ပေါ်ရှီးလိုင်ကို အောင်နိုင်ခြင်း
၄ မေလ ၂၀၂၆
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အကြောင်းကို ပြောရင် “ပေါ် ရှီးလိုင်ကို အောင်နိုင်ခြင်း”က စ,ပြီး ပြောရမယ် ထင်တယ်။
===
ပေါ် ရှီးလိုင်-ဆိုတာက တရုတ်ပြည်ကို မော်စီတုန်းနဲ့အတူတူ တိုက်ပွဲဝင်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီး ၈-ဦးထဲက တစ်ဦးရဲ့သား။
ဖအေနာမည်က ပေါ်ရိပေါ်။
တရုတ်ပြည်ကို ထိန်းချုပ်ထားတဲ့ ပေကျင်းမြို့ရဲ့ အာဏာရပ်ဝန်း “ကျုံးနန်ဟိုင်”ဝန်းကျင်မှာ ငယ်ဘဝ ကြီးပြင်းခဲဲ့တယ်။
ဖခင်က အာဏာကြီးလွန်းတဲ့အတွက် Princeling လို့ ခေါ်ရမယ့် အခွင့်ထူးခံ မင်းသားစာရင်းထဲမှာ ပါတယ်။
ပီကင်းတက္ကသိုလ်မှာ သတင်းစာနဲ့ ကျောင်းပြီးတယ်။
၁၉၇၆-မှာ လီတန်းယွီနဲဲ့ အိမ်ထောင်ကျတယ်။
လီတန်းယွီရဲ့ မောင်, အဲဒီမောင်ရဲ့ ရည်းစား, အဲဒီရည်းစားရဲ့ သူငယ်ချင်းဖြစ်သူ ကူ ခိုင်းလိုင်နဲ့ ထပ်ပြီး ကြိုက်တယ်။
ကွာရှင်းခွင့်တောင်းတဲဲ့ အရှုပ်အရှင်းက အတော်ကြာကြာ ဖြစ်လိုက်တယ်။
၁၉၈၄-မှ ကွာရှင်းပြီး ကူခိုင်းလိုင်နဲ့ ယူတယ်။
လူကြီးတွေက စိတ်ရှုပ်ပြီး တောကို ပို့လိုက်တယ်။
၁၉၈၄-မှာ လျောင်နင်းပြည်နယ်, တာ့လျန်မြို့ကို သွားရတယ်။
တာ့လျန်မြို့တော်ဝန် ဖြစ်တယ်။
လျောင်နင်းဆိုတာက မြောက်ကိုရီးယားနဲ့ အနီးဆုံးပြည်နယ်တစ်ခုပဲ။ တရုတ်ပြည်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ “ချင်းမင်းဆက်”တွေရဲ့ မန်ချူးလူမျိုးတွေဟာလည်း ဒီပြည်နယ်က လာတယ်။
တာ့လျန်ဆိုတာက ဆိပ်ကမ်းမြို့။
ဒီမြို့မှာ မြို့တော်ဝန်အဖြစ် တာဝန်ယူတယ်။
ဖအေက အာဏာကြီးသူဆိုတော့ မြို့တော်ဝန်သာ ဖြစ်တယ်။ ပြည်နယ်အတွင်းရေးမှူးကိုတောင် ထည့်တွက်တာ မဟုတ်ဘူး။
သို့သော်- သူက ပေါ်ကြော့ဖြစ်သလို တာ့လျန်မြို့ကိုလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ခေါ်သွင်းခဲဲ့တယ်။
