ဥပဒေသစ် ဘယ်လိုပြုကြသလဲ
၂၀ ဇန် ၂၀၂၆
ဘုရားရှင်က ဥပဒေကို ပညတ်ခဲ့ပေမယ့် နောက်ပိုင်း ဝိနည်းဓိုရ်ပုဂ္ဂိုလ်တွေက အသေးစိတ်ကျအောင် ပြန်ခွဲခဲဲ့ကြသေးတယ်။
မူလဥပဒေကို ချဲ့ထွင်ကြတာပဲ ဖြစ်တယ်။ ဥပဒေအသစ်တိုးတာမျိုးတော့ မလုပ်ဘူး။
ဒီနေရာမှာ ဥပဒေအသစ်တိုးတဲ့ လုပ်ငန်းစဉ်ကလည်း သိစရာပဲ။
====
ဥပဒေအသစ်တစ်ခု တိုးမှဖြစ်မယ်ဆိုရင် လုပ်ကြတဲ့ လုပ်ငန်းအဆင့်ဆင့်တွေ။
ပထမဆုံး - ဝန်ကြီးဌာနက လိုအပ်လို့ တောင်းဆိုရင် ဖြစ်စေ, လွှတ်တော်အမတ်ကဖြစ်စေ၊ အကြံပြုတင်ပြတယ်။
အဲဒီတင်ပြချက်ကို လိုအပ်တယ်လို့ ခံစားရရင် သက်ဆိုင်ရာပညာရှင်တွေ, ဥပဒေပညာရှင်တွေက ဘောင်ဝင်အောင် ပုဒ်မခွဲပြီး ရေးတယ်။
ဥပဒေပုံစံ ဝင်သွားတဲ့ မူကြမ်းကို ရသွားပြီဆိုရင် လွှတ်တော်မှာ ပထမအကြိမ် ဖတ်တယ်။
ဥပဒေရဲ့ နာမည်နဲဲ့ ရည်ရွယ်ချက်ကို မိတ်ဆက်တယ်။
ဒုတိယအကြိမ် လွှတ်တော်မှာ ထပ်ဖတ်တယ်။ ဒီအကြိမ်ကျတော့ ဥပဒေပါ အချက်အလက်တွေကို အသေးစိတ် ဆွေးနွေးတယ်။ အမှားမပါအောင်, ဘေးထွက်ဆိုးကျိုးမရှိအောင် တိုက်စစ်တယ်။
ပြင်ဆင်ချက်တွေ လုပ်ပြီးတဲ့နောက် တတိယအကြိမ် လွှတ်တော်မှာ ဖတ်တယ်၊ မဲခွဲတယ်။ မဲနည်းရင် ပျက်မယ်။ မဲများရင် နိုင်မယ်။
လွှတ်တော် ၂-ရပ် ရှိရင် နှစ်ရပ်လုံးရဲ့ အတည်ပြုချက် လိုအပ်တယ်။
အထက်လွှတ်တော်မှာလည်း သုံးကြိမ်ဖတ်တယ်။ မိတ်ဆက်တယ်၊ ဆွေးနွေးတယ်၊ ပြင်တယ်။ မဲခွဲတယ်။
အတည်ပြုချက်ရရင် သမ္မတဆီ ပို့မယ်။ သမ္မတက လက်မှတ်ထိုးလိုက်ရင် ဥပဒေက အတည်ဖြစ်ပြီ။
အတည်ဖြစ်ပြီးရင် နိုင်ငံတော်ပြန်တမ်းမှာ ကြေငြာထုတ်ပြန်တယ်။ ထုတ်ပြန်ပြီးရင် နိုင်ငံသားတွေအပေါ် ပိုက်ကွန်လို အုပ်မိသွားပြီ။ “မသိလို့ပါ” လုပ်လို့ မရတော့ဘူး။ လုပ်ရင် အရေးယူခံရမယ်။
သမ္မတက လက်မှတ်ထိုးလိုက်ရင်တောင်မှ တရားရုံးက ပြန်စစ်သေးတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေနဲ့ ပွတ်တိုက်နေသလား? လုပ်ပိုင်ခွင့် ဘောင်ကျော်နေသလား? ဘာညာ စစ်တယ်။
