သီဟိုဠ်ရာဇဝင် အကျဉ်း
၉ ဩဂုတ် ၂၀၂၆
သီဟိုဠ်ကို အိန္ဒိယ ဝိဇယမင်းသားက ဘီစီ - ၅၀၀ စု ဝန်းကျင်မှာ ထူထောင်ခဲ့တယ်လို့ မဟာဝံသကျမ်းက ဆိုပါတယ်။
နယ်နှင်ခံရသူ ဘုရင့်သမီးနဲ့ ခြင်္သေ့တစ်ကောင်တို့ ညားပြီး သီဟဗာဟုကို မွေးတယ်။ သီဟဗာဟုရဲ့သားကမှ ဝိဇယဗာဟု။
ဝိဇယဗာဟုဟာ ဆိုးသွမ်းလွန်းလို့ ဖခင် သီဟဗာဟုက လူ (၇၀၀) နဲ့အတူ ရေမျှော, စွန့်ပစ်လိုက်တယ်။ သီဟိုဠ်ကို ရောက်လာပြီး နိုင်ငံထူထောင်တယ်။
ဘိုးတော် ခြင်္သေ့ကို အစွဲပြုပြီး စင်ဟာလလူမျိုးလို့ ခေါ်ပါသတဲ့။
စင်ဟာလတို့ရဲ့ အိမ်နီးချင်းဟာ အိန္ဒိယတောင်ပိုင်းဒေသကြီး။ ရှေးခေတ်အလိုဆိုရင် ပန္ဒရ, ချိုလာ, ချေရာတိုင်းပြည်တွေ ရှိကြတယ်။
အဲဒီတိုင်းပြည်ဘုရင်တွေဟာ သီဟိုဠ်ကို တက်တက်သိမ်းတတ်ကြတယ်။
ဘီစီ-၂၃၇-ခုနှစ်မှာ သေနနဲ့ ဂုတ္တိကတို့ဟာ မြင်းကုန်သည်အနေနဲ့ အနုရာဓကို ရောက်တယ်။ ဘုရင့်အားနည်းချက်ကို အရယူ, လုပ်ကြံပြီး အနုရာဓကို သိမ်းလိုက်ကြဖူးပါသတဲ့။
ဘီစီ ၂၀၅-မှာလည်း ချိုလာနိုင်ငံက ဧလာလ-ဟာ အနုရာဓကို ဝင်သိမ်းပြီး အုပ်ချုပ်ဖူးတယ်။ ဒီဘုရင်က တရားမျှတလို့မို့ မဟာဝံသကျမ်းက တမီလ်တွေထဲမှာ တရားမျှတမှုအရှိဆုံးဘုရင်လို့ ချီးကျူးပါတယ်။
ဘီစီ ၁၆၁-မှာ ဒုဋ္ဌဂါမဏိက ဧလာလ-ကို ရထားချင်းတိုက်ပြီး အနိုင်ယူတယ်။
အေဒီ ၂-ရာစုမှာ ဂဇဗာဟု နန်းတက်တယ်။ သူ့အဖေဘုရင်လက်ထက်တုန်းက အိန္ဒိယတမီးလ်တွေဟာ သီဟိုဠ်ကို ကျူးကျော်ခဲ့တယ်။ စင်ဟာလလူမျိုး ၁၂,၀၀၀ ကို ဖမ်းယူသွားခဲ့တယ်။ အဲဒါကို လက်တုန့်ပြန်ဖို့ အိန္ဒိယဘက် ကူးပြီး ချိုလာကို စစ်တိုက်တယ်။ စင်ဟာလလူမျိုး ၁၂,၀၀၀ ကို ပြန်ခေါ်ရုံမက တမီးလ်လူမျိုး ၁၂,၀၀၀-ကိုပါ ဖမ်းခေါ်လာပါသေးသတဲ့။
အဲဒီလို ဖမ်းခေါ်လာနိုင်တာကို စင်ဟာလတွေက ဂုဏ်ယူကြပေမယ့် တမီးလ်တွေက သေချာပေါက် ဒေသခံ ဖြစ်လာကြပါပြီ။