နာမည်ကျော် Intel ကုမ္ပဏီဟာ တာ့လျန်မြို့မှာ အမေရိကန်ဒေါ်လာ 2.5 ဘီလျံလောက် ရင်းနှီးမြှုပ်နှံခဲဲ့တယ်။
ကာနွန်တို့, တိုရှီီဘာတို့, မစ်ဆူဘီရှီတို့လို ဂျပန်ကုမ္ပဏီပေါင်းလည်း (၅၀၀) လောက်ကို ခေါ်သွင်းခဲဲ့သေးတယ်။
ဒါတင်မက ဗောက်စ် ဝက်ဂွန်း ကားကုမ္ပဏီအင်ဂျင်စက်ရုံရဲ့ ဒေါ်လာ သန်း (၂၀၀) တန် ရင်းနှီးမြှုပ်နှံမှုတွေကို သူက ခေါ်နိုင်ခဲ့တယ်။
သူ့မိိန်းမက ကူခိုင်းလိုင်ကလည်း ရှေ့နေဖြစ်တဲ့အတွက် ဥပဒေအကြံပေးကုမ္ပဏီထောင်ပြီး အကြံပေးခ သန်းနဲ့ချီပြီး တောင်းခဲ့သေးတယ်။
အဲဒီခေတ်တုန်းက “လာဘ်စားတယ်”ဆိုတာ နာမည်ပျက် မဟုတ်သေးဘူး။
ကံကောင်းမှုပဲ ရှိသေးတယ်။
ကြီးပွါးချင်သလား? ကွမ်းရှီ (အဆက်အသွယ်) ရှာ, ကပ်။
သူဋ္ဌေးတွေ ဝိုင်းဝိုင်းလည်ပဲ။
တာ့လျန်ရဲ့ သူဋ္ဌေးပေါက်စ “ရှုမျင်”ဟာ ပေါ်ရှီးလိုင်ကို ကပ်မိသွားတယ်။ အကြီးအကျယ် ကြွယ်ဝပြီး နောက်ပိုင်းမှာ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး (၈) ဦးထဲမှာ ပါခဲ့သေးတယ်။
ရှုမျင်ဟာ ကူခိုင်းလိုင်နဲ့ ရတဲ့ သား- ပေါ်ကွားကွားကို နိုင်ငံခြားမှာ ကျောင်းတက်စရိတ် အားလုံး ထောက်ပံ့ပေးခဲ့တယ်။
နောက်တော့ တာ့လျန် မြို့တော်ဝန်ကနေ လျောင်နင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဖြစ်တယ်။
တရုတ်ပြည်ရဲ့ ထုံးစံက ပါတီ ပထမ။ အုပ်ချုပ်ရေး ဒုတိယ။
ဆိုလိုတာက- လျောင်နင်းပြည်နယ်မှာ အုပ်ချုပ်ရေးမှူး ရှိတယ်။ ပါတီအတွင်းရေးမှူး ရှိတယ်။
ပါတီအတွင်းရေးမှူးက ၁-နံပါတ်။ အုပ်ချုပ်ရေးမှူးက ၂-နံပါတ်ပဲ။
ပေါ်ရှီးလိုင်က အုပ်ချုပ်ရေးမှူးပေမယ့် ဖအေ့အရှိန်အဝါနဲ့ဆိုတော့ ဝမ်ရှိကျန်းကို ဂရုမစိုက်ဘူး။ တခါတလေ ကျော်လုပ်တယ်။ ဝမ်ရှိကျန်း တာဝန်ယူတဲ့ ၁၉၉၄-ကနေ ၁၉၉၈-အထိ နှစ်ဦးသားဟာ ဧရာမရန်ဘက်တွေလို့ နာမည်ကျော်တယ်။
ဝမ်ရှိကျန်းဟာ ပေါ်ရှီးလိုင်ကို ဖြုတ်ပစ်ဖို့တောင် ကြိုးစားဖူးတယ်။ ဖခင်ဖြစ်သူ ပေါ်ရိပေါ်ကြောင့် ဘယ်လိုမှ ဖြုတ်မရဘူး။
