ဥပဒေကောင်းရင် ဝဋ်ကြွေးနည်းပါးမြဲ
၂၆ ဇန် ၂၀၂၅
ဥပဒေက ဝဋ်ကြွေးလို မဟုတ်ဘူး။
ဥပဒေကို ပြင်လို့ ရတယ်။ အသစ်ရေးလို့ ရတယ်။
မျှတအောင် ဖန်တီးလို့ ရတယ်။
ဝဋ်ကြွေးကို ဘယ်လိုလုပ်ရမယ် မသိဘူး။
ငုံ့ခံရုံမှတပါး အခြားမရှိသလိုပဲ။
တချို့က ယတြာချေကြတာပဲ။ ဒါပေမယ့် ကျေမကျေ အာမခံချက်မရှိပါ။
ပြီးတော့ ဝဋ်ကြွေးဆိုတာက စင်္ကာပူမှာ နေရင်လည်း မလွတ််ဘူး။ ဂျပန်မှာ နေရင်လည်း မလွတ်ဘူး။
ရှောင်လို့ကို မရရင် ဝဋ်ကြွေးလို့ ခေါ်သင့်တယ်။
ဂျပန်နိုင်ငံသား, စင်္ကာပူနိုင်ငံသား ဖြစ်သွားပြီးတဲ့နောက် ဝဋ်ကြွေးလို့ ခေါ်ရမယ့် အရာတွေ မရှိတော့ဘူးဆိုရင် အဲဒါကျတော့ ဝဋ်ကြွေးလို့ ခေါ်ဖို့ ခက်တယ်။
"စနစ်ငရဲ"လို့ပဲ ခေါ်ရမယ်။ "ဝဋ်ကြွေး" မခေါ်သင့်ဘူး။
ရှောင်လို့ရ, ပြင်လို့ရတာကိုတောင်မှ ဝဋ်ကြွေးခေါ်ချင်ရင်
"ဒူဘိုင်းလို မြို့တော်မျိုးဟာ ဝဋ်ကြွေးနည်းပါးသော ရှေးကုသိုလ် ပါရမီရှင် သူတော်ကောင်းများ နေထိုင်ရာအရပ်"လို့ ခေါ်ရတော့မှာပဲ။
ဒူဘိုင်းမှာ နေတာတောင်မှ ကုမရတဲ့ ရောဂါမျိုးဖြစ်နေသေးတယ်ဆိုရင် အဲဒါကို သေချာပေါက် ဝဋ်ကြွေးရယ်လို့ သတ်မှတ်ပေါ့။
ကုမရတဲ့ ရောဂါမဟုတ်ဘဲ ကုလို့ ရတဲ့ ရောဂါမျိုးဖြစ်တယ်။
စနစ်က သူများနိုင်ငံတွေလို မကောင်းလို့, ဖြည့်စည်းမပေးလို့ အသက်တိုသွားတာမျိုးကျတော့ ဝဋ်ကြွေးမဟုတ်။ စနစ်ငရဲပဲ ဖြစ်ပါတယ်။
လမ်းမကောင်းလို့ အချိန်မီ ဆေးရုံမရောက်ဘဲ ဆုံးပါးရပါတယ်ဆိုရင် အဲဒါကိုလည်း စနစ်ငရဲလို့ပဲ ဆိုရမယ်။
"မဟုတ်ပါဘူး၊ အကုသိုလ်ပါ၊ အရှင်ဘုရားက ကံကို မယုံဘူးလား"
စနစ်ကို ပြင်ရင်တောင်မှ ရောဂါကို ကယ်မရဘူးဆိုရင် အဲဒါက ကံပေါ့, ဝဋ်ကြွေးပေါ့။
စနစ်ကို ပြင်နိုင်ခဲ့ရင် အဲဒီအသက်တစ်ချောင်းတင်မက အသက်အချောင်းပေါင်များစွာကို ကယ်နိုင်ခဲ့တယ်ဆိုပါစို့။
သေချာပေါက် ဝဋ်ကြွေးမဟုတ်ဘူး။
ကောင်းပြီ။
ကံကို ယုံပြီဆိုပါစို့။
"လမ်းမကောင်းလို့ ဆေးရုံကို မရောက်နိုင်ဘဲ ဆုံးပါးခဲ့ရတယ်၊ လူနာရဲ့ အတိတ်အကုသိုလ်သာ ဖြစ်တယ်"
အဲဒီလို သတ်မှတ်ပြီးတဲ့နောက် ကံယုံသူ ဖြစ်သွားပြီဆိုပါစို့။
ကံကို ယုံပြီးတဲ့ နောက်ဆက်တွဲကို ဆက်ပြော။
လမ်းကို ပြင်ရမှာလား? မပြင်ရဘူးလား?