ဘောင်ကျော်နေရင်, ပွတ်တိုက်နေရင် “အခြေခံဥပဒေနဲ့ မညီပါ”ဆိုပြီး မှတ်ချက်ချလိုက်တာနဲ့ ဥပဒေက အလိုလိုပျက်ပြယ်သွားတယ်။
ဒီလုပ်ငန်းစဉ်တွေ ကြားထဲမှာ စီးပွါးရေးသမားတွေကလည်း မကြမ်းအဆင့်, မူချောအဆင့်, ကြားအဆင့်တွေမှာ သူတို့အတွက် အကျိုးရှိမယ့် စာလုံး, စာပိုဒ်တွေကို ညှပ်ထည့်ကြသေးတယ်။
(ဥပဒေနားမလည်တဲ့ စီးပွါးရေးသမားရယ်, လက်လှမ်းမမီတဲ့ စီးပွါးရေးသမားရယ်ကတော့ ဒီနေရာမှာ နစ်နာသွားတတ်တယ်)
တရားရေးကလည်း ဒီဥပဒေကို အကောင်အထည်ဖော်ဖို့ရာ ဝန်ထမ်းအင်အား မလောက်ပါဘူးဆိုရင်လည်း ဥပဒေက ပျက်သွားတတ်သေးတယ်။
===
ဘုရားရှင်က အမိန့်ထုတ်ပြီး ဥပဒေပြုခဲ့တယ်။
အမိန့်တော်ကပဲ ဥပဒေဖြစ်လာခဲ့တာ။
အခုအထိတော့ တည်နေတုန်းပဲ။ (အပြည့်အဝ လိုက်နာတာ, မလိုက်နာတာ အပ,ထားပေါ့)
ဘုရားရှင်ဟာ ကိုယ်တော်မြတ် မရှိတဲဲ့နောက်ပိုင်းမှာ ကိုယ်တော်မြတ်ကို မမှီခိုဘဲ ရပ်တည်နိုင်ဖို့ သံဃာပဓာန, ဝိနည်းနဲ့ ဓမ္မပဓာနဘက်ကို အားပြုတော်မူခဲ့တယ်။
သံဃာ့သဘောနဲ့ ဥပဒေတွေကို ဖျက်နိုင်ဖို့, ပြင်နိုင်ဖို့ ခွင့်ပြုပေးခဲ့သေးတယ်။
ခုဒ္ဒါနုခုဒ္ဒကလို့ ခေါ်တဲ့ အပြစ်သေးငယ်တဲ့ အာပတ်တွေကို သံဃာက မလိုအပ်ရင် ဖျက်ပစ်နိုင်ဖို့ ခွင့်ပြုတော်မူခဲ့သေးတယ်။
မဟာပဒေသ ၄-ပါးကိုလည်း မဟာပရိနိဗ္ဗာနသုတ္တံမှာ “ဟ”ပေထားခဲ့သေးတယ်။
သံဃာကလည်း “မဖျက်ဘူး၊ အသစ်မပြုဘူး၊အဟောင်းကိုပဲ ရအောင် ကျင့်သုံးမယ်”လို့ ဒီအတိုင်းပဲ ဆက်ထိန်းသိမ်းလာခဲဲ့တယ်။
===
ဆိုတဲ့အခါ - ဘုရားရှင်ဟာ သံဃာကို“ဥပဒေသစ် ပြုစုနိုင်တဲ့ လုပ်ငန်းစွမ်းရည်”အထိ ကျွမ်းကျင်စေချင်တော်မူခဲ့သလား-ဆိုတာက ဆွေးနွေးစရာ ဖြစ်ပါတယ်။
ဘာလို့ ဆွေးနွေးစရာလဲဲ?
- ဥပဒေဟာ ဝိနည်းနဲ့ ညီသလား-ဆိုတဲ့ ပြဿနာ။
- ဝိနည်းဟာ ဥပဒေနဲ့ ညီသလား-ဆိုတဲ့ ပြဿနာ
- ဝိနည်းနဲ့ ဥပဒေဟာ တစ်ထပ်တည်းကျအောင် ညီညွှတ်မျှတဖို့ လိုအပ်သလား-ဆိုတဲ့ ပြဿနာတွေအတွက် ဖြစ်ပါတယ်။
ပြီးတော့ ဝိနည်းသမားတွေဟာ ဥပဒေကို လိုက်နာစရာ လိုအပ်သလား-ဆိုတဲ့ ပြဿနာအတွက်ရော….
Comments
Post a Comment