ပြီးပြည့်စုံသူ မဟုတ်ရင် ရိုးသားပါ

 ၂၈ ဇန် ၂၀၂၅


ဆွေးနွေးချင်တာ တစ်ခု။

Tik Tok ဆော့ကြတဲ့ သာသနာ့ဝန်ထမ်းတွေနဲ့ ပတ်သက်လို့။ 


"လူထွက်"တို့။ 

"လူငယ်တွေပဲ နားလည်ပေးပါ"တို့ဘက်ကို အသားပေးပြီး ဆွေးနွေးချင်တာတော့ မဟုတ်ဘူး။ 


အဲဒီ ၂-မျိုးနဲ့ နည်းနည်းစီတော့ ပတ်သက်လိမ့်မယ်။


===


သာသနာ့ဝန်ထမ်း တစ်ဦးချင်းကို ပြီးပြည့်စုံတဲ့ သူတော်စင်တွေအဖြစ် နားလည်ထားတာ, သို့မဟုတ်, မျှော်လင့်ထားတာမျိုးဟာ တကယ်ရှိတယ်။ 


"ပြီးပြည့်စုံတဲ့ သူတော်စင်"ဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတဲ့ ကိစ္စ။ 


အားလုံးသော သာသနာ့ဝန်ထမ်းတွေဟာ ပြီးပြည့်စုံတဲ့ သူတော်စင်တွေချည်းပဲ ဖြစ်နိုင်ပါ့မလား?

သံသယဖြစ်ဖွယ်ပါ။ 


အားနည်းချက် ကိုယ်စီ ရှိနိုင်တယ်။ 

အားနည်းချက်ဆိုတဲ့အထဲမှာ "ငါကတော့ ဘုန်းကြီးစာ တတ်တယ်၊ သိပ္ပံကို လုံးဝ နားမလည်ဘူး"ဆိုတာမျိုးလည်း ပါနိုင်တယ်။ 


ဘုန်းကြီးစာလည်း တတ်တယ်၊ သိပ္ပံလည်း တတ်တယ်၊ ဘွဲ့လည်း ရတယ်၊ နေစရာ ကိုယ်ပိုင်ကျောင်းမရှိလို့ သိမ်ငယ်ရတယ်ဆိုတာမျိုးလည်း ရှိနိုင်တယ်။


အကုန်လုံးလည်း ရှိတယ်၊ ဒါပေမယ့် ခေတ်ပျက်ကြီးမှာ ဘာမှ လုပ်မပေးနိုင်ဘူး, လုပ်လည်း မပေးရဲဘူး, လုပ်မပေးရဲကြောင်း သတ္တိနည်းတာကိုလည်း လူသိမှာစိုးတယ်ဆိုတဲ့ သိမ်ငယ်မှု အားနည်းချက်လည်း ရှိနိုင်တယ်။ 


ကိုယ်က အပြစ်ပြောနေတာ မဟုတ်ပါ။​

"ပြီးပြည့်စုံတဲ့ သူတော်စင်"ဆိုတာကို သရုပ်ခွဲဖို့ ကြိုးစားကြည့်နေတာပါ။​


===


အကယ်၍ ပြီးပြည့်စုံတဲ့ သူတော်စင်တစ်ဦးအဖြစ် သတ်မှတ်ခံရသူမှာ လူသိမခံရဲတဲ့ အားနည်းချက်တစ်ခု ရှိတယ်ဆိုပါစို့။


အဲဒါကို "လျှို့ဝှက် သိမ်ငယ်မှု"လို့ ကိုယ်တို့တွေ ခေါ်ပါတယ်။ 


သိမ်ငယ်မှုဟာ သံချပ်ကာတွေကို ဖန်တီးပါသတဲ့။ 

"ငါ့ကို လာပြီး မဝေဘန်နဲ့" "သာသနာကို မပုတ်ခတ်နဲ့" တို့ဆိုတာက သံချပ်ကာတွေထဲက တစ်ခု။ 


သံချပ်ကာကို နာမည်တပ်တဲ့အခါ မာန+ဒေါသ တွဲလျက်သား ဖြစ်တတ်ကြတယ်။ 


"ငါ့ကို လာပြီး မဝေဘန်နဲ့"ဆိုတာက "ငါ့အကြောင်းကို အကောင်းပဲ ပြောပါ" ဆိုတာထက် ပိုပြီး လေးနက်တယ်။ 


