ်။ ကွန်မြူနစ်ပါတီ CPI နဲ့ အခြားဒေသခံပါတီတွေရဲ့ ထောက်ခံမှုနဲ့ ဆက်ရပ်တည်တယ်။
၁၉၇၁-မှာ ရွေးကောက်ပွဲကို အစောကြီးခေါ်တယ်။
အင်ဒီရာဂန္ဒီက “ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ကြ”ဆိုတဲ့ ဆောင်ပုဒ်နဲ့ ပြိုင်တယ်။
တည်ငြိမ်မှုနဲ့ ဆက်သွားချင်တဲ့ လူကြီးတွေကို ကျော်ပြီး အင်ဒီရာဂန္ဒီရဲ့ ပါတီသစ်က တောင်ပြိုကမ်းပြိုနိုင်တယ်။
အဲဒီနှစ်ထဲမှာပဲ အရှေ့ပါကစ္စတန် (ဘင်္ဂလားဒေ့ရှ် မဖြစ်သေး) မှာ Awami League ပါတီခေါင်းဆောင် ရှိတ် မူဂျီီဘူ ရာမန် (ရှိတ် ဟာဆီနာရဲ့ အဖေ) မဲဲနိုင်တယ်။
အနောက်ပါကစ္စတန်က အရှေ့ပါကစ္စတန်ကို အာဏာလွှဲမပေးဘဲ စစ်တပ်လွှတ်ပြီး ဆန္ဒပြသူတွေကို ပစ်သတ်တယ်။ အမေရိကန်က ကြည့်နေတယ်။
အိန္ဒိယထဲကို အရှေ့ပါကစ္စတန်က ဒုက္ခသည် (၁၀) သန်းလောက် ဝင်လာတယ်။ အိန္ဒိယကလည်း သူဘာသာတောင် အနိုင်နိုင်စားနေရတာ။ ဒုက္ခသည်တွေ ဝင်လာတော့ မကြိုက်ဘူး။
အိန္ဒိယထဲ ရောက်နေတဲ့ အရှေ့ပါကစ္စတန် အတိုက်အခံတွေကို အင်ဒီရာဂန္ဒီတို့က တိတ်တိတ်ကြိတ်မွေးပြီး စစ်ပညာသင်, လက်နက်ဆင်တယ်။
ပါကစ္စတန်က အိန္ဒိယကို ဝင်တိုက်လိုက်တဲ့အချိန် ဘယ်မြို့ကိုမှ မတိုက်ဘဲ ဒါကာကို တန်းဝင်တိုးတယ်။ ၁၃-ရက် အကြာမှာ ပါကစ္စတန် စစ်သား (၉၃,၀၀၀) လက်နက်ချပြီး စစ်ပွဲ ပြီးသွားတယ်။
အမေရိကန်က ရေတပ်သင်္ဘောအုပ်စု (၇) ခု လွှတ်ပြီး ခြိမ်းခြောက်ပေမယ့် အင်ဒီရာဂန္ဒီက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ဆက်တိုက်သွားတာ။
လွှတ်တော်မှာ “စစ််နိုင်သွားပါပြီ၊ ပါကစ္စတန် စစ်သည် ၉၃,၀၀၀-က လက်နက်ချလိုက်ကြပါပြီ”လို့ အင်ဒီရာဂန္ဒီက ကြေညာလိုက်တဲ့အခါ အိန္ဒိယမှာ သူ့ပါဝါကို ယှဉ်နိုင်မယ့်သူ မရှိတော့ဘူး ဖြစ်သွားတယ်။
သူ့ကို ပြည်သူတွေက နတ်ဘုရားမ ဒူးရ်ဂါးဒေဝီလို့တောင် တင်စားကြတယ်။
၁၉၇၄-ခု၊ မေလ ၁၈-ရက် (ကဆုန်လပြည့်) မှာ ပထမဆုံး နူးကလီးယား စမ်းသပ်မှုကို လုပ်ပြီး အောင်မြင်တဲ့အခါ “Smiling Buddha - ပြုံးတော်မူဘုရား” လို့ နာမည်ပေးတယ်။
အမေရိကန်က နားထောင်နေနိုင်ခြေ ရှိတဲ့အခါ လျှို့ဝှက်ကုဒ်တွေ လုပ်ထားခဲ့တယ်။
သိပ္ပံပညာရှင်က ရာဂျ ရာမန်နားက နူးကလီးယားစမ်းသပ်မှု အောင်မြင်သွားတဲ့အခါ “ဗုဒ္ဓက ပြုံးတော်မူပါပြီ”လို့ အင်ဒီရာဂန္ဒီဆီကို လှမ်းဖုန်းဆက်တယ်။
“နူးကလီးယား စမ်းသပ်မှု အောင်မြင်ပါပြီ”ပေါ့။
အင်ဒီရာဂန္ဒီတို့ရဲ့ အိန္ဒိယဗုဒ္ဓက ပြုံးနိုင်ပေမယ့် ကမ္ဘာကြီးကတော့ ဘယ်လိုမှ မပြုံးနိုင်ခဲ့ပါဘူး။
ဖိအားတွေ ဝိုင်းပြီး ပေးကြတော့တယ်။ ပြင်သစ်ကပဲ နူးကလီးယားကို ဆက်ကူညီတယ်။