အေဒီ ၉၉၃-မှာ ချိုလာဘုရင် ရာဇရာဇ (၁) က သီဟိုဠ်ကို ကျူးကျော်တယ်။ စိိန်ရွှေရတနာတွေကို လုယက်တယ်။ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်တယ်။ ဘုရားဌာပနာတွေကို ဖောက်တယ်။ အနုရာဓကို မီးတင်တယ်။
အေဒီ ၁၀၁၇-မှာ ရာဇရာဇ (၁) ရဲ့သား ရာဇိန္ဒရ (၁)က အနုရာဓအပါအဝင် သီဟိုဠ်တကျွန်းလုံးကို သိမ်းပိုက်ပြီး သီဟိုဠ်ဘုရင် မဟိန္ဒ (၅) ကို ဖမ်းခေါ်သွားတယ်။ အိန္ဒိယမှာပဲ မဟိန္ဒ (၅) က ဆုံးသွားတယ်။
အေဒီ ၁၀၅၅-မှာ ပရက္ကမဗာဟု (၁) က ချိုလာတွေကို ပြန်တိုက်ထုတ်တယ်။ အနုရာဓက မလုံခြုံဘူးလို့ ယူဆတဲ့အတွက် ပိုလုံနရုဝမြို့ကို မြို့တော်သစ် ပြုတယ်။
ပရက္ကမဗာဟုလက်ထက်မှာပဲ အိန္ဒိယတောင်ပိုင်းမှာ အာဏာပြိုင်ပွဲ ဖြစ်ပွါးတယ်။ ပန္ဒရနဲ့ ချိုလာတို့ကြား စစ်ဖြစ်နေကြတာ။ ပန္ဒရဘုရင်က ပရက္ကမဗာဟု (၁) ဆီ စစ်ကူတောင်းတယ်။ ပရက္ကမဗာဟုကလည်း အိန္ဒိယကို စစ်ချီတယ်။ ပရက္ကမပူရ ခံတပ်မြို့ ဆောက်တယ်။
မဒုရိုင်မြို့အထိ သိမ်းခဲ့တယ်။ နှစ်ပေါင်းများစွာ တပ်စွဲပြီး ထိန်းသိမ်းနယ်မြေတွေမှာ ပရက္ကမဒင်္ဂါးပြားတွေ သွန်းလုပ်သုံးစွဲခိုင်းခဲ့သေးတယ်။
တမီးလ်ဘုရင်တွေဖြစ်တဲ့ ချိုလာတွေက သီဟိုဠ်ကို မကြာခဏ ကျူးကျော်တတ်တဲ့အခါ ပန္ဒရာတွေဘက်က စစ်ကူပေးတတ်လေ့ ရှိတယ်။
===
သီဟိုဠ်ဘုရင်တွေဟာ ပိုလုံနရုဝမြို့မှာ နှစ် ၂၀၀-လောက် နန်းစိုက်ပြီး အုပ်ချုပ်တယ်။ ၁၂၃၂-မှာတော့ ဒီမြို့တော်က ကလိင်္ဂမာဃကြောင့် ပျက်စီးတယ်။
ကလိင်္ဂတိုင်း (အသောကမင်း သံဝေဂရတဲ့ စစ်ပွဲဖြစ်ပွါးရာ ကလိင်္ဂတိုင်း, ကနေ့ခေတ် ဩရိဿပြည်နယ်) မာဃမင်းသားဟာ စစ်သည်ပေါင်း ၂၄,၀၀၀ ပါတဲ့ ရေတပ်နဲ့ သီဟိုဠ်ကို ကျူးကျော်တယ်။ အဲဒီအချိန် ဘုရင် ပရက္ကမ ပဏ္ဍျရဲ့ မျက်လုံးကို ဖောက်ထုတ်တယ်။ စေတီပုထိုးတွေကို ဖျက်ဆီးတယ်။ မြို့တော်ရဲ့ စိန်ရွှေရတနာတွေကို လုယက်တယ်။ ၂၁-နှစ်ကြာ နန်းစိုက်တယ်။