"ငါ သိမ်ငယ်စွာ ဖုံးကွယ်ထားတဲ့ အားနည်းချက်ကို လာပြီး မဖော်နဲ့"လို့ ဆိုလိုတယ်။ 


"သာသနာကို မပုတ်ခတ်နဲ့"ဆိုတာမှာလည်း သာသနာက ဖုံးကွယ်ထားတဲ့ အားနည်းချက်တချို့ ရှိနေသလိုလို အဓိပ္ပါယ်သက်ရောက်တယ်။ 


သံချပ်ကာ အင်္ကျီတောင် ဝတ်ထားရလောက်တဲ့ ကြောက်ရွံ့သိမ်ငယ်မှုပဲဥစ္စာ။

အားနည်းချက်ကို သွားပြီး ထောက်တာဟာ သေချာပေါက် စစ်ကြေငြာမှုပဲ။ 


===


ဒီတော့ ပြီးပြည့်စုံတဲ့ သူတော်စင်-ဆိုတာ တကယ်မရှိဘူးလား?

ဒါက ဒကာ, ဒကာမတွေက ဖြေဆိုရမှာ မဟုတ်။ 


ကိုယ်တို့ကိုယ်တိုင် ဖြေဆိုရမှာ။ 


ဒေသနာကြားတယ်ဆိုတာက "ပြီးပြည့်စုံသူတွေ မဟုတ်ပါကြောင်း" ဝန်ခံနေကြတာ မဟုတ်ပေဘူးလား? 


ဒကာ, ဒကာမတွေ အလွန်အကျွံ မျှော်လင့်တဲ့အတိုင်း ဘာဖြစ်လို့ "သရုပ်ဆောင်"ရမှာလဲ?


ဒကာ, ဒကာမတွေက ပြီးပြည့်စုံသူများ ဖြစ်စေချင်တယ်။ 

တကယ်တမ်း ကိုယ်တို့တွေမှာ အားနည်းချက်တွေက တစ်ခုမက ရှိနေတယ်။ 

အဲဒီအားနည်းချက်တွေကိုသာ ဝန်မခံနိုင်ဘူးဆိုရင် "သရုပ်ဆောင်"ဘက်ကို ကူးသွားတော့မှာပဲ။


လောကမှာ ပြီးပြည့်စုံတဲ့ သူတော်စင်တစ်ဦး ပေါ်ထွန်းလာတော့မယ်။ 

အစစ်တော့ မဟုတဘူး။ 

"သရုပ်ဆောင်တစ်ဦး"


ကိုယ်တို့က သရုပ်ဆောင်ဖြစ်ဖို့ ဘာကြောင့် လိုအပ်တာလဲ?


အလှူအတန်း နည်းသွားမှာ စိုးရိမ်တာလား?

အရိုအသေ တန်သွားမှာ ကြောက်တာလား?

နာမည် ဂုဏ်သတင်း ကျသွားမှာ ပူတာလား?


အလှူအတန်းတွေ ပိုများချင်တာလား?

အရိုအသေ ပိုကြီးစေချင်တာလား?

နာမည် ဂုဏ်သတင်းတွေ ပိုပိုပြီး ကျယ်ပြန့်လာစေချင်တာလား?


ပြီးတော့ "သရုပ်ဆောင်"လုပ်ရတာနဲ့ 

သံချပ်ကာ ဝတ်ရုံကြီးကို အမြဲတမ်း ထမ်းပိုးထားရတဲ့ လေးလံမှုဟာ တန်သလား?


===


တစ်တော့-ဘက်ကို ပြန်ကောက်။ 

သာသနာ့ဝန်ထမ်းတွေဟာ တစ်တော့ မဆော့သင့်, မကခုန်သင့်ဘူး။ 


အင်တာနက်ပေါ်မှာ တစ်တော့ဆော့, ကခုန်ပြီး လူတွေရှေ့မှာ ပြီးပြည့်စုံတဲ့ သူတော်စင် မလုပ်သင့်ဘူး။


အဲဒီလိုလုပ်ရင် ကိုယ်တို့က "ဣန္ဒြိယသံဝရ"လို့ မခေါ်ဘူး။ "သရုပ်ဆောင်" "မာယာ"လို့သာ ခေါ်တယ်။ 


ဣန္ဒြိယသံဝရကျတော့ လူရှေ့တင်ရော, လူ့ကွယ်ရာမှာပါ ထိန်းသိမ်းတာ။


လူဟာ ပြီးပြည့်စုံတဲ့ လူသားမဟုတ်ဘူး။ 

မှန်တယ်။ 


သို့သော် မိကောင်းဖခင် သားသမီးအဆင့်ထက် လျော့ကျမသွားအောင်တော့ ထိန်းချုပ်မှု ရှိနေတယ်။ 

