မစဉ်းစားကောင်းသော အစိန္တေယျ
၃၀ ဇန် ၂၀၂၅
ဒီနေ့ ဓမ္မမိတ်ဆွေတွေကို တရားစကား ဆွေးနွေးစေချင်တာ။
မြန်မာ့လူ့အဖွဲ့အစည်းကနေ (လူ့အဖွဲ့အစည်းအလိုက်) မစဉ်းစားဘဲ ချန်ထားခဲ့တဲ့ ပြဿနာတွေထဲက တစ်ခုကို ဝိုင်းပြီး ဆွေးနွေးစေချင်တာပါ။
===
နည်းနည်း ရှုပ်ထွေးတဲ့ ပြဿနာ။
မစဉ်းစားဘူးဆိုပေမယ့် နည်းနည်းလေး စဉ်းစားကြသေးတယ်။
စဉ်းစားပေမယ့် ခက်လာရင် ရှောင်ထွက်သွားကြတာ။
"အစိန္တေယျသုတ်"လာ အဆုံးအမတစ်ခုပါ။
အစိန္တေယျ ၄- မျိုးရှိတယ်။
၁- ဘုရားအရာကို မစဉ်းစားကောင်း
၂- တန်ခိုးအရာကို မစဉ်းစားကောင်း
၃- ကံအရာကို မစဉ်းစားကောင်း
၄- လောကအရာကို မစဉ်းစားကောင်း။
စဉ်းစားရင် ရူးတတ်တယ်တဲ့။
(အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ်၊ ဒုတိယပဏ္ဏာသက၊ အပဏ္ဏကဝဂ်၊ အစိန္တေယျသုတ္တံ။)
ကံအကြောင်းကို မစဉ်းစားကောင်း။ ရူးတတ်တယ်။
တစ်ယောက်ယောက်က ကံအကြောင်းကို ခေါင်းရှုပ်စရာကောင်းအောင် ပြောနေပြီဆိုရင် ကန့်ကွက်တတ်ကြတယ်။
လူ့အဖွဲ့အစည်းအလိုက် ကန့်ကွက်ကြတာပါ။
"မြတ်စွာဘုရားက ဟောထားတယ်၊ ကံအကြောင်းကို မစဉ်းစားကောင်းဘူးတဲ့၊ လျှောက်ပြီး ခေါင်းမစားနဲ့၊ ရူးသွားလိမ့်မယ်"
ပြီးရင် နောက်ဆက်တွဲ တိုက်ခိုက်ကြသေးတယ်။
"ဒီကောင်လေး ကြာရင် ရူးတော့မှာ"
မစဉ်းစားကောင်းဘူးလို့ ကန့်ကွက်ကြပေမယ့် အလေးအနက် စဉ်းစားနေရင် လူ့အဖွဲ့အစည်းက ဘာလုပ်သလဲ?
ဝိုင်းကြဉ်လိုက်ကြတော့တယ်။
===
လုံးဝ မစဉ်းစားတာတော့လည်း မဟုတ်ဘူး။
ဘုရားရှင်ကိုယ်တော်က ကံနဲ့ ပတ်သက်ပြီး အခြားသုတ္တံတွေမှာ ဟောကြားတော်မူသေးတယ်။
ဥပမာ စူဠဝိဘင်္ဂသုတ်၊ အဘိဏှပစ္စဝေက္ခိတဗ္ဗဌာနသုတ်၊ ပဗ္ဗဇိတအဘိဏှသုတ်။
"ရဟန်း, လူ, ယောက်ျား, မိန်းမတို့ဟာ အမြဲမပြတ် ဆင်ခြင်သင့်တဲ့အရာ ရှိတယ်။
လူဟာ ကံကို ပိုင်တယ်၊ ကံရဲ့ အမွေခံလည်း ဖြစ်တယ်၊ ကံမျိုးစေ့ ရှိတယ်၊ ကံနဲ့ ဆွေမျိုးတော်တယ်၊ ကံကို အားကိုးရတယ်၊ ဒီလို အမြဲစဉ်းစားဆင်ခြင်ရမယ်"
ဘုရားရှင်က ဒီလိုမိန့်ကြားထားသေးတယ်။
ဒီတော့-
"မစဉ်းစားကောင်းဘူး"ဆိုတာကို ယူလိုက်ရင်
"မဆင်ခြင်ကောင်းဘူး"ဆိုတာနဲ့ လာပြီး ဆန့်ကျင်နေမယ်။
စဉ်းစားတာနဲ့ ဆင်ခြင်တာက ဘယ်လိုကွာသလဲ?