၁၉၇၅-မှာ အရိယဘတလို့ ခေါ်တဲ့ ပထမဆုံး အိန္ဒိယဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်။
===
၁၉၇၁-နဲ့ ၁၉၇၅-တို့ဟာ အင်ဒီရာဂန္ဒီအတွက် ပြည်တွင်းပြည်ပ ဘက်ပေါင်းစုံ လည်ပင်းညှစ်ခံရတဲ့ ကာလတွေပဲ။
၁၉၇၅-မှာ တရားရုံးက အမှုတစ်ခုကို လက်ခံပြီး မဲမသမာလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ဆုံးဖြတ်ပြီး စီရင်ချက် ချတယ်။ အင်ဒီရာဂန္ဒီ အာဏာစွန့်ရမယ်။
ဒီအချိန်မှာ အင်ဒီရာက အချက် (၂၀) ကြေငြာချက်ကို ထုတ်ပြီး အရေးပေါ်ကာလ ကြေငြာတယ်။ (အာဏာသိမ်းတယ်)
အဲဒါကို ကွန်မြူနစ်တွေက ထောက်ခံတယ်။ သူဋ္ဌေးတွေကလည်း သဘောကျတယ်။ ဆင်းရဲသားတွေကလည်း ကြည်ဖြူတယ်။
မကြိုက်တာက အဓိကအတိုက်အခံတွေပဲ။
===
အဲဒီအချက် (၂၀) စီမံကိန်းတွေထဲမှာ သားကြောဖြတ်တဲ့ စီမံကိန်းလည်း ပါတယ်။
အဲဒီမှာ ဘယ်လိုလုပ်သလဲဆိုတော့
အဲဒီအချိန်မှာ လူဦးရေက သန်း (၆၀၀) ရှိတယ်ဆိုပါစို့။ အိမ်ထောင်စုက သန်း(၁၀၀) လောက် ရှိမယ်။
အိမ်ထောင်တစ်ခုမှာ သားသမီး (၅) ဦးလောက် ရတယ်ဆိုရင် ဆက်မမွေးနဲ့တော့၊ သားကြော ဖြတ်တော့။ သားကြောဖြတ်ရင် ရေဒီယိုပေးမယ်၊ ငွေသားပေးမယ်။ (အဲဒီခေတ် ရူပီး ၇၀-ကနေ ၁၀၀ အထိ)
ပစ်မှတ်က သားသမီး ၃, ၄-ယောက်လောက် မွေးပြီးသား အိမ်ထောင်ရှင် လူငယ်တွေကို ရည်ရွယ်တယ်။ ယောက်ျားသားတွေကို ရည်ရွယ်တယ်။
တစ်နှစ်ကို (၄.၃) သန်းလောက် ဖြတ်ပြီး (၁၀) နှစ်လောက် ကြာရင် လူဦးရေက တည်ငြိမ်သွားတယ်။ ဒီလို တွေးခဲ့တာ။
ဒီလုပ်ငန်းကို အကောင်အထည် ဖော်တာက အင်ဒီရာဂန္ဒီရဲ့ သား - ဆန်ဂျေး ဂန္ဒီ။
ဆန်ဂျေး ဂန္ဒီက အထက်အောက် အရာရှိအဆင့်ဆင့်ကို ဖိအားပေးပြီး ခိုင်းတယ်။
အရာရှိိအဆင့်ဆင့်ကလည်း ဆန်ဂျေးကို မျက်နှာလုပ်ချင်ကြတော့ ဇွတ်ပြိုင်ကြတယ်။
လမ်းပေါ်မှာ လူဖမ်းပြီး သားကြောဖြတ်တဲ့ ဂဏန်းတိုးအောင် လုပ်ကြတယ်။
အဖိုးကြီးတွေရော, လူပျိုလေးတွေပါ သားကြောဖြတ်ခံရတဲ့အထိ ရမ်းကာားခဲဲ့ကြတယ်လို့ ဆိုတယ်။
အဲဒီတုန်းက အရာရှိအဆင့်ဆင့် ရမ်းကားပြီး သားကြောဖြတ်ပစ်လိုက်ကြတာ။
၁၉၇၅-၁၉၇၆-မှာ လူဦးရေ ၂.၆ သန်းကို သားကြောဖြတ်ပစ်ခဲ့တယ်။
၁၉၇၆-၁၉၇၇-မှာတော့ လူဦးရေ ၈.၂ သန်းကို ဖြတ်ပစ်လိုက်ကြပါသတဲ့။ (မူလတုန်းက တစ်နှစ်ကို ၄.၃ သန်းပဲ ရည်မှန်းခဲ့တာ၊ နှစ်ဆ လုပ်လိုက်ကြတာ)
ထုံးစံအတိုင်း နစ်နာရသူတွေက အင်ဒီရာဂန္ဒီကို ထောက်ခံကြတဲ့ နင်းပြားတွေ။
===
၁၉၇၇-ခု အရေးပေါ်ကာလ (၂၁) လ ပြီးဆုံးလို့ ရွေးကောက်ပွဲ ပြန်လုပ်ပေးချိန်မှာတော့ အင်ဒီရာဂန္ဒီတို့ဟာ ခွပ်ခွပ်လန်အောင် ရှုံးသွားခဲ့ပါတယ်။
Comments
Post a Comment