ကနေ့ခေတ် သီဟိုဠ်ရဲ့ အရှေ့ပိုင်း, မြောက်ပိုင်းတို့မှာရှိတဲ့ တမီးလ်တို့ရဲ့ ရှေးဟောင်း ဂျက်ဖနာမင်းနေပြည်ဟာ ဒီဘုရင် ကလိင်္ဂမာဃလက်ထက်မှာ တည်ခဲ့တယ်လို့ ဆိုနိုင်တယ်။
စင်ဟာလတွေဟာ ဒီခေတ်မှာ မူလနေထိုင်တဲ့ မြောက်ပိုင်းဒေသကို စွန့်ခွါပြီး တောင်ပိုင်း ငှက်ဖျားတောကြီးကို ပြေးခဲ့ရတယ်လို့ ဆိုနိုင်တယ်။
စွယ်တော်ပိုင်တဲ့သူကပဲ ဘုရင်ဖြစ်စတမ်း-ယဉ်ကျေးမှုရှိတဲ့အခါ စွယ်တော်ကို ပွေ့ပြီး တောင်ဘက်ကို ရှောင်ပြေး, ပြေးကြရတယ်။
၁၂၃၂-၁၂၇၂-အတွင်း ဒမ္ဗဒေနီယမှာ ရုံးစိုက်တယ်။
၁၂၇၂-၁၂၉၃-အတွင်း ယာပဟူဝါ-မှာ ရုံးစိုက်တယ်။
၁၂၉၃-၁၃၄၁-အတွင်း ကုရုနေဂလ-မှာ ရုံးစိုက်တယ်။
၁၃၄၁-၁၃၇၄-အတွင်း ဂမ်ပိုလာ-မှာ ရုံးစိုက်တယ်။
နောက်ဆုံး ကိုလံဘိုနားက ကော့တေးမြို့ကို ရုံးစိုက်ပြီး ၁၄၁၄-ကနေ ၁၅၉၇-အထိ အဲဒီနေရာမှာ နှစ်ပေါင်း ၂၀၀-နီးပါး တည်တံ့ခဲ့တယ်။
ကော့တေးတည်ထောင်သူ ဘုရင် ပရက္ကမဗာဟု (၆) ဟာ သီဟိုဠ်တကျွန်းလုံးကို နောက်ဆုံးအကြိမ်စုစည်းနိုင်ခဲ့တဲ့ ဘုရင်တစ်ပါး ဖြစ်တယ်။ ၁၄၁၂-ကနေ ၁၄၆၇-အထိ ထီးနန်းစံတယ်။
ခြောက်ဆက်မြောက်ဘုရင် ပရက္ကမဗာဟု (၉) ရဲ့လက်ထက်မှာတော့ ပေါ်တူဂီတွေက မုန်တိုင်းမိ, လမ်းမှားပြီး သီဟိုဠ်ကို ရောက်လာတယ်။ (၁၅၀၅) ခုနှစ်ပါ။ ကုန်သည်ခွင့်ပြုလိုက်တယ်။
ခုနစ်ဆက်မြောက်ဘုရင် ဝိဇယဗာဟု (၇) ဟာ ဒုတိယမိဖုရားရဲ့ သားကို ထီးနန်းပေးချင်တယ်။ ပထမမိဖုရားရဲ့ သားသုံးဦးက အဇာတသတ်လုပ်ပြီး နိုင်ငံကို သုံးပိုင်းခွဲအုပ်ချုပ်တယ်။
ညီအစ်ကို (၃) ယောက်က မတည့်ကြတဲ့အခါ အစ်ကိုကြီး ဘုဝနကဗာဟုဟာ ညီလတ်ကို ကြောက်ပြီး ပေါ်တူဂီရဲ့ အကူအညီကို ယူတယ်။ ယူရင်းယူရင်းနဲ့ သီဟိုဠ်နိုင်ငံက ပေါ်တူဂီရဲ့လက်ထဲကို ရောက်သွားတယ်။ ၁၅၅၁-ခုနှစ်မှာ ဘုရင်ဘုဝနကဗာဟုဟာ ပေါ်တူဂီစစ်သားတစ်ဦးရဲ့ သေနတ်က ကျည်မတော်တဆ ထွက်ပြီး မှန်လို့ သေတယ်။ (မတော်တဆလို့တော့ ပြောတာပဲ)