အဲဒါကို အလေးအနက် ဆွေးနွေးစေချင်ပါတယ်။
ပြီးတော့ လူဟာ ကံကို ပိုင်တယ်၊ ကံရဲ့ အမွေခံဖြစ်တယ်-ဆိုတဲ့ အချက်နဲ့တင် စဉ်းစားချင်စရာတွေ အများကြီး ဖြစ်နေပြီ။
ကမ္မဿကော- လူဟာ ကံကို ပိုင်တယ်။ ပိုင်ရှင်က လူ။
ကမ္မဒါယာဒေါ- ကံရဲ့ အမွေခံ ဖြစ်တယ်။ လူက ဥစ္စာ။
စဉ်းစားဖြစ်အောင် ညှို့ခေါ်နေသလိုပဲ။
ဒါပေမယ့် မစဉ်းစားကောင်းဘူးလို့လည်း သုတ္တံတစ်ခုက ရှိနေသေးတယ်။
ဒီစာပိုဒ်တွေကိုပဲ ကျက်မှတ်ပြီး ရွတ်ဆို, ဆင်ခြင်ရမှာလား?
သို့မဟုတ်- နည်းနည်းလောက် စဉ်းစားဖို့ လိုသေးသလား?
သူများက ရှင်းပြစေချင်ရင် နားလည်အောင် ရှင်းပြနိုင်စွမ်းရှိဖို့ ဘယ်လောက်အထိ စဉ်းစားသင့်သလဲ?
မစဉ်းစားသင့်ဘူးလဲ?
စဉ်းစားကောင်း, မစဉ်းစားကောင်းဟာ ဆွေးနွေးစရာ ဖြစ်ပါတယ်။
===
မဟာကမ္မဝိဘင်္ဂသုတ္တံမှာ ပေါတလိပရိဗိုဇ်က အရှင်သမိဒ္ဓိကို မေးတယ်။
"အရှင်ဂေါတမက ကာယကံဟာ အလကား, ဝစီကံဟာ အလကား, အကျိုးမရှိဘူး၊ မနောကံကသာ သစ္စာထိုက်တယ်လို့ ဟောတယ်ဆို၊ ဟုတ်လား"
"နောက်တစ်ခု၊ ဝေဒနာကို လုံးဝမခံစားရတဲ့ သမာပတ်အမျိုးအစားကိုလည်း ဟောကြားတယ်ဆို၊ ဟုတ်လား"
အရှင်သမိဒ္ဓိ ပြာသွားတယ်။ ငြင်းတယ်။
"ဟာ... ဘုရားရှင်ကတော့ အဲဒီလို မဟောလောက်ပါဘူး၊ မစွပ်စွဲပါနဲ့"
ပေါတလိပရိဗိုဇ်က ခပ်တည်တည်နဲ့ ကြည့်တယ်။
"ကိုယ်တော်က သင်္ကန်းဝတ်တာ ဘယ်လောက် ကြာပြီလဲ"
"၃-လ"
ပေါတလိပရိဗိုဇ်က အထင်သေးစွာ ကြည့်တယ်။
"ကိုယ်တော်တို့ဘုရားက ဟောတာတော့ သေချာတယ်၊ ကိုယ်တော်တို့က ထောက်ပြဝေဘန်မယ့်သူ ရှိလာမှ ဝိုင်းကာကွယ်ချင်တာ၊ ၃-လသမားတောင်မှ ဒီလောက် အကြောက်အကန် ကာကွယ်နေတာ၊ မထေရ်ကြီးတွေဆိုရင် ရိုက်များ ရိုက်မလား မသိဘူး"
အရှင်သမိဒ္ဓိကလည်း ဘာဆက်ပြောရမှန်း မသိဘူး။
ပေါတလိပရိဗိုဇ်က ခပ်တည်တည်နဲ့ ဆက်ကြည့်နေသေးတယ်။
ပြီးတော့ ကျေနပ်တယ်လည်း မပြော၊ မကျေနပ်ဘူးလည်း မပြောဘဲ ထွက်ခွါသွားတယ်။
ဒီနေရာမှာ သုတ္တံအကြောင်းကို ဆက်ပြောသင့်ပေမယ့် မပြောတော့ဘူး။ ဘေးချော်သွားမှာစိုးလို့။
အရှင်သမိဒ္ဓိကြုံလိုက်ရတာဟာ "စဉ်းစားမှု အကြပ်အတည်း"လို့ ဆိုကြပါစို့။
ခင်ဗျားကလည်း "မစဉ်းစားကောင်းတဲ့ လူ့အဖွဲ့အစည်း"မှာ နေနေရင် အဲဒီအကြပ်အတည်းကို ကြုံရကောင်း ကြုံရနိုင်တယ်။
===
အဲရစ် ဝိုင်နာက The Geography of Bliss-ဆိုတဲ့ စာအုပ်တစ်အုပ် ရေးထားတယ်။
ချမ်းမြေ့ဝင်းက "သုခမြေပုံ"ဆိုပြီး မြန်မာဘာသာ ပြန်ဆိုထားတယ်။
ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေကို လှည့်လည်ပြီး ဘာကြောင့် ပျော်ကြသလဲဆိုတာကို လေ့လာထားတာ။
အဲဒီအထဲမှာ ထိုင်းနိုင်ငံလည်း ပါတယ်။
ထိုင်းတွေဟာ ဘာလို့ ပျော်ကြသလဲ?