၂၀၀၄ ရောက်တဲ့အခါ လျောင််နင်းကနေ ပေကျင်းမှာ တက်ပြီး စီးပွါးရေးဝန်ကြီး လုပ်လိုက်သေးတယ်။
တစ်နှစ်ချင်းမှာ ဘီလျံ (၆၀) (၇၀) လောက် ရင်းနှီးမြှုပ်နှံမှုတွေကို ခေါ်ခဲဲ့တယ်။
Tianjin မှာ Airbus ကို ခေါ်ခဲဲ့တာ သူဖြစ်ပါသတဲ့။
၂၀၀၇-ကို ရောက်တော့ ဖခင်ပေါ်ရိပေါ် ဆုံးတယ်။ ရွှေတောင်ကြီး ပြိုတယ်။
အရင်က ဖခင်အရှိန်နဲ့ ကျော်လုပ်ခဲ့သမျှတွေအတွက် ဖခင်မရှိတာနဲ့ သူများတွေက ပ,ထုတ်ဖို့ ပြင်ကြတယ်။ ဝန်ကြီးချုပ် ဝမ်ကြားပေါင်က သူ့ကို စည်းလွတ်လွန်းတယ်လို့ ယူဆတဲ့အထဲမှာ ပါတယ်။
၂၀၀၇-မှာ သူ့ကို ချုံချင့်မြို့ (ချုံကင်း, ချုံကျင်း-လို့လည်း မြန်မာစာအုပ်မှာ ရေးကြ) ကို ပို့တယ်။
ချုံချင့်ဆိုတာက တစ်မြို့ထဲနဲ့ လူဦးရေ (၃၂) သန်းရှိတဲ့ မြို့ကြီး။ ကြီး ၄-ကြီးထဲမှာ ပါတယ်။
သူရောက်လာတော့ မြို့က ဒုစရိိုက်ပေါတဲ့ မြို့ကြီး။ သူကလည်း မြို့ကနေ အပ,ခံလိုက်ရတာဆိုတော့ စိတ်နာတယ်။ ဒုစရိုက်သမားတွေအပေါ် ပုံချတယ်။ အာဏာတည်ဆောက်တယ်။ မြေသိမ်းတယ်။ စီးပွါးရေးသမားတွေကို ဒုစရိုက်သမားတွေနဲ့ အဆက်အသွယ် ရှိတယ်ဆိုရင် လူဖမ်းထောင်ချ, ပစ္စည်းသိမ်းတယ်။ သူမတည့်တဲဲ့သူတွေကိုလည်း ဖမ်း, ထောင်ချ, ပစ္စည်းသိမ်းတာမျိုး လုပ်တယ်လို့ ဆိုတယ်။
အာဏာဘက်ခြမ်းကျတော့ ကွန်မြူနစ်သီချင်းတွေကို ဆိုတယ်။ ကွန်မြူနစ်ဝါဒ ကြည်ညိုတဲ့ ရပ်ဝန်းမှာ သူက ပုံရိပ်ကို ကြီးမားအောင် တည်ဆောက်တယ်။
ချုံချင့်မှာ ဘုရင်လို နေပြီး အာဏာနဲ့ ဓနဥစ္စာတွေကို ကောင်းကောင်း တည်ဆောက်တယ်။
HP လက်ပ်တော့ ကုမ္ပဏီကို ချုံံ့ချင့်လာအောင် ဇွတ်ခေါ်တယ်။ HP ရောက်လာတယ်။ နောက်တော့ Foxconn နဲ့ Acer တို့ကိုပါ ခေါ်လိုက်တော့ ချုံချင့်က ကမ္ဘာ့လက်ပ်တော့ ၃-လုံးထုတ်တိုင်း တစ်လုံးထုတ်တဲ့ မြို့ဖြစ်လာတယ်။
ဂျာမနီက ဓာတုဗေဒလုပ်ငန်းစုကြီးဖြစ်တဲဲ့ BASF ကို သူက ခေါ်ခဲ့သေးတယ်။
ဗီဒီယိုအတိုလေးတွေမှာ လူတွေက ပါးစပ်ဟထားပြီး ပါးစပ်ထဲကို ရထားက ဝင်သွားတာမျိုး ရိုက်ကြတာ မြင်ဖူးလား မသိဘူး။ အဲဒါက ချုံချင့်ပဲ။