ပေါ်တူဂီတွေက ကက်သလစ်တွေ။ စင်ဟာလီဗုဒ္ဓဘာသာတွေ လှိမ့်ပိမ့်ခံရတယ်။ သီဟိုဠ်သားတွေကို အတင်းအကြပ် ခရစ်ယာန် အပြောင်းခိုင်းတယ်။ ဟိန္ဒူ, ဗုဒ္ဓ - ဘုရားကျောင်းတွေကို ဖျက်ဆီးတယ်။
ဘုဝနကဗာဟုရဲ့ မြေး ဒွန်ဂျွန် ဓမ္မပါလ (၁၅၅၁-၁၅၉၇) ဟာ ကက်သလစ်ဘာသာကို ပြောင်းတယ်။ ရုပ်သေးဘုရင်ဖြစ်တယ်။ သူသေခါနီးမှာ တိုင်းပြည်ကို သေတမ်းစာရေးပြီး ပေါ်တူဂီလက်ထဲ လွှဲခဲ့တယ်။
===
ကော့တေးခေတ် ပထမဆုံးဘုရင် ပရက္ကမဗာဟု (၆)အလွန်ကာလ အေဒီ ၁၄၆၉-မှာပဲ သေနသမ္မတ ဝိကရမဗာဟုဟာ ကော့တေးကနေ ခွဲထွက်ပြီး ကန္ဒီကို ထူထောင်ခဲ့တယ်။ ကန္ဒီဟာ အဲဒီကတည်းက သီးခြားကမ္ဘာ, သီးခြားမင်းနိုင်ငံ ဖြစ်နေခဲ့တာ။
ပေါ်တူဂီတွေက မြေပြန့်ကို နှိပ်စက်နေတဲ့အချိန်မှာ ကန္ဒီက လုံခြုံနေခဲ့သေးတယ်။ ဒါပေမယ့် လုံးဝ လုံခြုံတာတော့ မဟုတ်ဘူး။ ပေါ်တူဂီတွေက မကြာခဏ လာတိုက်နေခဲ့တယ်။
ဝိမလ ဓမ္မသူရိယ (၁) အေဒီ ၁၅၉၀- ၁၆၀၄-လက်ထက်မှာ ပေါ်တူဂီတိုးစစ်တွေကို လန်သွားအောင် တိုက်နိုင်ခဲ့တယ်။ ပေါ်တူဂီမှာ စစ်ပညာသင်ပြီး ပေါ်တူဂီကို ပြန်တိုက်ခဲ့တာ။ သူ့လက်ထက်မှာ စွယ်တော်ကို ကန္ဒီမြို့ကို ပင့်ခဲ့တယ်။ ကန္ဒီကိုလည်း အခိုင်အမာ တည်တယ်။
ရာဇသီဟ (၂) အေဒီ ၁၆၃၅-၁၆၈၇-ရဲ့ လက်ထက်မှာတော့ ပေါ်တူဂီတွေကို မျိုးပြုတ်တိုက်ဖို့ ဒတ်ချ်တွေနဲ့ ပေါင်းတယ်။ သီဟိုဠ်သမိုင်းဆရာတွေက ဒီဖြစ်ရပ်ကို "ဂျင်းကို ပူလို့ ငရုတ်သီး ပြောင်းဝါးမိတဲ့ လုပ်ရပ်"လို့ စကားပုံ ပြုကြပါတယ်။
ဒတ်ချ် (ကနေ့ခေတ် နယ်သာလန်) တွေဟာ အင်ဒိုနီးရှားကိုလည်း သိမ်းထားကြတဲ့အခါ အင်ဒိုက လုပ်သားတွေကိုလည်း သီဟိုဠ်ကို အုံလိုက်ကျင်းလိုက် ခေါ်ယူခဲ့ပါသေးတယ်။ အဲဒီကနေ မွတ်စလင်အသိုင်းအဝိုင်းက ထုလိုက် ရောက်လာတယ်။