"Mai Pen Rai" ကိစ္စမရှိပါဘူး။
"Kid Mak" ခေါင်းရှုပ်မခံနဲ့။ အများကြီး မစဉ်းစားနဲ့။
ထိုင်းတွေဟာ မစဉ်းစားလို့, ခေါင်းရှုပ်မခံလို့ကို ပျော်ကြတာတဲ့။
ထိုင်းတွေက ပျော်တော့ ပျော်ကြတာပဲ၊ ဒါပေမယ့် ဘန်ကောက်မြို့ကြီး ရေကြီးတာ၊ ယာဉ်ကြောပိတ်တာ၊ အဂတိလိုက်စားတာတွေကိုလည်း မစဉ်းစားဘဲ ခေါင်းရှောင်ထားကြတယ်၊ Mai Pen Rai လို့ ဖြေသိမ့်ပြီး Structural Reform လုပ်ဖို့ ဝန်လေးနေကြတယ်လို့ ဆိုတယ်။
ဒီနေရာမှာ ပြဿနာတက်လာတာက
"မစဉ်းစားရင် ပျော်ရမယ်"
"ဘယ်တော့မှ ပြေလည်မသွားဘူး"
"ပြဿနာ မပြေလည်ဘဲနဲ့ ပျော်နေရတဲ့ အပျော်မျိုးက ရှိသေးတယ်"
တမျိုးကြီးပဲလို့ ခံစားရတယ်နော်။
စကားပုံတစ်ခု ရှိတယ်။
"အရူးမီးဝိုင်း"ဆိုတာ။
ပုံမှန်ဆိုရင်တော့ မီးဝိုင်းခံနေရတဲ့ အရူးဟာ ကြောက်လန့်တကြား ဆောက်တည်ရာမရ ဖြစ်နေရမှာပဲ။
သို့သော် အရူးက မီးဝိုင်းကြားမှာ ပျော်ရွှင်စွာ ကခုန်နေပြီဆိုရင် အဲဒီအရူးကို ခင်ဗျားက သနားစရာလို့ ထင်မှာပဲ။
ဒါပေမယ့် အရူးမီးဝိုင်းထက် သနားစရာ ကောင်းတယ်လို့ ထင်တာက-
ခေါင်းရှုပ််မခံရင် ပြဿနာတွေက ပြေလည်သွားနိုင်တယ်လို့ ထင်နေကြတဲ့ ကိုယ်တို့ မြန်မာ+ထိုင်း ၂-နိုင်ငံ ဘုံအယူအဆ ပျော်ရွှင်မှု ဖြစ်ပါတယ်။
နောက်ပြီးတော့ ပြဿနာရဲ့ အဖြေကို အလွယ်တကူ မရှာချင်လို့, ရှာမတွေ့လို့ မပြေလည်ဘဲ တင်းခံနေခဲ့တဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်။
အဲဒီ သောင်းခြောက်ထောင်ကိုလည်း မစဉ်းစားဘဲ ဒီအတိုင်း အမွေခံလာရတဲ့ မျိုးဆက်ဟောင်း, မျိုးဆက်သစ်ပေါင်းများစွာ။
သနားစရာလို့ ဆိုရမလား?
ရူးမိုက်လိုက်တာလို့ ပြောရမလား?
===
ဒီနေ့က ပြဿနာကို တင်ပြရုံပဲ ရှိပါသေးတယ်။
ကိုယ့်မိတ်ဆွေများက
- စဉ်းစားကောင်း
- မစဉ်းစားကောင်း
အယူအဆ ၂-မျိုးကို အကြောင်းအကျိုး, ယုတ္တိ, သက်သေ ပြပြီး ဆွေးနွေးစေချင်ပါတယ်။
ဆွေးနွေးချက်တွေကို မှတ်တမ်းတင်ပြီး သိမ်းထားချင်လို့ပါ။
Comments
Post a Comment