တရားမျှတမှုဘုရားရှင် ပရိနိဗ္ဗာန် ဝင်စံတော်မူခြင်း
၂၁ ဇန် ၂၀၂၆
"တရားမျှတမှု ပျောက်ဆုံးရင် ဘုရားရှင် ပရိနိဗ္ဗာန်ပြုသလိုပဲ"
"မတရားသော တရားရေးဆုံးဖြတ်မှုတွေဟာ ဘုရားရှင်ကို အမှန်တကယ် ပရိနိဗ္ဗာန်ပြုသွားအောင် စီမံတာ ဖြစ်တယ်"
ဒီသဘောကို အဋ္ဌကထာကျမ်းမှာ တွေ့ရတယ်။
(တုမှေ) သာသနံ အရက္ခိတွာ ပုဂ္ဂလံ ရက္ခိတ္ထ, အဇ္ဇတဂ္ဂေ ဒါနိ တုမှာကံ ဝိနိစ္ဆယံ ဝိနိစ္ဆိနိတုံ န ဝဋ္ဋတိ, အဇ္ဇ ပရိနိဗ္ဗုတော ကဿပေါ ဘဂဝါ။
(သုတ္တနိပါတ် အဋ္ဌကထာ၊ ပထမအုပ်၊ စာမျက်နှာ ၁၉၂။ ဟေမဝတသုတ္တံအဖွင့်။)
===
ဘုရားရှင်သာ သက်တော်ထင်ရှား ရှိနေရင် ရဟန်းတွေကို "ဝိနည်းဥပဒေ"လိုက်နာအောင် ထိန်းကျောင်းလိမ့်မယ်။
တရားကိုလည်း မျှတစွာ ဆုံးဖြတ်လိမ့်မယ်။
ရဟန်းပရိသတ်ဟာ မျှတသော တရားဥပဒေ/ သို့မဟုတ်/ ဘုရားရှင်ရဲ့ ထိန်းကျောင်းမှုအောက်မှာ သိမ်မွေ့ယဉ်ကျေးစွာ သီတင်းသုံးနိုင်ကြလိမ့်မယ်။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုသွားရင်တောင်မှ တာဝန်သိပုဂ္ဂိုလ်တွေက "ထိန်းကျောင်းစနစ်"နဲ့ ဝိနည်းဥပဒေစိုးမိုးနေအောင် ကြိုးစားနေကြတယ်, ကြိုးစားတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေတယ်။
ဒါဆိုရင် "ဘုရားရှင်က တကယ်ပရိနိဗ္ဗာန် မပြုသေးဘူးပဲ၊ ရဟန်းတွေက ဘုရားရှင်ခေတ်ကလိုပဲ" ဒီိလို ပြောနိုင်တယ်။
ဝိနည်းဓိုရ်က "အမှုနိုင်ချင်ရင် ပိုက်ဆံပေး"ဆိုတဲ့သဘောကို ပေါ်ပေါ်တင်တင် ကျင့်သုံးလာပြီဆိုရင်
ဘာဖြစ်မလဲ?
ဘုရားရှင်က ပရိနိဗ္ဗာန်ပြုသွားပြီပဲ-လို့ ပြောရမှာ ဖြစ်တယ်။
ဘာလို့ ပရိနိဗ္ဗာန်ပြုသွားပြီလို့ ပြောရတာလဲ?
တရားရေးကို ပိုက်ဆံရှာစရာဈေးကွက်လို့ သာဝကတို့က တွက်လိုက်ကြပြီမို့လို့။
အဋ္ဌကထာဆရာတော်ရဲ့ စကားနဲ့ ပြောရရင်
"တရားရေးမျှတမှု ပျောက်ဆုံးတာဟာ ဘုရားရှင်ပရိနိဗ္ဗာန်ပြုသလိုပဲ"မို့လို့။
===
အခုနောက်ပိုင်း သာသနာဆိုင်ရာ တရားရေးကိုတော့ မျက်ခြေပြတ်နေတယ်။
ဟိုးအရင်ကတော့ ဘုန်းတော်ကြီးတွေ အကျင့်ပျက်ခြစားတဲ့ ပြဿနာက မြင်မကောင်း, ကြားမကောင်းဘူး။
အခု နိုင်ငံခြားမှာ ပညာသင်ပြီး ဒေါက်တာဖြစ်နေတဲ့ မိတ်ဆွေတစ်ပါးက ပြောဖူးတာ။
"လွန်ခဲ့တဲ့ ၁၅-နှစ်လောက်က ကျောင်းမှုတစ်ခုအတွက် အကြီးအကဲဘုန်းကြီးတစ်ပါးဆီ ရောက်ဖူးတယ်"
"ဘာလုပ်ဖို့ ရောက်ဖူးတယ်"
"ဒီလိုပဲပေါ့၊ ခြင်းကပ်ရတာ" (ချဉ်းကပ်ရတာ မဟုတ်)
"ဘယ်လောက် ကပ်ခဲ့ရတုန်း"
"သိန်း (၃၀)"
"ဟင်... ဆရာတော်ကလည်း လက်ခံတာပဲလား"