အဲဒါကို ဣန္ဒြိယသံဝရလို့ လွယ်လွယ်ဆိုပါစို့။ 


ဣန္ဒြိယသံဝရဟာ ရှေ့တင်တစ်မျိုး, ကွယ်ရာတစ်မျိုး မာယာထက်တော့ သာလွန်တယ်လို့ ပြောရပါမယ်။ 


ဒီနေရာမှာ ပိုပြီး သိမ်မွေ့တဲ့ ပြဿနာကို ဆွေးနွေးဖို့ လိုအပ်လာတယ်။ 


===


ကိုယ့်အားနည်းချက်ကို လူတွေ, အထူးသဖြင့်, ကိုယ့်ကို ကြည်ညိုသူတွေက မြင်သွားလို့ အကြည်ညိုပျက်သွားရင် ဘယ်လိုလုပ်မလဲ?


နန်းရှေ့မှာ တောထွက်ဦးဇင်းကြီးတစ်ပါး အရက်မူးပြီး ရပ်ကွက်ကို စိန်ခေါ်သလို။

"ဘယ်ခွေးမှ လူမထင်ဘူးဟေ့၊ ငါ့ဆွမ်းခံအိမ်က လွဲရင်"


စိုးရိမ်စိတ်။ 

အဲဒီစိုးရိမ်စိတ်ကပဲ သရုပ်ဆောင်တွေကို မွေးထုတ်ပေးလိုက်တာ။


အကြည်ညိုမပျက်အောင် ဖုံးကွယ်ထားလိုက်တာက ပိုမကောင်းဘူးလား? ပိုကောင်းလောက်တယ်-ပေါ့။ 


ဒီပြဿနာဟာ နူးညံ့သိမ်မွေ့တဲ့ ပြဿနာ ဖြစ်ပါတယ်။ 


"ကိုယ်တော် ကောင်းကောင်းမနေနိုင်ဘူးလား? လူထွက်"

ဒါက သဘောထားတင်းမာတဲ့ ဒကာ, ဒကာမတွေ။


လူလည်း မထွက်ချင်ဘူး၊ ကောင်းကောင်းကျင့်နေပေမယ့် ပြီးပြည့်စုံတဲ့ သူတော်စင်အဆင့်လည်း မဟုတ်ဘူး။ 


ဒီလိုအခြေအနေမှာ သဘောထား တင်းမာတဲ့ ဒကာ, ဒကာမတွေကို ကျေနပ်စေဖို့ "သရုပ်ဆောင်"နည်းလမ်းကို ရွေးလိုက်ရတာလို့ ယူဆရတယ်။​


ဒီလိုနဲ့ "သိမ်ငယ်မှု"ဟာ သိမ်မွေ့သော ဆူးငြောင့်အနေနဲ့ နှလုံးသားထဲမှာ တည်ကိန်းနေတော့တယ်။ 


ဒီသိမ်ငယ်မှုလေးက ထုတ်လုပ်ပေးလို့ပဲ လေးလံလှတဲ့ ဟန်ဆောင်သံမဏိဝတ်ရုံကြီးတွေ ပေါ်လာတယ်။ မာန ကြီးလာတယ်။ အထီးကျန်လာတယ်။ သံမဏိဝတ်ရုံကြီးကို ဖောက်ထွင်းပြီး သိမ်ငယ်မှုကို လှမ်းထောက်မယ့်သူ ပေါ်လာရင် ရန်မူဖို့, စစ်ပြင်ဖို့ ကြိုးစားရတယ်။ 



===


တစ်တော့မှာ က,ချင် ခုန်ချင်ရက်နဲ့ ထိန်းနေရတဲ့ သာသနာ့ဝန်ထမ်းတွေကျတော့ ဣန္ဒြိယသံဝရပဲလား?