ပြီးတော့ ကားစက်ရုပ် ရုပ်ရှင်တွဲတွေထဲမှာ ကားစက်ရုပ်က ကျောက်တောင်နဲ့ သဘာဝတောင်ကြားမှာ ဖြတ်ပျံသွားတာ ကြည့်ဖူးလား မသိဘူး။ အဲဒါက ချုံချင့်ရဲ့ ဝူလုံတံတားပဲ။
ချုံချင့်ဟာ အရင်တုန်းက ပန်ဒါဝက်ဝံတွေ ရှိတဲ့ ချန်တူးမြို့လိုပဲ စစ်ချွမ်ပြည်နယ်ထဲမှာ ပါခဲ့တယ်။ နောက်တော့ သီးခြားခွဲထုတ်ပစ်လိုက်တာ။
ပေါ်ရှီးလိုင်ကလည်း ချုံချင့်မြို့မှာ နာမည်ရတဲ့အတွက် ပေကျင်းရဲ့ ပေါ်လစ်ဗျူရိုမှာ ရောက်လာဖို့ သေချာသလောက် ဖြစ်နေပြီ။
အဲဒီအချိိန် ရှီကျင့်ဖျင်ကလည်း ဒုတိယသမ္မတအဖြစ်နဲ့ ရာထူးလွှဲပြောင်းဖို့ လုပ်နေပြီ။
ရှီကျင့်ဖျင် သမ္မတဖြစ်ခဲ့ရင်တောင်မှ ပေါ်ရှီးလိုင်တို့က ပေါ်လစ်ဗျူရိုကနေ ဝိုင်းပိတ်ဆို့ပြီး ကစားကြမှာပဲ။
ဧရာမပြိုင်ဘက်ကြီးလို့ ပြောရမယ်။
အဲဒီအချိန်မှာ ရှီကျင့်ဖျင်ဆီကို လက်ဆောင်တစ်ခု ရောက်လာတယ်။
===
မင်းသားလေးတွေက ဘုရင်လို နေလာကြတဲ့အခါ အာဏာလက်ဇောင်းထက်လာတယ်။
ပေါ်ရှီးလိုင်တို့ရဲ့ ဓနဥစ္စာတွေကို နိုင်ငံခြားရွှေ့ပေးတဲ့ အင်္ဂလိပ်တစ်ယောက်ကို Neil Heywood လို့ ခေါ်တယ်။
ပေါ်ရှီးလိုင်တို့, ကူခိုင်းလိုင်တို့ရဲ့ စီးပွါးဖက်အိမ်ကျွန်လို့ ပြောရမလား မသိဘူး။
သူက ၂၀၁၁-မှာ အကျိုးဆောင်ခနဲ့ ပတ်သက်ပြီး ကူခိုင်းလိုင်နဲ့ စကားများတယ်။
ကူခိုင်းလိုင်က အဆိပ်ခတ်သတ်တယ်။
ရဲချုပ်ဖြစ်တဲ့ ဝမ်လီကျွင်းက အလောင်းဖျောက်ပေးရတယ်။
ဝမ်လီကျွင်းက ဒီတစ်ကြိမ်ပဲ မဟုတ်ဘူး။ မိသားစု ခါးပိုက်ဆောင် ရဲချုပ်ဆိုတော့ အရင်တုန်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်လည်း သူက အမှိုက်ရှင်းပေးခဲ့ရတဲ့သူ။
သူက ကူခိုင်းလိုင် အဆိပ်ခတ်သတ်တဲ့အကြောင်းကို သွားပြီး အစီရင်ခံတဲ့အခါ ပေါ်ရှီလိုင်က ပါးရိုက်တယ်။
ပြီးတော့ ဝမ်လီကျွင်းရဲ့ တပည့်တွေကို လက်စဖျောက်တယ်။ ဝမ်လီကျွင်းက ကြောက်သွားတယ်။
သူ့အလှည့် မကြာခင် လာတော့မယ်ဆိုတာကို သိတဲ့အတွက် ၂၀၁၂-ခု, ဖေဖေါ်ဝါရီမှာ ချန်တူးမြို့ကို ပြေးတယ်။