"ဆရာတော်က လက်မခံပါဘူး၊ သူ့ကပ္ပိယက လက်ခံတာ"
"အဲ... ဘာထူးလို့လဲ"
"ဘာထူးလဲဆိုတော့- ဆရာတော်ကိုယ်တိုင် လက်ခံတာ မဟုတ်တော့ကား ဆရာတော် အ,တာကို အကြောင်းပြုပြီးကပ္ပိယတွေက လုပ်စားနေကြတာလား ဘာလား-ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်လေ"
"နေပါဦး၊ အရှင်ဘုရားတို့ကလည်း ဘာစိတ်ကူးနဲ့ လာဘ်ထိုးရတာလဲ"
"တပည့်တော်က ဗဟုသုတရအောင် အဖော်လိုက်သွားတာပါ၊ ဟိုဘက် ဒီဘက် တရားပြိုင်တွေကို အကဲခတ်ရသလောက် လာဘ်မထိုးရင် မတရားမှုတွေက အလွယ်တကူ လက်ခမောင်းခတ်တော့မှာ-လို့ တွက်ကြပုံ ရတယ်"
"အင်... ပိုက်ဆံပေးလိုက်တော့ တရားမျှတသွားရောလား"
"ဟီး"
===
ခင်ဗျား သိလား?
ဒီလို ပြဿနာမျိုးတွေကို သာသနာတော်တွင်းက ရဟန်းတိုင်းနီးပါး သိကြတယ်ဆိုတာ။
အချင်းချင်း တိုးတိတ်ကဲ့ရဲ့ပြီး ရွံရှာနေကြရ။
"မတတ်နိုင်ကြပါဘူး"ပေါ့လေ။
တချို့ကျတော့ တမျိုး။
"နိုင်လောက်တဲ့သူကို ခုန်အုပ်၊ မနိုင်ရင် မျက်စိမှိတ်"ဆိုတဲ့ မူဝါဒ ရှိကြတယ်။
"ဘောင်အတွင်းက ရနိုင်သလောက်ကိုတော့ ကြိုးစားရမှာပဲ၊ မတတ်နိုင်ရင်တော့လည်း ရှိစေပေါ့လေ"
စေတနာကတော့ စေတနာပါပဲ။
စေတနာကို အသိအမှတ် ပြုသလောက်တော့ ပြုရမှာပါ။
သို့သော်- ဒီစေတနာကို အကြောင်းပြုပြီး "အံ့ဩမကုန်နိုင်, စာမဖွဲ့နိုင်, ကြည်ညိုလို့ မဝ,နိုင်"ဆိုတဲ့ အထိတော့ချီးကျူးဖို့ မဖြစ်နိုင်ဘူး။
ဘာလို့လဲ?
"မနိုင်ရင် မျက်စိမှိတ်"ဆိုတာကိုက ပြဿနာကိုး။
မနိုင် မျက်စိမှိတ်က ပြဿနာဖြစ်လာတဲ့အခါ ကြာလာတာနဲ့အမျှ မျက်စိမှိတ်ရတာတွေက ပိုများလာလိမ့်မယ်။
ဒါတင်မက "နိုင်တဲ့သူတွေကို ခုန်အုပ်"တာတွေက "တရားမျှတမှု"ကို လှောင်ပြောင်စရာ ဖြစ်လာလိမ့်မယ်။
နိုင်လောက်တဲ့သူကို ခုန်အုပ်ပြီး
မနိုင်တဲ့သူကို မျက်စိမှိတ်ရတဲ့ မျှတမှုအတွက်
ခင်ဗျားကိုယ်ကို ခင်ဗျားက လိပ်ပြာလုံနိုင်လို့လား?
===
ဥပမာ-
"ကိုရင်လေးတစ်ပါး ခြင်းခတ်နေပါတယ်ဘုရား"
"ဟင်... ဟုတ်လား၊ ဒီကောင်ကို မှတ်လောက်သားလောက်အောင် တွယ်ကွာ၊ သာသနာမှာ အရုပ်ဆိုးတယ်၊ ဒီသူတောင်းစားလေးတွေကို နည်းနည်းမှ ခွင့်မလွှတ်နိုင်ဘူး"
ခုန်အုပ်ပြီး အရေးယူပစ်လိုက်တယ်။
"ဝိနည်းဓိုရ်ဆရာတော်ကြီး လာဘ်စားနေပါတယ်ဘုရား"
"အင်... (ခဏနှုတ်ဆိတ်သွား၊ မျက်နှာလွှဲ၊ မျက်လုံးက မဝံ့မရဲ၊ လေသံပျော့လေးနဲ့) ဆရာတော်ကြီးကလည်း ခက်တယ်ဗျာ၊ မလုပ်သင့်မှန်း သိသင့်ရက်သားနဲ့"
မျက်စိမှိတ်လိုက်ရတယ်။
ဒါဆိုရင် တရားမျှတမှုဆိုတာက ဘာပါလဲ?