ဣန္ဒြိယသံဝရတော့ ဣန္ဒြိယသံဝရပါပဲ။ ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်ပါတယ်။ 


သို့သော်- "ငါ့ကို အကြည်ညိုပျက်မှာ စိုးလို့"ဆိုရင် အသိပညာနဲ့ ဆင်ခြင်တုံတရားဘက်ကို မရောက်သေးဘူး။ 


"ကခုန်လိုက်ရင် ငါမှတပါး အခြား ဘယ်သူတွေကို ထိခိုက်နိုင်သေးလဲ"

ဒီလို ဆင်ခြင်တယ်။ စဉ်းစားတယ်။ သုံးသပ်တယ်။ သနားဖို့ ကြိုးစားတယ်။


"ဪ... ရဟန်းကောင်းတွေကို ထိခိုက်သွားမှာပါလား"လို့ သဘောပေါက်။ လေးစားသောအားဖြင့် ရှောင်ကြဉ်လိုက်တယ်။


ဒါဆိုရင် မွန်မြတ်သော ရှောင်ကြဉ်မှု အသိပညာ ဖြစ်သွားတယ်။


"ငါ့ကို အကြည်ညိုပျက်မှာစိုးလို့"ဆိုတာထက် မွန်မြတ်သွားပါတယ်။ 


===


ဗုဒ္ဓသာသနာကို ကမ္ဘာက ကြည်ညိုစေချင်တဲ့ ဆန္ဒတွေဟာ ရဟန်းတွေရော, လူတွေမှာပါ ရှိတတ်ကြတယ်။ 


ဒေသနာကြားတယ်ဆိုတာက အားနည်းချက်ရှိပါကြောင်း, ပြီးပြည့်စုံတဲ့ သူတော်စင် မဟုတ်ပါကြောင်း ဝန်ခံနေရတဲ့ သဘောလည်း ဖြစ်ပါတယ်။ 


အဲဒါကို သတိပြုဖို့ပါ။ 


ပြီးပြည့်စုံအောင် ကြိုးစားလို့ ရပါတယ်။ 

သို့သော်- သရုပ်ဆောင် မလုပ်ကြဖို့။


သရုပ်ဆောင် လုပ်ရတော့မယ်ဆိုရင်

သရုပ်ဆောင် လုပ်မယ့်အစား

အားနည်းချက်ကို ဝန်ခံကြဖို့ပါ။ 


အဲဒါဟာ သံမဏိဝတ်ရုံ ဝတ်ဖို့ မလိုအပ်တဲ့ ပေါ့ပါးဆေး-တစ်မျိုး ဖြစ်ပါတယ်။


"အားနည်းချက်ကို ဝန်ခံလိုက်လို့ ဒကာ, ဒကာမတွေ အကြည်ညိုပေါ့သွားရင် ဘယ်လိုလုပ်မလဲ"


အကြည်ညို ပေါ့သွားရင်လည်း လက်ခံလိုက်ပေါ့။ 

ဒီဒကာ, ဒကာမက မကြည်ညိုတော့လို့ မလှူတော့ရင် သပိတ်ဆွဲပြီး တောင်းစားလို့ ရပါသေးတယ်။ 


ရုပ်ရှင်ထဲက ဘုရင့်သားတော်လေးဟာ သရုပ်ဆောင်မျှသာပဲဥစ္စာ။

ဘုရင့်သားတော် မဟုတ်ကြောင်း ဝန်ခံရဲတာဟာ ကဲ့ရဲ့ဖွယ် မဟုတ်ပါ။​


ဘုရင့်သားတော်ဇာတ်ရုပ်ကို ဖက်တွယ်နေတာကသာ လက်တွေ့ဘဝ, လက်တွေ့လုပ်ငန်းကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ 


===


နိဂုံးချုပ်။ 


ပြီးပြည့်စုံတဲ့ သူတော်စင်အဖြစ်ကနေ ရုန်းထွက်ပြီး

အားနည်းချက်တွေကို လက်ခံ, ဝန်ခံနိုင်ကြဖို့ဟာ


ကိုယ်တို့တွေ ကိုယ်တိုင် မြေလှန်ကြရမယ့် ပြုပြင်ရေးတစ်ခုလို့ ဆိုချင်ပါတယ်။ 


အဲဒီကနေမှ အားနည်းချက် နည်းပါးတဲ့ ရိုးသားသော သူတောင်ကောင်းများ ဖြစ်ကြစေဖို့။ 


အားနည်းချက် နည်းပါးတဲ့ ရိုးသားကြိုးစား သူတော်ကောင်းများကနေ တာဝန်ယူတည်ဆောက်ခဲ့ကြတဲ့ 

မိကောင်းဖခင် သားသမီးများနေထိုင်ရာ 

ရပ်ဝန်းကောင်း ဒေသများ ဖြစ်ထွန်း ကျန်ရစ်ကြစေဖို့ပါ။ 

Comments

Popular posts from this blog

နှစ်ကူး - စာ, ပညာ, မေတ္တာ, ကရုဏာ

နိုင်ငံတော်အဆင့်နှင့် ယန္တရားအဆင့်

မိတ်ဆက်