နောက်ထပ် သာမန်ရောဂါသည်တွေကလည်း ဒီအတိုင်း သေရမှာလား? မသေရဘူးလား?
မသေသူကို ကံကြီးသူလို့ သတ်မှတ်ပြီး ချီးကျူး, သေသူကို အကုသိုလ်ကောင်လို့ သတ်မှတ်။ ပါးစပ်အရသာပဲ ခံနေမှာလား?
အဲဒါကို ဆွေးနွေးပေးပါ။
ကံယုံသက်သက်ဆိုရင် အသက်တွေက ဈေးပေါနေဦးမှာမို့လို့ ခင်ဗျားက မျက်စိမှိတ်ပြီး ယုံတာချည်းပဲ မလုပ်နဲ့။ အသက်ကယ်ဖို့ တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်။
အသက်တွေက လူတချို့ပါးစပ်ဖျားမှာပဲ ဈေးပေါနေတာ ဖြစ်နိုင်တယ်။
ကိုယ့်မိတ်ဆွေကတော့ နစ်နာသူကို ဝဋ်ကြွေးကြီးတဲ့ အကုသိုလ်ကောင်ရယ်လို့ တံဆိပ်ကပ်ပြီး ပါးစပ်အရသာ မခံပါနဲ့။
အသက်ကို တန်ဖိုးထားပေးပါ။
===
ဥပဒေ။
ဥပဒေတွေကလည်း စနစ်တွေကို မွေးဖွားပေးတတ်တယ်။
ဥပဒေစာပိုဒ်တွေကို ဖတ်လိုက်ရင် ဘယ်စာပိုဒ်တွေက ငရဲဖြစ်သွားစေတာလဲ-ဆိုတာကို မြင်သာထင်သာ ရှိသွားတတ်တယ်။
ပြဿနာတွေက
- စာမဖတ်တတ်တာရယ်
- စာမဖတ်ချင်တာရယ်
- စာဖတ်တတ်လာတဲ့အခါ ဥပဒေကို ကိုယ်ကျိုးအတွက် တလွဲသုံးတာရယ်
- ဥပဒေကို ပြင်လို့ရတယ်ဆိုတာကို နားမလည်တဲ့ ပညာနည်းပါးမှုရယ်
စနစ်ဝဋ်ကြွေးတွေဟာ အဲဒီကလည်း လာတယ်။
လူတိုင်းဟာ ဂျပန်ကို သွားချင်နေကြပါတယ်ဆိုရင် ဘာလို့လဲ?
ဝဋ်ကြွေးကင်းလို့လား?
စနစ်ကောင်းလို့လား?
အဲဒါက ဆွေးနွေးစရာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပညာတတ်ယောင် ဟန်ဆောင်တဲ့သူတွေလည်း ရှိလာပြန်တယ်။
"အတိတ်ဝဋ်ကြွေးတွေက ဝိပတ္တိကာလ, ဝိပတ္တိဒေသတွေမှာ ပိုပြီး အကျိုးပေးတတ်တယ်"
ကိုယ့်သဘော။
အဲဒါတွေကို လျှောက်ပြောနေတာထက်မှ ဝိပတ္တိမဖြစ်ဘဲ သမ္ပတ္တိဖြစ်လာအောင် ကြိုးစားတာက ပိုကောင်းသေးတယ်။
ဥပဒေသဘောတွေကို နားလည်အောင် ကြိုးစားပြီး မမျှတတဲ့ စာပိုဒ်တွေကို ဖြုတ်နိုင်အောင် ကြိုးစားတာက စနစ်ကောင်းတွေကို ဖန်တီး, ပြုပြင်ရာ ရောက်ပါတယ်။
တံဆိပ်ကပ် အရသာခံရင်း
ပြီးတော့ ဝဋ်ကြွေးကိုလည်း ငုံ့ခံရင်း အချိန်မကုန်စေချင်တာက
လောကသားတို့အပေါ် ထားရှိတဲ့ ကိုယ်တို့ရဲ့ စေတနာ, မေတ္တာ, ကရုဏာ။
Comments
Post a Comment