ရာဇသီဟ (၂) ဟာ ဒတ်ချ်တွေဆီက အာမခံချက် တောင်းတယ်။ ဗုဒ္ဓဘာသာကို မဖျက်ဆီးဖို့။ ဒတ်ချ်တွေကလည်း သဘောတူတယ်။ ငါတို့က ကုန်သည်တွေပဲ။ ဘာသာရေး စိတ်မဝင်စားဘူး။
ပြီးတော့ ဒတ်ချ်က ပရိုတက်စတင့်ဖြစ်တာမို့ ရိုမန်ကတ်သလစ်ကို ခါးခါးတူးတူး မုန်းတယ်။ ပေါ်တူဂီတွေကို ဒတ်ချ်တွေက စိတ်ပါလက်ပါ တိုက်တယ်။
နောက်တစ်ခုက ပေါ်တူဂီဟာ အကျပိုင်းကို ရောက်သွားပြီ။ လွယ်လွယ်ပြောရင် သင်္ဘောတွေက ဟောင်းသွားပြီ။ ဒတ်ချ်တွေက သင်္ဘောအသစ်တွေနဲ့ အမြောက်အသစ်တွေနဲ့။
ဒါတင်မက - ဒတ်ချ်တွေဟာ အင်ဒိုနီးရှားကို သိမ်းပြီး ဟင်းခတ်အမွှေးအကြိုင်ဈေးကွက်ကို လက်ဝါးကြီး အုပ်ထားတယ်။ သို့သော် ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဖြစ်တဲ့ သစ်ကြပိုးခေါက်က သီဟိုဠ်မှာ ထွက်တာ။
သီဟိုဠ်ကို သိမ်းနိုင်ရင် ငွေဝင်ကြမ်းပြီ။
ဒီလိုနဲ့ပဲ ပေါ်တူဂီတွေကို တိုက်ပေးတယ်။ နှစ် ၂၀-လောက် တိုက်ရတယ်။ နိုင်တဲ့အခါ ထွက်မသွားတော့ဘူး။
"စစ်စရိတ် မကြေသေးဘူး၊ စီးပွါးရှာဦးမယ်"ဆိုပြီး ထိုင်နေလိုက်တာ (၁၆၄၀) ကနေ (၁၇၉၆) အထိ နှစ် ၁၅၀-လောက် ကြာသွားတယ်။
ဒတ်ချ်ကို ဖိတ်ခေါ်ခဲ့တဲ့ ဘုရင် ရာဇသီဟ (၂) ဟာလည်း သူ့တစ်သက်လုံး ဒတ်ချ်တွေနဲ့ ပြန်တိုက်သွားရပါတယ်။
===
၁၈-ရာစု ကုန်ခါနီးမှာ နပိုလီယန်တို့ရဲ့ ပြင်သစ်ဟာ ဥရောပမှာ ဇောင်းကြွတယ်။
၁၇၉၅-မှာ ပြင်သစ်က နယ်သာလန်ကို ဝင်သိမ်းတယ်။ ဟော်လန်ဘုရင် Prince William V of Orange ဟာ အင်္ဂလန်ကို ထွက်ပြေးတယ်။
နယ်သာလန်က ပြင်သစ်အောက် ရောက်သွားတဲ့အခါ အင်္ဂလန်ရောက် ဟော်လန်ဘုရင် ဝီလျံကို အင်္ဂလိပ်က ပြောတယ်။
"ခင်ဗျားရဲ့ ကိုလိုနီနယ်တွေ ပြင်သစ်အောက် မရောက်အောင် ခဏထိန်းပေးထားမယ်၊ သီဟိုဠ်နဲ့ အင်ဒိုက ခင်ဗျားတပ်သားတွေကို လှမ်းပြီး အမိန့်ပေးလိုက်"