===
လာဘ်စားလိုက်တဲ့ ဆရာတော်ကြီးတစ်ပါးဟာ သူ့ရာထူးပြုတ်သွားရင် အရေးယူခံရမှာ ကြောက်တယ်။
ဒီတော့ အကာအကွယ် ယူတယ်။
အာဏာရှိသူတွေနဲ့ ပေါင်းပြီး ဘက်ဂရောင်းလုပ်လိုက်တယ်။
အာဏာရှိသူ ကျောထောက်နောက်ခံရှိနေရင် သာသနာတော်ဝင် ဘယ်သူကမှ ဒီဆရာတော်ကြီးကို မထိရဲတော့ဘူး။
လုပ်ချင်ရာ လုပ်၊ တင့်တယ်လို့ ဖြစ်သွားတယ်။
ဒီတော့ နာကျည်းလာတာနဲ့အမျှ "ကဲ ကဲ ကဲ- တို့တွေ နိုင်တဲ့သူတွေကို အညှိုးနဲ့ ခုန်အုပ်ကြစို့ဟေ့"လို့လည်းဖြစ်ထွန်းလာပြန်ပါတယ်။
ငါးကြီးတွေ ဖမ်းမမိတဲ့ကိစ္စကို ထုတ်မပြောတော့ဘဲ
ငါးသေးလေးတွေ ဖမ်းမိတဲ့ ကိစ္စကိုပဲ ဧရာမဂုဏ်ပုဒ်ကြီးလုပ်ပြီး ဟိတ်ထုတ်ကြရပါတယ်။
ငါးသေးလေးတွေ ဖမ်းမိတာဟာ ချီးကျူးစရာ မဟုတ်ဘူးလား?
ချီးကျူးစရာပဲလေ။
သို့သော် - ငါးကြီးတွေကို မထိရဲတာကလည်း မထိရဲတာပဲပေါ့။
ငါးကြီးတွေကို မထိရဲတဲ့အတွက် "တရားမျှတမှု" မပီပြင်ဘူးဆိုတာကလည်း သေချာတဲ့ အချက် ဖြစ်ပါတယ်။
အဲဒါဟာ ဘုရားရှင်ရဲ့ ပရိနိဗ္ဗာန်ပြုနည်း အမျိုးမျိုးတွေထဲက တစ်ခုလို့ ဆိုကြပါစို့။
===
ကနေ့ ဘာပြောချင်တာလဲ?
ဟေမဝတသုတ္တံအဖွင့် အဋ္ဌကထာကို ဋီကာချဲ့နေတဲ့ သဘောပါ။
"တရားမျှတမှု ပျောက်ဆုံးတာကို ဘုရားရှင် ပရိနိဗ္ဗာန်ပြုတာနဲ့ အတူတူပဲ"လို့ အဋ္ဌကထာဆရာတော်က ပြောချင်ပါတယ်ဆ်ိုရင်
အဋ္ဌကထာကျမ်း အဆိုစကားကို ချဲ့ထွင်တဲ့ ဋီကာစကားလို့ ဆိုကြပါစို့။
ဒီကမှတဆင့်-
"တရားမျှတမှု" "တရားဥပဒေစိုးမိုးမှု"ကို ဘယ်လောက်အထိ အရေးကြီးတယ်လို့ ထင်ပါသလဲ?
"ငွေများ တရားနိုင်"
"အာဏာရှိရင် တရားပိုင်တယ်"ဆိုတဲ့ ခံယူချက်သဘောကို ဘယ်လိုထင်မြင်ပါသလဲ?
မတရားတဲ့ ဥပဒေတွဟာ "ငါ့ကို မထိဘူး"ဆိုရင်
မတရားဥပဒေပြုပုဂ္ဂိုလ်တွေဟာ ငါ့ကို လှူရုံနဲ့ သူတော်ကောင်း ဖြစ်သွားသလား?
ဒါတွေကိုလည်း ဆင့်ပွါးပြီး ဆွေးနွေးစေချင်တယ်လည်း ဆိုကြပါစို့။
===
ကိုယ်တို့မျိုသိပ်ထားကြတဲ့
စက်ဆုတ်ဖွယ် အမှောင်ခြမ်းတွေထဲက အချက်တချို့ပေါ့လေ။
Comments
Post a Comment