ဒီအတိုင်း မဟုတ်ဘဲ မိန်းမသားလို ဝတ်စားပြီး အမေရိကန်သံရုံးကို ဝင်တယ်။
ပေါ်ရှီးလိုင်ကလည်း သံချပ်ကာကားနဲ့ ရဲကား အစီး (၇၀) လောက်ကို ချုံချင့်ကနေ ချန်တူးမြို့အထိ လွှတ်ပြီး အမေရိကန်သံရုံးကို ဝိုင်းတယ်။
အမေရိကန်တွေ ခေါင်းချောက်သွားတယ်။
ပေါ်ရှီးလိုင်က သံရုံးကို အမှုန့်ခြေမလို့ လုပ်နေပြီ။
နှစ်နိုင်ငံ စစ်ဖြစ်မလို အခြေအနေ။
နောက်တော့ အမေရိကန်တွေက ပေါ်ရှီးလိုင်ရဲ့ လက်ထဲကို မအပ်ဘဲ ဗဟိုအစိုးရ (ရှီကျင်းဖျင်တို့)လက်ထဲကို ထည့်လိုက်ပါတယ်။
ဝမ်လိကျွင်းဟာလည်း “ပေါ်ရှီးလိိုင်တို့လက် မအပ်ပါနဲ့ဗျာ”လို့ ကြောက်လန့်တကြား တောင်းပန်ရင်း ပါသွားတယ်။
ဝမ်လိကျွမ်းဟာ ရှီကျင့်ဖျင်တို့ လက်ထဲ ရောက်လာတယ်။
လျှို့ဝှက်ချက်တွေ အကုန်ဖွင့်ချတယ်။
ရှီကျင့်ဖျင်က “အဂတိမှု” “နိုင်ငံတော်ပုန်ကန်မှု” “လူသတ်မှု” တွေနဲဲ့ စွဲချက်တင်ပြီး ပြိုင်ဘက်ကြီးကို ပ,ထုတ်လိုက်ပါတယ်။
===
အခု တရုတ်ပြည်ရဲဲ့ VIP ထောင်တစ်ခုဖြစ်တဲ့ ချင်းချိန် ထောင်ထဲမှာ အခွင့်ထူးရ အကျဉ်းသားအဖြစ် ပေါ်ရှီးလိုင်က ဆက်ရှိနေပါတယ်။
သူ့စကား-
“ငါက ရာဇဝတ်ကောင် မဟုတ်ဘူး၊ ရှုံးနိမ့်သွားတဲ့ နိုင်ငံရေးသမားပဲ”တဲ့။
ဝမ်လီကျွင်းကလည်း အဲဒီထောင်မှာပါပဲ။
ဒါပေမယ့် သူတို့နှစ်ဦးကို တွေ့ခွင့် မပေးပါဘူး။
ပေါ်ရှီးလိုင်ရဲ့ စပွန်ဆာ သူဋ္ဌေးကြီး ရှုမျင်ဟာလည်း ပိုင်ဆိုင်မှုတွေ အကုန်အသိမ်းခံရပြီး အဖမ်းခံရတယ်။
၂၀၁၅ ပြန်လွတ်ခါနီး, ရက်ပိုင်းအတွင်းမှာပဲ နှလုံးရပ်ပြီး ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။
ဒုတိယဇနီး ကူခိုင်းလိုင်ရဲ့ သား ပေါ်ကွားကွားကတော့ ကနေဒါမှာ အခြေချရင်း အလုပ်လုပ်နေတယ်။ ၂၀၂၄-မှာ ထိုင်ဝမ်းပြည်သူ သူဋ္ဌေးသမီးတစ်ဦးနဲ့ အိမ်ထောင်ပြုလိုက်ပါတယ်။
ပထမဇနီး လီတန်းယွီကတော့ သတင်းဦးကို ကြားရတဲ့အခါ ပြောပါသတဲ့။
“အင်း… ဝဋ်လည်တာပေါ့”
Comments
Post a Comment