ဟော်လန်ဘုရင်က သဘောတူပြီး "ကျူး"အမိန့်စာလွှာထုတ်ပြန် အမိန့်ပေးတယ်။
သီဟိုဠ်က ဒတ်ချ်တွေဟာ ခုခံခွင့် မရှိတော့ဘဲ အင်္ဂလိပ်ကို လက်လွှဲရတယ်။
အစတုန်းက စစ်ကြီးပြီးရင် ပြန်ပေးမယ်-လို့ ကတိရှိပေမယ့် ၁၈၀၂-ခုနှစ် အေမီယန်စာချုပ်အရ ပြန်မပေးတော့ဘဲ အင်္ဂလိပ်က သီဟိုဠ်ကို အပိုင်သိမ်းလိုက်ပါတယ်။
ကန္ဒီဘုရင် နောက်ဆုံး ၄-ဆက်ဟာ စင်ဟာလမင်းဆက် မဟုတ်ဘူး။ သိရီဝီရ ပရက္ကမ နာရိန္ဒြရ သီဟ-ဘုရင် (၁၇၀၇-၁၇၃၉) ဟာ မျိုးဆက် မကျန်လို့ ယောက်ဖကို ထီးနန်းလွှဲခဲ့ရတယ်။ မိဖုရားက အိန္ဒိယတောင်ပိုင်းသူ ဖြစ်လို့မို့ ယောက်ဖကလည်း တောင်ပိုင်းသားဖြစ်ပြီး စင်ဟာလ မဟုတ်ဘူး။ သို့သော် ဗုဒ္ဓဘာသာဝင်တော့ ဟုတ်တယ်။ ၁၇၃၉-မှာ နာရာယကမင်းဆက်ဘုရင် သိရီ ဝိဇယ ရာဇသီဟ (စင်ဟာလမဟုတ်) နန်းတက်တယ်။
နောက်ဆုံးဘုရင် သီရိ ဝိကရမ ရာဇသီဟ-ဟာ သံသယလွန်ကဲပြီး မှူးမတ်တွေတင်မက မိသားစုဝင်တွေကို သတ်တယ်။
မှူးမတ်တွေက မုန်းတီးပြီး အင်္ဂလိပ်နဲ့ ပေါင်းတယ်။ အင်္ဂလိပ်က ဖမ်းပြီး အိန္ဒိယကို ခေါ်သွားတယ်။ ဗဲလိုးရ်မြို့မှာပဲ အကျယ်ချုပ်ချထားပြီး ၁၈၃၂-မှာ ဆုံးသွားပါတယ်။
"ဗုဒ္ဓဘာသာကို စောင့်ရှောက်ပါမယ်"ဆိုတဲ့ ကတိနဲ့ အင်္ဂလိပ်က ၁၈၁၅-ခုကနေ အုပ်ချုပ်လိုက်တာ။ ၁၉၄၈-ဖေဖော်ဝါရီ ၄-ရက် အထိပါပဲ။
ဒါတောင်မှ အင်္ဂလိပ်လက်အောက်ကနေ တဝက်တပျက်ပဲ လွတ်လပ်ရေး ယူခဲ့တယ်။ အင်္ဂလိပ်ရဲ့ တပည့်တွေထဲမှာ "အလိမ်မာဆုံး ကလေး"အနေနဲ့ သိမ်သိမ်မွေ့မွေ့လေး နေပြခဲ့တယ်။ ၁၉၇၂-ကျမှ လုံးဝ လွတ်လပ်ရေး ယူခဲ့ပါတယ်။
===
အခုကတော့ အကြမ်းဖျဉ်းလောက်ပါ။
တမီးလ်တွေနဲ့ ဘယ်လိုမီးတောက်ခဲ့တာလဲ-ဆိုတာကိုတော့ သီးခြားပြောရပါလိမ့်မယ်။
မပျင်းမှပေါ့။
Comments
Post a Comment